ခြင်ဆော်မယ့် စီမံချက်ကို လုပ်မယ် လုပ်မယ်ဆိုပြီး ပြင်နေတာ ကြာပါပြီ။ ရှေ့နှစ်ကတည်းက စိတ်ချင်းနီးတဲ့ လူတစ်စုနဲ့ တိုင်ပင်ဖြစ်ထားခဲ့တယ်။ ဒါပေမယ့် အကောင်အထည် မဖော်ဖြစ်သေးဘူး။ လူဆိုတာ ကိုယ့်အသား မနာသေးသရွေ့ အေးဆေး နေတတ်ကြတာ ဆိုတော့ ကျွန်တော်လည်း လူသားထဲက လူတစ်ယောက်ဆိုတော့ လူပီသမိနေတယ်။ ဟိုလူ့စောင့် ဒီလူ့စောင့်နဲ့ အခုဇူလိုင်လမှ အကောင်အထည် ဖော်ဖြစ်သွားတယ်။
မိုးရာသီရဲ့ ဇူလိုင်၊ သြဂုတ်လတွေက သွေးလွန်တုပ်ကွေးအဖြစ်များတဲ့ ရာသီတွေပေါ့။ ဇွန်မှာ စတင်သွန်းဖြိုးတဲ့ မိုးရေတွေနဲ့ ရေကြည်အိုင်တွေ ဟိုနားတကွက် ဒီနားတကွက် ကဗျာဆန်ဆန် မြင်ရမှာပါ။ လွမ်းတတ်တဲ့သူအဖို့ ဒီရေကြည်အိုင်တွေက လွမ်းစရာရှုခင်းတစ်ခုလိုလို။ ဒီလိုပဲ အိုင်တွေ့တိုင်း ခြေဆေးတတ်တဲ့သူတွေအတွက် ခြေဆေးလို့လည်း ကောင်းပြန်တယ်။ ဒါပေမယ့် မကောင်းတာက အဲဒီလို ရေကြည်အိုင်သေးသေးလေးမှာ သွေးလွန်တုပ်ကွေးဖြစ်စေတဲ့ အေဒီးစ်ခြင်တွေ စံတင်လောက်တဲ့ အချစ်ဇာတ်လမ်းတွေနဲ့ ဗုန်းဗလောအော ပေါက်ဖွားတာပါပဲ။ တခြား ရေကြည်စုတဲ့ နေရာတွေမှာလည်း ခြင်တွေ ပေါက်ပြန်တယ်။ ခြင်တွေ များလေလေ ခြင်ကိုက်ခံရလေလေပေါ့။
အ.မ.က(၄) အလုံ - ဇူလိုင် ၁၈ ၂၀၀၉
သွေးလွန်တုပ်ကွေးဖြစ်စေတဲ့ ခြင်က နေ့ဘက် အလင်းရောင်ရှိတဲ့အချိန်မှာ ကိုက်တတ်ပါတယ်။ ခြင်ထောင် ထောင်အိပ်ဖို့ မဖြစ်နိုင်တဲ့ အချိန်မျိုးပေါ့။ အရေထူနေပြီဖြစ်တဲ့ လူကြီးတွေက အလုပ်တွေများပြီး ဟိုလုပ်ဒီလုပ် ဟိုသွားဒီသွားဆိုတော့ ခြင်က ကိုက်ဖို့ အခွင့်သိပ်မသာရှာဘူး။ ကလေးတွေကတော့ ခြင်ကိုက်လည်း မသိ။ ခြင်အုံနေလည်း မသိ။ ခြင်ဝဲနေလည်း မသိ။ သူ အာရုံဝင်စားနေတဲ့ တစ်ခုခုမှာပဲ စိတ်က ရှိနေတတ်တယ်။ အလုပ်တစ်ဖက်နဲ့ လူကြီးတွေကလည်း ကလေးအနားမှာ အချိန်ပြည့် အသေအချာ ဂရုမစိုက်နိုင်ခဲ့ကြဘူး။ ဒီလိုနဲ့ သွေးလွန်တုပ်ကွေးက ကလေးတွေမှာ အဖြစ်များလာတယ်။
အ.မ.က(၄) အလုံ - ဇူလိုင် ၁၈ ၂၀၀၉
၂၀၀၇ မိုးစဲနေရဲ့ အလင်းရောင်အောက် နေ့လည်ခင်းမှာ သူငယ်ချင်းတစ်ယောက် အရေးပေါ် သွေး လာတောင်းတယ်။ မူလတန်းကျောင်းက ကျောင်းအုပ်ဆရာကြီးရဲ့ သားအတွက် ဘီသွေး ၆ လုံး လိုတယ်တဲ့။ ဘယ်အတွက် လိုတာလဲ မေးကြည့်တော့ သွေးလွန်တုပ်ကွေးဖြစ်လို့ ကလေးဆေးရုံမှာ တင်ထားတယ်ဆိုပြီး ပြန်ဖြေတယ်။ အဲဒီကလေးက နေမကောင်းဖြစ်တာ ၃ ရက်လောက် ရှိပြီ။ ဒါပေမယ့် သာမာန်ဖျားနာတာလို့ ထင်ပြီး ဆေးမြီးတိုလေးတွေနဲ့ အိမ်မှာပဲ ကုနေခဲ့လိုက်တယ်။ ဒီလိုနဲ့ ကလေးက ကော်ဖီရောင်တွေ အန်နေပြီ။ လက်တွေ ခြေတွေမှာလည်း အနီအစက်ပြောက်လေးတွေ ထွက်လာပြီ။ အဲဒီတော့မှ ဆေးခန်းပို့ပြီး ဆရာဝန် ပြကြည့်တယ်။ ဆရာဝန်က ဆေးရုံ အမြန်တင်ရမယ် ဆိုလို့ သွေးလာတောင်းတဲ့ မနက်မှာမှ ကလေးဆေးရုံကို တင်လိုက်ရတာ။
အ.လ.က(၃) အလုံ - ဇူလိုင် ၂၆ ၂၀၀၉
လိုနေတဲ့ ဘီသွေး ၆ လုံးအတွက် အလှူရှင်တွေကို ရှာလိုက်ပြီး ကလေးဆေးရုံကို ထွက်လာခဲ့လိုက်တယ်။ ဆေးရုံရောက်တော့ သွေး ၂ လုံးကို ချက်ချင်းသွင်းမယ်ဆိုလို့ သွေးလှူရှင် ၂ ယောက်ကို သွေးစစ်တယ်။ သွေးအဖြေ ထွက်လာတော့ အားလုံးအိုခေတယ် ဆိုတာနဲ့ သွေးချက်ချင်း ဖောက်ထုတ်ပြီး ကလေးလူနာမှာ သွေးသွင်းကုသပေးတယ်။ မွေးချင်းမရှိ၊ တစ်ဦးတည်းသော သားဖြစ်တဲ့အပြင် အသက်ကြီးမှ ရထားတဲ့ ကလေးဖြစ်လို့ ဆရာကြီးတို့ခမျာ ရတက်ပွေနေရှာတယ်။ သွေး ၂ လုံး သွင်းပြီးတဲ့နောက် ကလေးက နေလောင်ပန်းလို နွမ်းနေတာကနေ မိုးဆန်းပန်းလို လန်းစပြုလာတယ်။ ကလေးအဖေဖြစ်တဲ့ ဆရာကြီးလည်း မျက်နှာလေး ရွှင်လာတယ်။ ဆရာဝန်တွေ သူနာပြုဆရာမတွေ သွေးလှူရှင်တွေကို ကျေးဇူးတင်စကားတွေ ဘာတွေ ပြောနိုင်လာတယ်။
အ.လ.က(၃) အလုံ - ဇူလိုင် ၂၆ ၂၀၀၉
ညပိုင်းမှာ သွေး ထပ်သွင်းဖို့အတွက် သွေးမလှူရသေးတဲ့ သွေးလှူရှင် ၄ ယောက်ကို သွေးနမူနာ ဖောက်ပြီး သွေးစစ်ထားမယ်တဲ့။ အဲဒီအတွက် စောင့်နေပါအုံးဆိုလို့ ဆေးရုံဓါတ်ခွဲခန်းရှေ့မှာပဲ ထိုင်စောင့်နေလိုက်တယ်။ ပထမဦးဆုံး သွေးလှူရှင် ၂ ယောက်ကို သွေးနမူနာ ယူတယ်။ နောက်ထပ် ၂ ယောက်ကို သွေးဖောက်ဖို့ လုပ်နေတုန်း ကလေး ရှော့ခ်ဖြစ်လို့ ဆရာဝန်တွေ အလုပ်ရှုပ်နေတယ် ဆိုတဲ့အကြောင်း သွေးဖောက်ခန်းထဲကို သတင်းဝင်လာတယ်။ ခဏကြာတော့ ကလေးလေး ဆုံးသွားပြီဆိုတဲ့အကြောင်း လာပြောတဲ့ သတင်းဆိုးနဲ့ပဲ ဆရာကြီးခမျာ အထူးကြပ်မတ်ကုသဆောင် အရှေ့မှာတင် အရုပ်ကြိုးပြတ် ဘုံးကနဲကို လဲပါလေရော။ ဒီလိုနဲ့ ဆရာကြီးကို သတိရအောင် လုပ်ရပြန်တယ်။ သတိရလာတဲ့နောက် ဆရာကြီးက ဆရာဝန်တွေ အနောက်ကို တကောက်ကောက်လိုက်ပြီး သူ့သားလေးကို အသက်ရှင်လာအောင် ထပ်ကြိုးစားပေးဖို့ မျက်ရည်လည်ရွှဲနဲ့ လိုက်ပြောနေတယ်။ သွေးသွင်းပြီးတဲ့ နေ့လည်ကမှ အကောင်း၊ ညနေလည်း ရောက်ရော ရုတ်တရက်ကြီး ကြွေလွင့်သွားရတာကို လက်မခံနိုင်ရှာဘူး ဖြစ်နေတယ်။ လက်တွေ့မှာတော့ အသားဖြူဖြူ ၀၀တုတ်တုတ် ချစ်စရာ ကလေးတစ်ယောက် ပါးစပ်တွေ၊ နှာခေါင်းတွေမှာ သွေးတွေ ယိုစီးပြီး အသက်ဝိဥာဉ် ကင်းမဲ့နေရှာပြီ။
ဒီလိုမျိုးနဲ့ အပြာရောင်မိုးသားအောက်မှာ လောကကြီးကို အလှဆင်မယ့် ရောင်စုံပန်းဖူးလေးတွေ ဝေမလိုနဲ့ ကြွေခဲ့ရတာ မရေမတွက်နိုင်အောင်ပဲ။ အချိန်နဲ့အမျှ ကြွေပြီးရင် ကြွေနေဆဲပဲ။ အဲဒါဆို ပန်းခြွေတဲ့လေက ဆေးမြီးတိုလား။ သွေးလွန်တုပ်ကွေးလား။ အေဒီးစ်ခြင်လား။
လက်ညိုးတွေ ထိုးဖို့လွယ်ပါတယ်။ ပြောရတာတွေလည်း လွယ်ပါတယ်။ တကယ် ထလုပ်ဖို့က ခက်ပါတယ်။ ကမ်းခြေတလျှောက်မှာ ကြယ်ငါးတွေ အများကြီးပါပဲ။ ကျွန်တော်တို့ အကုန် မကောက်နိုင်ပါဘူး။ ဒါပေမယ့် စိတ်မပျက်ပါနဲ့။ နိုင်သလောက်နဲ့ စ ကြည့်လိုက်ပါ။ အမြင့်ကြီးကို မမှန်းပါနဲ့။ ပင်ပန်းပါတယ်။
"Just made a difference to that one!"ကျွန်တော်တို့ ပန်းခြွေတဲ့လေ ကို ဘယ်လို တားကြမလဲ။ ပန်းပျိုးတဲ့လက် ဖြစ်အောင် ဘာတွေ လုပ်နိုင်ကြမလဲ။ ကျွန်တော်ကတော့ ဆင်သတ်ပြီး အရပ်မဝေဘူး။ ခြင်သတ်ပြီး အမျှဝေမယ်ဗျာ။
ကဲ... ဘာလုပ်နိုင်ကြမလဲဆိုတာ နဖူးပေါ် လက်တင်ပြီး မျက်လုံးလေးမှိတ် စဉ်းစားကြည့်ကြပါလား ခင်ဗျာ။
~~~~~~~
မောင်ရင်ငတေ မိုက်ကန်းသည် ဆိုသလိုမျိုး မိုက်ဖော်မိုက်ဖက်များ...
အဖူးကြွေ (ရွာသားလေး YTU)တထောင့်တနေရာ ရှိပါတယ် (ရွှေပြည်သူ)ကွက်လပ်ဖြည့်ကြစို့ (ဖိုးသင်္ကြန်)http://july-dream.blogspot.com/
0 Comments:
Post a Comment