Tuesday, May 26, 2009

စစ်အာဏာရှင် စနစ်အောက်မှ အဖိနှိပ်ခံ စစ်သားများ - အပိုင်း (၂)


ဆောင်းပါးရှင် - အိမ်လွမ်းသူ (ပြည်တွင်းမှ တပ်မတော် အရာရှိ တစ်ဦး)

col-doing-on-tnmဒီမိုကရေစီနိုင်ငံဆိုရင် သူတို့ ဒီလို လုပ်ချင်သလို လုပ်လို့ မရဘူး။ ဒါကြောင့် စစ်အုပ်စုဟာ ဒီမိုကရေစီ လိုလားသူကို ရန်သူလို့ သတ်မှတ်တယ်။ ဒါရှင်းရှင်းလေးပါ။ မျိုးဆက်သစ် အရာရှိငယ်တွေ ဒါကို ၀န်ခံရဲကြပါ။ နောက်တစ်ခု တင်ပြပါဦးမယ်။ ဗိုလ်လောင်းဆိုတာ စနေ၊ တနင်္ဂနွေပဲ အပြင်ထွက် လည်ရတာပါ။ ဒါတောင် ပြစ်ဒဏ်ကျတဲ့ အပတ်ဆို အပြင်ထွက်ခွင့်မရပါဘူး။ တပ်ပြင်ထွက်ခွင့် ဆိုတာက လွယ်လွယ်ကူကူ ရတာတော့ မဟုတ်ပါဘူး။

ဒီလိုခက်ခဲတဲ့အလုပ်ကို တိုးနိုင်မန်း မမျှော်မှန်းပါဘူး။ ဘာလို့လဲဆိုတော့ သူက ညအချိန်ပဲ အပြင်ထွက်လည်တာပါ။ စစ်တက္ကသိုလ်မှာ ညဘက် အပြင်ထွက်ရင် ကြီးလေးတဲ့ အပြစ်ပေးလေ့ ရှိပါတယ်။ တစ်ချို့ဆိုရင် ကျောင်းထုတ်ခံရပြီး တပ်ရင်းတပ်ဖွဲ့တွေကို ရဲဘော်အဖြစ် ပို့လေ့ ရှိပါတယ်။ အဲဒါက တိုးနိုင်မန်း အတွက်တော့ မဟုတ်ပါဘူး။

ညဘက် အနှီတိုးနိုင်မန်း အပြင်ထွက်ဖို့ နည်းပြမှူးချုပ်ဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီးယုလွင် ကိုယ်တိုင် သူ့ရဲ့ Isuzu Double Cap ကို ပေးရပါတယ်။ ပြီးတော့ သူ့ရဲ့ သမီးလေးကိုလည်း တိုးနိုင်မန်းနဲ့ နီးစပ်အောင် ပွဲထုတ်လေ့ ရှိပါတယ်။ ရည်ရွယ်ချက်ကတော့ သမက် ဖမ်းချင်တာပါပဲ။ အဆုံးမှာတော့ သမက် မရလိုက်တဲ့အပြင် သမီး ဗိုက်မထွက်လာအောင် မနည်း လုပ်လိုက်ရပါတယ်။ အော်….ဒါလည်း တဒုက္ခ။

ဗိုလ်လောင်းတိုးနိုင်မန်းက ညဘက်ဆိုရင် တပ်ပြင်ကို စီးတော်ယာဉ် ၂ စီးနဲ့ အမြဲထွက်လည် လေ့ရှိပါတယ်။ ဒုတိယ ဗိုလ်မှူးကြီးယုလွင်က သမက် မရလိုက်ပေမဲ့ စကခမှူး အဖြစ် ချီးမြှောက်တာတော့ ခံလိုက်ရရှာပါတယ်။ ဒါဘဲလေ…တပ်ထဲမှာ မှန်ကန် တယ်ဆိုတဲ့ စကားခေတ်စားနေတာ ဆိုလိုရင်းက မှန်ရင် ကန်ခံရမယ်၊ ဇိမ်ချင်ရင် ငြိမ်နေပေတော့။ တတ်ရင်တော့ ငတ်ပြီပေါ့။ ထက်ရင်လည်း မျက်တော့တာဘဲ။

နောက်တခါ ရှိသေးတယ် တိုးနိုင်မန်းရဲ့ ဖော်လန်ဖား သူငယ်ချင်းဗိုလ်လောင်းတွေကို ကျောင်းက အရာရှိတွေခမျာ အပြစ်ရှိလို့ အပြစ်ပေးတဲ့အခါမှာတောင် တိုးနိုင်မန်း ရှေ့မှာအပြစ်ပေးလို့မရပါဘူး။

လက်တွေ့ အဖြစ်အပျက်ကလေးတခု ပြောပြမယ်။ ၄၁/၄၂ ကျောင်းဆင်းခါနီး တိုးနိုင်မန်းရဲ့ သူငယ်ချင်းနှစ်ယောက် ညဘက်မှာ အပြင်ခိုးထွက်ပါတယ်။ ည ၁၀ နာရီခွဲလောက်မှာ တပ်ရင်းတစ်ခုလုံး Supply Check လုပ်ပြီး လူစစ်ပါတယ်။ အပြင်ခိုးထွက်တဲ့ တိုးနိုင်မန်းရဲ့သူငယ်ချင်း ဗိုလ်လောင်း နှစ်ယောက်ကို တပ်ခွဲမှူး ဗိုလ်မှူးတစ်ယောက်က တုတ်နဲ့ရိုက်ပြီး ဆုံးမပါတယ်။

အဲဒီအခါ တိုးနိုင်မန်းက “ဗိုလ်မှူး အဲဒီလို မရိုက်ပါနဲ့။ အဲဒါ ကျွန်တော့် သူငယ်ချင်းတွေ” ဆိုပြီး ခပ်မာမာ ပြောပါတယ်။ အဲဒီဗိုလ်မှူးလဲ ဗိုလ်လောင်းအများကြီး ရှေ့မှာဆိုတော့ တော်တော်ရှက်သွားပါတယ်။ ဒါကြောင့် ရှက်ရမ်းရမ်းပြီး ဟိုဗိုလ်လောင်းနှစ်ယောက်ကို “ရိုက်တယ်ကွာ၊ ရိုက်တယ်ကွာ” ဆိုပြီး အသားကုန် တီးပါတော့တယ်။ တိုးနိုင်မန်းကိုလည်း “မင်းက ဗိုလ်လောင်း၊ ငါက အရာရှိကွ။ မင်း ငါ့ကို အမိန့်ပေးလို့ မရဘူး” စသည်ဖြင့် ဒေါကြီးမောကြီး ပြောပါတယ်။

ကျန်တဲ့ဗိုလ်လောင်းတွေကတော့ အမှောင်ထဲမှာ ပြုံးမိကြပါတယ်။ ဘာလို့လဲဆိုတော့ တိုးနိုင်မန်းနေရာမှာ ဒီ့ပြင်ဗိုလ်လောင်းဆိုရင် နောက်တစ်နေ့ မျက်နှာသစ် လို့မရအောင် စုတ်ပြတ်သတ်သွားမှာပါ။ အခုကျတော့ အရာရှိနဲ့ ဗိုလ်လောင်း အရပ်ထဲမှာ ရန်ဖြစ်နေသလိုပါပဲ။

ဒါပေမဲ့ အဲဒီဗိုလ်မှူးလဲ သိပ်မကြာလိုက်ပါဘူး။ တိုးနိုင်မန်းကျောင်းဆင်းပြီး ၃ လလောက်အကြာမှာ မြောင်းထဲကို ပလုံစီပြီး မြုပ်သွားပါတော့တယ်။

ကျောင်းဆင်းပြီး ခြေလျင် တပ်ရင်းတစ်ခုကို ရောက်သွားတော့ အဖြစ်အပျက်ကလေးတစ်ခုကလည်း ယနေ့တိုင် မမေ့နိုင် အလျဉ်းသင့်လို့ ပြောပြချင် ပါသေးတယ်။ တပ်ရင်းမှူးရဲ့  သားနဲ့ နောက်တန်းမှူး ဗိုလ်မှူးရဲ့  သားက ကျောင်းမှာ အတန်းတူ ဖြစ်နေပါတယ်။ အတန်းပိုင် ဆရာမကို တပ်ရင်းမှူး အိမ်မှာ ခေါ်ပြီး စာသင်စေကာ လပတ်စာမေးပွဲမှာ မေးခွန်း ရခဲ့ပေမဲ့ သားတော်မောင်က အဆင့်နံပါတ် (၂) ရပါတယ်။ အဆင့် နံပါတ် (၁) ကတော့ တကယ် စာတော်ပြီး တကယ် ကြိုးစားတဲ့ ဘာမေးခွန်းမှ မရသော နောက်တန်းမှူး ဗိုလ်မှူးရဲ့  သား ဖြစ်ပါတယ်။ တပ်ရင်းမှူးရဲ့  သားက ဘာလုပ်တယ် ထင်ပါသလဲ။ နောက်တန်းမှူး ဗိုလ်မှူးသားရဲ့  စာအုပ်တွေကို သွားငှားပြီး မီးပုံရှို့ လိုက်ပါတော့တယ်။ အဲဒီတော့ တပ်ရင်းမှူး ဇနီးမောင်နှံက သဘောတော်ကျပြီး ပြုံးရှာတာ အံ့သြတကြီး မှတ်သားမိခဲ့ရပါတယ်။

တပ်ကြပ်ကြီး တစ်ယောက်ရဲ့ သား ဆိုရင် စာတော်လိုက်တာမှ အနာဂါတ်ရဲ့  အဖူးအညွှန့်ကလေးပေါ့။ သူ့ခမျာ ငှက်ဖျားနဲ့ တပ်ရင်းအိမ်မှာ အလူးအလိမ့် ဖြစ်နေတုန်း တပ်ရင်းထဲက ကျောင်းကြိုပို့ကားက ဓာတ်ဆီ မရှိလို့တဲ့ ဒီကလေးကို ဆေးရုံပို့ဖို့ မတတ်နိုင် ဖြစ်ခဲ့ကြတယ်။ မိဘတွေမှာ တပ်ရင်းမှူးနဲ့ ဗိုလ်မှူး၊ ဗိုလ်ကြီးများကို မပြောရဲရှာဘူး။ အဲဒီ ကလေး ဘာဖြစ်သွားတယ် ထင်သလဲ၊ သေသွားတာပေါ့။ စစ်အာဏာရှင် စနစ်အောက်က အဖိနှိပ်ခံ စစ်သားများ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရေးကြည့်ရင် တပုံတပင်ကြီးပါ။

tnm-speech-on-maj

ဒါ့ကြောင့် သံဃာတော်တွေက လူအချင်းချင်း နှိပ်စက်ခြင်းကင်းရှင်းကြပါစေလို့ မေတ္တာပို့တော့ သူတို့ နာရှာတာ။ အခုလည်း ဒေါ်အောင်ဆန်းစုကြည်ကိစ္စမှာ အပြစ်ရှိရင် လုံခြုံရေးယူထားတဲ့သူတွေမှာသာ လုံးဝ တာဝန်ရှိတာ ရှင်းရှင်းလေးပါ။ သူတို့ကိုတော့ အရေးမယူတာ ဘာကြောင့်လဲ၊ စကားပုံ ဆိုတာကလည်း ဖြစ်တတ်လို့ ပညတ်ထားတာမို့ ဘုရားကားအောက် မျောက်ကားအထက်၊ ဖခင်ဗိုလ်ချုပ် (ဗိုလ်ချုပ် အောင်ဆန်း) မြင်လှည့်ချင်စမ်းပါဘိတော့။

တရားမျှတမှု၊ တန်းတူညီမျှမှု၊ လွတ်လပ်မှုတို့ဖြင့် ဒီမိုကရေစီ နိုင်ငံတော်ကြီး ပေါ်ထွက်မှသာ တိုင်းပြည်အတွက် အမှန်တကယ် အကျိုးရှိသည်ဟု အလေးအနက် ယုံကြည်သည်။

အိမ်လွမ်းသူ (တပ်မတော် အရာရှိ တစ်ဦး)

0 Comments:

blogger templates | Make Money Online