Saturday, May 23, 2009

ဒေါ်စုကို ချက်ခြင်းလွှတ်ဖို့ အမေရိကန်အထက်လွှတ်တော် တောင်းဆို

မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေကြောင့်မိုလို့ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ မူဝါကို ပြန်လည်သုံးသပ်နေတဲ့ အချိန်မှာ အမေရိကန်အထက်လွှတ်တော်ကနေ မြန်မာစစ်စစ်အစိုးရရဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် စွဲချက်တင်မှုနဲ့ ပတ်သက်ပြီးတော့ ရှုတ်ချလိုက်တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ကိုလည်း တောင်းဆိုလိုက်ပါတယ်။ ကြာသပတေးနေ့က အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီကနေ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူဖို့ တောင်းဆိုလိုက်တဲ့ တချိန်တည်းမှာပဲ အထက်လွှတ်တော်ကလည်း မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်တရပ်ကို အခုလို ချမှတ်ခဲ့တာပါ။

ကန်တက်ကီ ပြည်နယ်က အထင်ကရ ရီပါပလစ်ကန်ခေါင်းဆောင် အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကောနဲလ် က မြန်မာစစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို လွန်ခဲ့တဲ့ ၁၉ နှစ်တာ ကာလအတွင်း ၁၃ နှစ်လုံးလုံး အကျဉ်းချ ထားတာနဲ့တင် သိပ်ကို ဆိုးရွားနေပြီဖြစ်တဲ့အပြင် အခုလို ဒေါ်အောင်ဆန်းစုကြည်ကို အခြေအမြစ်မရှိဆုံး အကြောင်းပြချက်တွေနဲ့ ဆက်လက် ဖမ်းဆီးထားနိုင်ဖို့ တရားစွဲဆိုခဲ့တာကို ကြည့်မယ်ဆိုရင်လည်း စစ်အစိုးရဟာ အာဏာကို လက်မလွှတ်ရအောင်လို့ နည်းမျိုးစုံနဲ့ လုပ်ဆောင်မယ့်သဘော တွေ့ရတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ထိန်းသိမ်းထားချင်တဲ့ဆန္ဒ စစ်အစိုးရမှာ ရှိမယ်လို့လည်း သံသယ ရှိတဲ့အကြောင်း အထက်လွှတ်တော် ဒီမိုကရက်တစ်ပါတီနဲ့ ရီပါပလစ်ကန် ပါတီနှစ်ရပ်စလုံးက ရှုမြင်တယ်လို့ အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကောနဲလ် ရဲ့ ကြေညာချက်ထဲမှာ ပြောဆိုထားပါတယ်။

ဒါ့အပြင် ဒီဆုံးဖြတ်ချက်အတွက် အဆိုပြုလွှာကို တင်သွင်းခဲ့တဲ့ နယူးဟမ်းရှား ပြည်နယ် အထက်လွှတ်တော်အမတ် ဂျက် ဂရက် ကလည်း မြန်မာစစ်အစိုးရရဲ့ အခု လုပ်ဆောင်ချက်ဟာ အမေရိကန်နိုင်ငံနဲ့ ဆက်ဆံရေး ကောင်းမွန်လာစေဖို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှာ စိတ်ဆန္ဒ လုံးဝမရှိတဲ့အကြောင်းကို ပြသရာ ရောက်တဲ့အပြင် အာဏာကို လုံးဝ လက်လွှတ်မှာ မဟုတ်တဲ့အကြောင်းကို ပြသနေတယ်လို့လည်း ပြောဆိုခဲ့ကြပါတယ်။
http://www.voanews.com/burmese

0 Comments:

blogger templates | Make Money Online