Friday, May 22, 2009

မြွေပွေးဟာ အရေခွံ လဲသော်လည်း ရေမြွေ ဖြစ်မလာနိုင်ပါ

မြတ်နိုး (B.S.R.O)

ဒီနေ့ မြန်မာ့အသံရေဒီယိုကနေ“တမျိုးသားလုံး၏ စိတ်ဓာတ်နှင့် အကျင့် စာရိတ္တ မြင့်မားရေး”ဆိုတဲ့ ဦးတည်ချက်ကို တနေ့အကြိမ်(၂၀) ကျော်လောက် အော်ပြ ကြေငြာပြနေတာ နေ့စဉ်ပဲကြားနေရတယ်၊ အဲဒီ စာသား အတိုင်း လိုက်နာ လုပ်ဆောင်နေကြတာကော ဟုတ်ရဲ့လား ဆိုတာ ကိုတော့ ကြေငြာတဲ့သူတွေကော စေခိုင်းတဲ့သူတွေကော လိုက်လုပ်နေတဲ့ သူတွေပါ စဉ်းစားမိကြရဲ့လား မသိဘူး၊ တကယ်စဉ်းစားမိလို့ ရှက်တတ် ကြမယ်ဆိုရင်တော့ ခိုင်းကြ ကြေငြာကြ လုပ်ကြလိမ့်မယ်လို့ မထင်မိဘူး။ ဦးတည်ချက် များစွာထဲက ၄င်း ဦးတည်ချက်လေး တခုလောက်ကိုပဲ ယနေ့ န.အ.ဖ နဲ့ သူတို့ နောက်လိုက်တွေရဲ့ လုပ်ရပ်များ မှန်ကန်မှု ရှိ မရှိ ဦးတည် ချက်ဆိုရိုးနဲ့ညီမညီတမျိုးသားလုံး၏စိတ်ဓာတ်နှင့်အကျင့်စာရိတ္တတွေဟာ မြင့်မားလာသလား?ဆုတ်ယုတ်သွားသလား?ဆိုတာ ဆန်းစစ် ကြည့်မိမယ်ဆိုရင် စာရေးသူအနေနဲ့ဦးစွာပြောထားရရင်တော့ စိတ်ဓာတ်နဲ့အကျင့်စာရိတ္တတွေ-ဟာ လုံးဝ မြင့်မားမလားပဲ ယုတ်လျော့ ကုန်တယ်လို့ ရဲရဲကြီးပြောချင်တယ်။


ဘာကြောင့်လဲဆိုတော့ အားလုံးသိပြီးသားကို ပြန်လည်ပြီးပြောရ ရင် - - ပြည်သူတရပ်လုံးကိုဆင်းရဲ မွဲတေအောင်လုပ်ပြီး တချို့ကို ကြံ့ခိုင်းရေး စွမ်းအားရှင်ပြည်သူ့ရဲဘော်တော်လှန်ရေးရဲဘော်အကြမ်းဖက် နှိမ်နှင်းရေးအဖွဲ့ အရန်ရဲတပ်ဖွဲ့စတဲ့နာမည်မျိုးစုံတပ်ခါအကျိုးပြုလုပ်ငန်းတွေလုပ်ကြတော့မလိုလိုနဲ့မဖြစ်စလောက်မဝရေစာအစာနဲ့ငွေအနည်းငယ်ပေးပြီးသူတို့ရဲ့ယဉ်ကျေးနေတဲ့စိတ်ဓာတ်တွေကိုစိတ်ရိုင်းစိတ်မိုက်တွေဝင်လာအောင် ရိုက်သွင်းတယ်။ ပြီးတော့ အိမ်ကြက်ချင်း အိုးမည်းသုတ်ပြီး ခွတ်ခိုင်းသလိုပဲ မဝ ရေစာ ဆိုတဲ့ အိုးမည်းလေး သုတ်လိုက်တာနဲ့ “-ပင်ကိုယ်က လူဆင်းရဲ စိတ်ဓာတ်တွေ ဆင်းရဲပြီး အသိဥာဏ်တွေ မပြည့်ဝတဲ့ ပြည်သူထဲက တချို့လူတွေ”ဟာ အဟုတ်ကြီးမှတ်ထင်ပြီး ကိုယ့်လူမျိုးအချင်းချင်းကိုယ့်တိုင်းရင်းသားညီအကို ချင်းဆိုတာတွေနောက်ဆုံးကိုယ်ယုံကြည်ကိုးကွယ်နေတဲ့ ဘာသာတရားပါ လားဆိုတာတောင်မသိရလောက်အောင်စိတ်ရိုင်းစိတ်မိုက်တွေ ဝင်ကုန်ကြပြီး သံဃာတော်များပရိတ်ရွတ်ရင်လဲလူစုနဲ့ဝိုင်းရိုက်ကြ၊လမ်းသွားတဲ့သူတွေကိုလဲ ဝိုင်းရိုက်ကြ၊ စကားဝိုင်းတွေ့လဲဝိုင်းရိုက်ကြ၊ အားလုံးအတွက်ဆင်းရဲကလွတ် -မြောက်အောင်လုပ်သူတွေကိုလဲဝိုင်းရိုက်ကြ၊ လူသားချင်းအသိဥာဏ်ပေးကြ ရင်လဲဝိုင်းရိုက်ကြ၊လူသားအချင်းချင်းကူညီရိုင်းပင်းရင်လဲဝိုင်းရိုက်ကြ၊တဦးနဲ့တဦး သဘောထားကွဲလွဲရင်လဲ အုပ်စုနဲ ဝိုင်းရိုက်ကြ၊ ဒီလို လုပ်နေကြတာဟာ ရိုက်ကြတဲ့သူတွေရဲ့စိတ်ဓာတ်နဲ့အကျင့်တွေကမြင့်မားနေလို့လား? ဆုတ်ယုတ် နိမ့်ကျနေလို့လား? စဉ်းစားကြည့်ကြ ပါဦး ပြည်သူတွေ။
နောက် ကိုယ့်ရဲ့ဘာသာရေးခေါင်းဆောင်တွေနဲ့ ဘာသာရေးအ ဆောက်အဦတွေ စေတီရုပ်ပွားတော်တွေကို အကြမ်းဖက်ဝင်ရောက်ပြီး ဖျက်ဆီးတာ ခေါင်းဖြတ်တာ ရိုက်နှက်တာတွေ ဗုဒ္ဓကိုယ်တော်တိုင်က တရားစစ် တရားမှန်တွေကို သတ္တဝါအားလုံး သိရှိရလေအောင် နယ်ပယ်အသီး သီးမှာ ဟောပြော ပြသဘို့ရန် သွန်သင်ဆုံးမထားခဲ့တာကို အာဏာရှင်တွေက ဟိုမြို့မှာမဟောရ၊ ဒီမြို့မှာ မဟောရ၊ ဟိုတရား မဟောရ၊ ဒီတရား မဟောရ နဲ့ လိုက်ပြီး ပိတ်ပင် တားဆီးနေတဲ့ ဓမ္မန္တရာယ်လုပ်ရပ်တွေ-သံဃာတော်များ ဆွမ်းခံကြွတာ ဆွမ်းပင့်ကပ်ကြတာကိုလဲပိတ်ပင် တားဆီး ချုပ်ချယ်ပြီး ကြီးလေးတဲ့ သံဃန္တရာယ် အပြစ်တွေ ကျူးလွန်နေတာတွေဟာစိတ်ဓာတ်နဲ့ အကျင့်စာရိတ္တမြင့်မားသူတွေရဲ့ လုပ်ရပ်တဲ့လား? တခါ န.အ.ဖ စစ်အာဏာ
ရှင်အုပ်စုနဲ့ နောက်လိုက် အပေါင်းအပါတွေရဲ့ ရခိုင်ရိုးမ တလျှောက်နဲ့ ပင်လယ် ကမ်းရိုးတန်းတွေရှိ လက်မောင်းလောက်အရွယ်ရှိတဲ့ သစ်ပင်တွေ ကအစ တောတောင်တွေကို ပြုန်းတီးအောင် ခုတ်ရောင်စားပစ်ခဲ့ကြလို့ ဖြစ်ပေါ်လာတဲ့ နာဂစ် ဘေးဒဏ်ခံရပြီး ဒုက္ခဖြစ်နေသူတွေအတွက် လှူဒါန်းခဲ့တာတွေကို ဒုက္ခသည်တွေရဲ့ပါးစပ်ဝ ကနေ လုစား ခိုးစားရဲတဲ့ လုပ်ရပ်တွေဟာ စိတ်ဓာတ်တွေ အကျင့်စာရိတ္တမြင့်မားသူတွေရဲ့လုပ်ရပ်တွေ တဲ့လား? ဒီလို လုပ်ရပ်မျိုးကို လူစိတ်ရှိသူတွေအနေနဲ့ ဘယ်လိုမှ စဉ်းစား လို့ရမယ့် လုပ်ရပ်လို့မထင်မိဘူး။ ရှေး လူကြီးသူမ တွေက ပြောဆို ဆုံးမလို့ မရတဲ့သူကို လူ့တိရစ္ဆာန်တွေလို့ ပြောတာတွေကို အရင်က ပုံဖေါ် ကြည့်လို့ မထင်ရှားခဲ့ဘူး၊ အခု နာဂစ်ဘေးဒဏ် ဖြစ်ပေါ်လာတော့မှပဲလူ့တိရစ္ဆာန်တွေ ဆိုတာ ဒီလို လူမျိုးတွေပါလား ဆိုတာ ထင်ထင်ရှားရှား သိလာရတော့တယ်။
အထက်က ဆိုခဲ့တဲ့ လုပ်ရပ်တွေ အားလုံးကို သုံးသပ်ကြည့် မယ်ဆိုရင် စိတ်ဓာတ် နဲ့ အကျင့်စာရိတ္တ မြင့်မားသူတွေရဲ့လုပ်ရပ်လား?- အောက်တန်းကျပြီး ယုတ်ညံ့ ကောက်ကျစ်သူတွေရဲ့ လုပ်ရပ်လား ဆို တာ ပြည်သူတွေ စဉ်းစားဆုံးဖြတ်ကြည့်ကြပါ။ ဒါကြောင့် စာရေးသူ အနေနဲ့ ပြည်သူတွေရဲ့ စိတ်ဓာတ်နဲ့ အကျင့်စာရိတ္တတွေဟာ နိမ့်ကျ ဆုတ်ယုတ် သွားတယ်လို့ ဆိုခဲ့တာပါ ။
အဲ -- ဒါပေမဲ့ အာဏာရှင်အုပ်စုတွေ နောက်လိုက်တွေ ကတော့ ဆိုခဲ့တဲ့ လုပ်ရပ်တွေ အားလုံးကို မြင့်မြတ်တဲ့သူတွေရဲ့ လုပ်ရပ်၊ သဘောထားကြီးသူတွေရဲ့လုပ်ရပ်၊ မှန်ကန်တဲ့ လုပ်ရပ်ဆိုပြီး နေ့စဉ် သတင်း ဌာနတွေ သတင်းစာတွေကနေ မြင့်မားရေး မြင့်မားရေး နဲ့ တသွင် သွင် အော်နေလေရဲ့၊ သတင်းစာရှင်းလင်းပွဲတွေမှာလဲ လင်းနေကြလေရဲ့၊။
အဲဒီလို မြင့်မြတ် မှန်ကန်တဲ့ လုပ်ရပ်တွေလို့ ယူဆထားကြလို့ ထင်ပါရဲ့ ၄င်းဥပဒေမဲ့ ရမ်းကားတဲ့အလုပ် လုပ်နေကြသူတွေကို တခါမှ ဖမ်းဆီးတယ် အရေးယူတယ်လို့ မကြားမိဘူး။ ဒါနဲ့များ ဗုဒ္ဓဘာသာလို့ အမည်ခံရဲတာ အံ့ပါရဲ့။
အဲဒီတော့ကာ ပြည်သူတွေကို သိစေချင်တာက ဒီလိုစိတ်ဓာတ် မျိုးတွေ အကျင့်ဆိုးတွေကို စွဲမြဲစွာ လက်ကိုင်ထားပြီး လုပ်ဆောင်နေကြတဲ့ န.အ.ဖ နဲ့ သူတို့ရဲ့နောက်လိုက် အလိုတူအလိုပါတွေကို- တနည်းပြောရရင် ခလေးတွေး တွေးရင်တောင် သိနိုင်တဲ့ လွန်ခဲ့တဲ့ အနှစ်(၂၀)နီးပါးအုပ်ချုပ်ခဲ့ တာတောင် ပြည်သူတွေအတွက် စား ဝတ် နေရေး ကျန်းမာရေးတွေ အသာ ထားဦး ရေနဲ့ မီးလေးတောင်မှ နေ့စဉ်မှန်မှန် သုံးစွဲဘို့ရအောင်လုပ်မပေးနိုင်တဲ့ န.အ.ဖစစ်အာဏာရှင်တွေနဲ့ ယူနီဖောင်းပြောင်းဝတ်လာမယ့်သူတွေ သူတို့ ထောက်ခံအားပေးထားပြီး ဟိုဘက်ပြောင်းဒီဘက်ပြောင်းနဲ့ သာပေါင်း ညာစား စိတ်ယုတ်မာများ အမြစ်တွယ်နေတဲ့သူတွေ -စီးပွားရေး-ပညာရေး ကျန်းမာရေး စတဲ့ တိုင်းပြည်တိုးတက်ရေး အတွေးအမြင် ဘာတခုမှမရှိ၊ ဘို့ တခုတည်းသာယူဘို့ရှိတဲ့သူတွေကို ထောက်ခံပြီး ရွေးကောက်တင်မြှောက်ကြဦးမှာလား? စဉ်းစား ကြပါ၊ တွေးတောကြပါ၊ ရေရှည်ကို မြင်နိုင်ကြပါ ၊ ရွေးချယ်ပိုင်ခွင့်တွေ ကိုယ်စီရှိကြပါတယ်။
အေး -ဒီလောက် စိတ်ရော ကိုယ်ရော ဆိုးသွမ်း ယုတ်မာတဲ့ သူတွေ သံဃဘေဒကကံ-ပဉ္ဓာနန္တရိယကံကြီးများ ထိုက်နေသူတွေ -ဘာသာ သာသနာနဲ့ သံဃာတွေကို နည်းမျိုးစုံနဲ့ ပြစ်မှားထားတဲ့ သံဃန္တရာယ် ထိုက်နေသူတွေ- ကျေးဇူးရှိတဲ့ ခင်ပွန်းကြီး ဆယ်ပါးကိုအမြဲ ပြစ်မှားထား သူတွေ ဖြစ်ကြတဲ့ န.အ.ဖ.စစ်အာဏာရှင် အုပ်စုတွေနဲ့ ကြံ့ဖွတ် စွမ်းအားရှင် အထိ အာဏာရှင်စနစ်ဆိုးရဲ့ မျိုးဆက် နောက်လိုက်တွေကို ရွေးချယ် တင်မြှောက် လိုက်ကြမယ် ဆိုရင်တော့--
လက်ရှိ ပြည်သူတွေရော သင်တို့ရဲ့ သားစဉ် မြေးဆက်တွေပါ နောင် နှစ်ပေါင်းများစွာ ဒီထက် အဆမတန် ဆိုးတဲ့ ဆင်းရဲ ဒုက္ခမျိုးစုံတွေ- သဘာဝ ဘေးအန္တရာယ်ဆိုးကြီး တွေနဲ့ ကြပ်တည်းမှုပေါင်းစုံကိုစစ်အာဏာ ရှင်တွေပေးလာမယ့်အတုအယောင်အာဏာရှင်ဆန်ဆန်ဒီမိုကရေစီအောက်မှာ လည်စင်းပြီး ရင်စီး ခံစားရလိမ့်မယ်ဆိုတာ ပြောရဲတယ်။
လက်ရှိ အခြေအနေမှာတောင် လယ်ယာတွေ တောင်ယာတွေ ခြံတွေ မြေတွေ စတင် သိမ်းပိုက်နေပါပြီ၊ အရင်းရှင်စနစ် မြေရှင် ယာရှင် စနစ်ဆိုးကို ပြန်တည်ထောင်ပြီး အောက်ခြေလူတန်းစားတွေနဲ့တောင်သူ -တွေလယ်သမားတွေအလုပ်သမားတွေပြည်သူအားလုံးကိုစစ်ကျွန်ဇာတ်သွင်းဘို့ စတင် လုပ်နေကြပါပြီ။ ပြည်သူတွေ အားလုံး နားတွေ မျက်စိ တွေအသိ ဥာဏ်တွေကို ပိတ်ထားကြမယ် ကိုယ်နဲ့မဆိုင်သ လို နေကြဦးမယ် ဆိုရင်တော့ တသက်စာ မေ့လို့ မရတဲ့ နောင်တတွေနဲ့ အတူ ----- ဆင်းရဲမွဲတေမှု ဖိနှိပ် ချုပ်ချယ် တင်းကြပ်မှု ဆိုတဲ့ နွံဗွက်ထဲကနေ ရုန်း ထွက်နိုင်တော့မှာ မဟုတ်ဘူး ဆိုတာ အသိပေးချင်တယ်။
စာရေးသူတို့ကတော့ (၉၀) ရွေးကောက်ပွဲတုန်းက လှတောသား များ ပြောခဲ့ကြ သလို ပြန်ပြောရရင် မြွေပွေးဟာ အရေခွံ တွေ ဘယ်လောက် ပဲပြောင်းပြီးလဲလဲ ဘယ်တော့မှ ရေ မြွေ ဖြစ်မလာနိုင်သလို န.ဝ.တ”.န.အ.ဖ ကြံ့ဖွတ် စတဲ့ နာမည် တွေ ဘယ်လိုပဲ ပြောင်းပြီး လုပ် လုပ်- သူတို့ရဲ့ အစဉ် အဆက် မကောင်းခဲ့တဲ့ အကျင့်ဆိုးတွေ စနစ်ဆိုးတွေ စိတ်ဓာတ်ဆိုးတွေ ဟာ သံမှိုစွဲသလို စွဲကပ်နေတဲ့ အတွက် ဘာမှဖြစ်မလာ နိုင်သလို သယံဇာတတွေ နိုင်ငံပိုင် ပစ္စည်းတွေကို နာမည်ပြောင်းပြီး ဖြုန်းတီးကြဘို့ သိမ်းပိုက်ကြဘို့လုပ်နေကြတယ်လို့ပဲထင်မှတ်ထားတယ်။ဒါကြောင့်တမျိုးသားလုံး၏စိတ်ဓာတ်နဲ့အကျင့်စာရိတ္တတွေအမှန်တကယ်မြင့်မားလာဘို့နဲ့-စနစ်ဆိုးအောက်က ပြည်သူတွေ လွတ်မြောက်နိုင်ရန် ဆုံးဖြတ်ချက် မမှားကြဘို့ ရွေးချယ်တင်မြှောက်မှု မမှားကြဘို့ အသိပေးလိုက်ချင်သည်။


0 Comments:

blogger templates | Make Money Online