Friday, May 22, 2009

ယမန်နေ့ တရားခွင်အကြောင်း မြန်မာ့အလင်း ဖော်ပြချက်

သောကြာနေ့၊ မေလ 22 2009 14:50 - မြန်မာစံတော်ချိန်

ယမန်နေ့က ပြုလုပ်သော အင်းစိန်ထောင်တွင်း အထူးတရားရုံးရှိ တံခါးပိတ် တရားခွင်တွင် တရားလိုပြသက်သေ ရဲမှူး အောင်ထွဍ်ကျော်က ဆက်လက် ထွက်ဆိုခဲ့သည်များကို ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာက အကျဉ်းချုံး ရေးသားထားသည်။

အောက်ဖော်ပြပါ အချက်အလက်များသည် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာပါ အချက်အလက်များသာဖြစ်သည်။

“ယင်း ရုပ်/သံ ဗီဒီယိုဖိုင်နှင့် ဓာတ်ပုံများမှာ ရေကူးရာတွင် အသုံးပြုသည့် Mr. John William Yettaw ပုံချဲ့ထားသော ဖားဖိနပ်ပုံ၊ ရေကူးရာတွင် ဖားဖိနပ် အဖြစ် အဆင့်ဆင့် ပြုလုပ်ပုံ၊ ၎င်း၏ ခြေထောက်တွင် စမ်းသပ် ဝတ်ဆင်ပုံ၊ Mr. John William Yettaw ရုပ်ဖျက်ထားသောပုံ၊ ဒေါ်အောင်ဆန်းစုကြည် အိမ်အတွင်းရှိ အောက်ထပ်ဧည့်ခန်းပုံနှင့် ဧည့်ခန်းအတွင်းရှိ ဓာတ်ပုံများကို ရိုက်ကူးထားသည့် ပုံများဖြစ်သည်ကို တွေ့ရကြောင်း၊”

“Mr. John William Yettaw က ညအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်အတွင်းသို့ ရောက်ရှိစဉ်က ရိုက်ကူးထားသောပုံ၊ ဒေါ်အောင်ဆန်းစုကြည်၏ အိမ်အတွင်းသို့ ရောက်ရှိနေကြောင်း၊ မိမိကိုယ်မိမိ မှတ်တမ်းတင်ထားသော ပုံများကိုလည်း တွေ့ရှိရကြောင်း၊ ယင်းပုံများကို ရုံးရှေ့တွင် ကွန်ပျူတာဖြင့် တင်ပြပါကြောင်း၊”

“ဗီဒီယိုမှတ်တမ်းပါ အသံများမှာ “ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ကိုရောက်ရှိနေပါတယ်။ သူမ၏ ဓာတ်ပုံကို ရိုက်လိုကြောင်း ခွင့်တောင်းပါတယ်။ You Tube Website မှာတင်ချင်လို့ပါ။ ဒါပေမယ့် သူမက ငြင်းဆန်ပါတယ်။ သူမ စိုးရိမ် ထိတ်လန့်နေလို့ ငြင်းဆန်တယ်လို့ ထင်ပါတယ်၊ လွန်ခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက် ၂၀၀၈ ခုနှစ်က ကျနော် သူမကို အခက်အခဲတွေ ဖြစ်အောင် မျိုးစုံ လုပ်ခဲ့ပြီးပါပြီ။ ကျနော့် မိသားစုကို ထားခဲ့ပါတယ်။ ကျနော်နဲ့အတူ ဘုရားသခင်ရှိနေပြီး ကျနော့်ကို ကာကွယ် စောင့်ရှောက်လိမ့်မည်ဟု ယုံကြည်ပါတယ်။ ကျနော် ဒေါ်အောင်ဆန်းစုကြည်ကို လေးစားပါတယ်။ သူမ ဓာတ်ပုံကို ကျနော့်အား ပေးမရိုက်သည့် အတွက် ကျနော် အပြစ်မတင်ပါဘူး။ ရှေ့လျှောက်မှာ သူမ အနေဖြင့် အခက်အခဲတွေ အများကြီး ကြုံရအုံးမှာပါ၊ အဲဒီ အချိန်မှာ ကျနော် သူမကို ကူညီနိုင်ပါစေလို့ ဆုတောင်းပါတယ်။ ကျနော် မနေ့ကလည်း ဒီအိမ်မှာဘဲ ညအိပ်ခဲ့တယ်။ ဒီနေ့ဟာ မေလ ၆ ရက်နေ့ ဖြစ်တယ်။ မနေ့ည တညလုံးက ကျနော် ထိုင်းနိုင်ငံဘက်ကို အမြန်ဆုံး ပြန်သွားနိုင်ဖို့ မျှော်လင့် နေမိပါတယ်။ ကျနော် ဒီမှာနေခဲ့ရတာကို အများကြီး ဂုဏ်ယူ ဝမ်းသာမိပါတယ်” ဟူ၍ အင်္ဂလိပ်ဘာသာဖြင့် ပြောကြားသည့် အသံကို ဘာသာ ပြန်သူ၏ ဘာသာပြန်ဆိုပေးချက်အရ သိရှိရကြောင်း စသည်ဖြင့် ကွန်ပျူတာ ပရိုဂျက်တာဖြင့် တင်ပြထွက်ဆိုသွားကြောင်း သိရှိရသည်။

(၂) တရားလိုပြသက်သေ ဒုတိယရဲမှူး တင်ဇော်ထွန်း ထွက်ဆိုချက်

တရားလိုပြသက်သေ ဒုတိယရဲမှူး တင်ဇော်ထွန်းက ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသမီး ဝတ်စုံ ၂ စုံကို ဝတ်ဆင်ခိုင်းပြီး ဓာတ်ပုံ ရိုက်ယူခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးညဏ်ဝင်းက စစ်မေးသည်ကို ယမန်နေ့က ဖြေကြားသည်ဟု ယနေ့ထုတ် မြန်မာ့အလင်းတွင် ပါရှိသည်။

သူက မေလ ၇ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်တွင် ဒေါ်အောင်ဆန်းစုကြည် အိမ်သို့ ရောက်ရှိကာ Mr. John William Yettaw နှင့် သက်ဆိုင်သည့် ပစ္စည်းများကို ရှာဖွေ သိမ်းဆည်းရန်နှင့် စုံစမ်း စစ်ဆေးရန် သွားရောက်စဉ် သက်သေခံပစ္စည်း ဖြစ်သော အမျိုးသမီးဝတ်စုံကို ဒေါ်အောင်ဆန်းစုကြည်ကို ဝတ်ဆင်ခိုင်းပြီး ဓာတ်ပုံမှတ်တမ်း ရိုက်ခဲ့ကြောင်း ထွက်ဆိုသည်။

Mr. John William Yettaw ၏ ရှေ့နေ ဦးခင်မောင်ဦးက ဒုတိယ ရဲမှူးတင်ဇော်ထွန်းကို သက်သေခံ ပစ္စည်းမှာ မွတ်ဆလင် အမျိုးသမီး ဝတ်သည့် ဝတ်စုံနှစ်စုံဟု ဘာကြောင့် ပြောနိုင်ပါသလဲဟု မေးမြန်းရာတွင် မွတ်ဆလင် အမျိုးသမီးများ အများဆုံးဝတ်သည့် ဝတ်စုံဖြစ်၍ ပြောခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ယင်းဝတ်စုံ နှစ်စုံမှာ လက်ဆောင်ပေးခြင်းသာ ဖြစ်ကြောင်း ထွက်ဆိုသည်။

ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမတို့၏ ရှေ့နေ ဦးလှမျိုးမြင့်က တရားလိုပြသက်သေ တင်ဇော်ထွန်းကို အခင်းဖြစ်ပွားသော နယ်မြေ လုံခြုံရေး တာဝန်ယူမှုနှင့် ပတ်သက်၍ အပြန်အလှန် မေးခွန်းထုတ်ခဲ့ကြောင်းကို ရေးသားထားသည်။ သီးခြား လုံခြုံရေးတပ်ဖွဲ့များက တာဝန်ယူရပါသည်ဟု သတင်းစာက ရေးသားထားသော်လည်း ရှင်းလင်းမှု မရှိပါ။


0 Comments:

blogger templates | Make Money Online