Friday, July 31, 2009

နအဖ အဓမ္မ ရွှေ့ပြောင်းမှုဒဏ်၊ ရခိုင်ပြည်နယ် ဒေသခံတွေ မိအေးနှစ်ခါနာ


၃၁ ဇူလိုင် ၂၀၀၉

နယ်နိမိတ်ချင်း ၁၇၂ မိုင် ထိစပ်နေတဲ့ မြန်မာနိုင်ငံ အနောက်တောင်ပိုင်း ရခိုင်ပြည်နယ်ဟာ ရှေးအခါတည်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ဘင်္ဂလီ လူမျိုးတွေ ၀င်ထွက်ရာ ဒေသတစ်ခု ဖြစ်ပါတယ်။ အင်္ဂလိပ်ခေတ်မှာ လယ်ယာ လုပ်ငန်းတွေ လုပ်ကိုင်ဖို့ ဘင်္ဂလီ လူမျိုးတွေကို ရခိုင်ပြည်နယ်ထဲ စခေါ်သွင်း လာရာကနေ တစ်စထက် တစ်စ အင်အား များလာလို့ လည်း စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီး အရေးယူ ဆောင်ရွက် ခဲ့ရပါသေးတယ်။ ၁၉၄၂ ခုနှစ်၊ ကုလား ဗမာ အဓိကရုဏ်း ဖြစ်ပြီး နောက်ပိုင်း ဘင်္ဂလီတစ်ချို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်ကို ပြန်သွားတာလည်း ရှိကြောင်း သိရပါတယ်။

ဒီနောက် ၁၉၇၇-၇၈ခုနှစ်မှာ မြန်မာအစိုးရကနေ မောင်းနှင် ထုတ်လိုက်တာ ကြောင့်လည်း ဘင်္ဂလီ လူမျိုး ၂ သိန်းလောက် ဘင်္ဂလားဒေ့ရှ် ဖက်ကို ထွက်ခွာ သွားခဲ့ကြရ ပြန်ပါတယ်။ ဒါပေမဲ့လည်း ရခိုင်ပြည်နယ် အတွင်းကို ဘင်္ဂလီတွေ နောက်ထပ် အတင်းဝင်ရောက် နေရာယူ အခြေချ လာခဲ့ကြတာကြောင့် ရခိုင် ကျေးရွာပေါင်း ၉၂ ရွာ ပျက်ခဲ့ပြီး ရခိုင် လူမျိုးတွေလည်း အခြားအရပ်တွေကို စွန့်ခွာ ထွက်ပြေး ခဲ့ကြရပါတယ်။

အခုဆိုရင် ရခိုင်ပြည်နယ်ထဲက ဘူးသီးတောင်၊ မောင်းတောမြို့တွေမှာ မူစလင် ဦးရေက ၈၃% ရှိပြီး ရခိုင်နဲ့ အခြားလူ မျိုးတွေက ၇ % သာ ရှိနေကြပါတယ်။ ပြန်လည် နေရာချထားရေးနဲ့ အရင် ပျက်စီးသွားခဲ့တဲ့ ကျေးရွာ ပြန်လည်တည် ဆောက်ရေး ကိစ္စတွေကို တပ်မတော် အစိုးက ရခိုင်ပြည်နယ် အတွင်း နယ်စပ်ဒေသတွေမှာ ၂၀၀၁ ခုနှစ်က စပြီး လုပ်ဆောင် ခဲ့တာကို တွေ့ရှိရပါတယ်။

မြန်မာဘင်္ဂလားဒေ့ရှ် နယ်စပ်က နယ်စပ်စည်းရိုး လုံဖို့ ကြိုးပမ်းတာမှာ ပထမ ဘူးသီးတောင်၊ မောင်းတော နယ်ဖက် တွေမှာ စီမံကိန်း ကျေးရွာတွေ တည်ဆောက်ပြီး အကျဉ်းထောင်တွေ ထဲက အကျဉ်းသားတွေကို သွားရောက် နေထိုင် စေခဲ့ပါတယ်။ မိသားစုနဲ့ အတူ အဲဒီ ကျေးရွာတွေမှာ သွားရောက် နေထိုင်ကြမယ် ဆိုရင် လိုအပ်တဲ့ နေစရာအိမ်၊ လယ်ယာ ၂ ဧက၊ စားစရာဆန် ၆ လစာ၊ အိုးခွက် အစုံအပြင် လုပ်ကိုင်စရာ ထွန်၊ ထယ်၊ နွား စတဲ့ ပစ္စည်းတွေပါ ပံ့ပိုးသွားမှာ ဖြစ်သလို နေထိုင်သူ အကျဉ်းသားတွေရဲ့ ပြစ်ဒဏ်ကျခံ ကာလကိုလည်း လျှော့ပေါ့ပေးမယ် ဆိုပြီး စည်းရုံး စေလွှတ် ခဲ့ကြတာပါ။

ဒီ စီမံကိန်းအတိုင်း အိမ်ခြေ ၁၀,၀၀၀ ဖြစ်မလာတာမို့ နောက်ထပ် မူးယစ်ဆေး စွဲသူတွေ၊ တပ်မတော်ထဲက ရဲဘော် ဟောင်းတွေကိုပါ သွားရောက် နေထိုင်ကြဖို့ ထပ်မံ စေလွှတ်ခဲ့ပြန်ပါတယ်။ ဝေးလံခေါင်ဖျား ဒေသတစ်ခု ဖြစ်သလို၊ ရာသီ ဥတုဆိုးဝါးပြီး၊ အလုပ်အကိုင် ရှားပါးတဲ့ ဒဏ်တွေကြောင့်လည်း အခြေချ နေထိုင်သူတွေဟာ မကြာခဏ ဆိုသလို ထုတ် ပေးထားတဲ့ ပစ္စည်းတွေ ရောင်းချပြီး နေရပ်ရင်း ပြန်ထွက်ပြေးလေ့ ရှိတာမို့ အခုထိလည်း အိမ်ခြေပေါင်း ၂၅၀၀လောက်ပဲ သွားရောက် အခြေချ နေထိုင်တာကို တွေ့ရပါတယ်။

နှစ်စဉ် အိမ်ထောင်စု ၁၅၀လောက်ကို စေလွှတ်ရာမှာ အိမ်ခြေ ၃၀ လောက်သာပဲ အခြေချ နေထိုင် နိုင်ကြတာပါ။ ဒါ ကြောင့် လုပ်ကိုင် စားသောက်ဖို့ အတွက် လက်တွန်းထွန်စက်၊ ထွေလာ၊ ဆိုက်ကား စတဲ့ ပစ္စည်းတွေ ထပ်မံ ထုတ်ပေး စည်းရုံးတာတောင် နေထိုင်ချင်သူ မရှိတာကြောင့်လည်း နောက်ဆုံး ရန်ကုန်တိုင်း ထဲက ၄၃ မြို့နယ်မှာ တမြို့နယ်ကို ဆင်းရဲသား အိမ်ထောင်စု ၂ စုနှုန်းစီ ခွဲတမ်းချပြီး စေလွှတ် ကြပြန်ပါတယ်။ စေလွှတ် ခံရသူတွေကိုလည်း တအိမ်ထောင် အတွက် ထောက်ပံ့ငွေ ၂ သိန်း ကို (မယက)တွေ ကိုယ်တိုင် စုဆောင်း ကောက်ခံ ပေးခဲ့သလို အတီးအမှုတ် တွေနဲ့လည်း လိုက်လံ ပို့ဆောင်ခဲ့ကြတာပါ။

ဘူးသီးတောင်၊ မောင်းတောပါတ်ဝန်းကျင်မှာပဲ စီမံကိန်း ကျေးရွာတွေကို ပြန်လည် နေရာချထား ပေးတာကြောင့် ဒေသခံတွေရဲ့ ဘိုးဘွားပိုင် လယ်ယာမြေ အတော်များများ အသိမ်းခံ ကြရပါတော့တယ်။ ဒေသခံ ရခိုင်လူမျိုးတွေ အတွက်တော့ သူတို့အရင် လက်လွတ် ဆုံးရှုံးခဲ့တဲ့ ကျေးရွာတွေကို ရင်းစား ပြန်မရတဲ့အပြင် လက်ရှိ နေထိုင်တဲ့ နေရာတွေကလည်း ဖယ်ပေးကြရတာမို့ မိအေးနှစ်ခါနာ ဆိုသလို ဖြစ်နေရပါတော့တယ်။

ဒါ့အပြင်လာရောက်နေထိုင်သူတွေ အချင်းချင်း သတ်ဖြတ်ကြတာ ဒေသခံတွေရဲ့ ပစ္စည်းတွေ ခိုးဝှက်တာ စတဲ့ ပြဿနာကြောင့်လည်း ရခိုင်ပြည်နယ် အတွင်း နဂို ရှိပြီးသား ရခိုင်နဲ့ ရိုဟင်ဂျာခေါ် ဘင်္ဂလီ တွေအကြားက အဆင်မပြေမှု အပြင် နောက်ထပ် အသစ် ရောက်လာပြီး အခြေချ နေထိုင်သူ တွေနဲ့ပါ ပြဿနာတွေ ဖြစ်ပေါ်နေကြောင်း သိရှိရပါတယ်။

ဒေသအာဏာပိုင်တွေနဲ့ (နစက)တပ်ဖွဲ့တွေ ကလည်း ဒီပြဿနာတွေကို ပြေလည်အောင် မဖြေရှင်း ပေးနိုင်တဲ့ အပြင် မူစလင် စီးပွားရေး သမားတွေနဲ့ ပေါင်းပြီး ကိုယ်ကျိုးရှာ မှောင်ခိုလုပ်ငန်းတွေ လုပ်ကိုင်နေကြတာ၊ စီမံကိန်း ရွာတွေက အခြေချလာသူတွေ ဖက်ကနေ ဘက်လိုက် ဖြေရှင်း ပေးတာတွေကြောင့်လည်း ဒေသခံ ရခိုင်လူမျိုးတွေရဲ့ မကျေနပ်မှု တွေဟာ တနေ့တခြား တိုးပွား လာနေကြောင်း သိရပါတယ်။ ရခိုင်လူမျိုး၊ ရိုဟင်ဂျာခေါ် ဘင်္ဂလီ လူမျိုးတွေနဲ့ နောက်ထပ် ၀င်ရောက် အခြေချ နေထိုင်သူတွေ အကြား လူမျိုးရေး ပြဿနာတွေလည်း အချိန်မရွေး ဖြစ်ပေါ် လာနိုင်ကြောင်း ဒေသခံ တွေက ပြောဆိုနေပါတယ်။

ဘင်္ဂလားဒေ့ရှ်၊ အစိုးရအတွင်းမှာကို မူစလင်အခြေခံ ၀ါဒီတွေက လွှမ်းမိုးနေပြီး မြန်မာပြည် နယ်စပ် စစ်တကောင်း ဒေသ မှာလည်း အကြမ်းဖက် အဖွဲ့တွေ လှုပ်ရှားမှု ရှိနေကြောင်း၊ မြန်မာနိုင်ငံတွင်း မူစလင် အကြမ်းဖက် သမားတွေက ရိုဟင်ဂျာ အမည်နဲ့ အင်အားစုနေတဲ့ သတင်းတွေအပေါ် အခြေခံပြီး အကြမ်းဖက် လှုပ်ရှားမှု လေ့လာ သုံးသပ်သူ တစ်ချို့ကတော့ ထိုင်းနိုင်ငံ တောင်ပိုင်းဒေသ လိုမျိုး မူစလင် အစွန်းရောက် ဆူပူမှုတွေ နောက်ထပ် ဖြစ်ပေါ်လာစရာ ရှိတဲ့ နေရာတွေထဲမှာ မြန်မာပြည်က ရခိုင်ပြည်နယ်လည်း တခုအပါအ၀င် ဖြစ်နိုင်ကြောင်း ဝေဖန် ပြောဆို နေကြတာကို တင်ပြ လိုက်ရပါတယ်။

လူအချင်းချင်းမုန်းတည်းခြင်း ကင်းဝေးကြပါစေ။

ဝိမုတ္တိဝိုင်းတော်သားတဦး


အဆုံးသို့

http://vimutti.blogspot.com/

0 Comments:

blogger templates | Make Money Online