Monday, July 20, 2009

အာဇာနည်နေ့ ဂုဏ်ပြု အစီအစဉ်

စာဖတ်ပရိတ်သတ်များ ခင်ဗျား

ဆရာကြီး ပါမောက္ခ ဒေါက်တာသန်းထွန်းက မအ အောင်လို့ သမိုင်းသင်ရတယ်လို့ ပြောပါတယ်။ နအဖက ကျွန်တော်တို့ တမျိုးသားလုံးကို အ အောင်၊ နုံ အောင် သမိုင်းကို ဖျောက်ဖျက် ထားပါတယ်။ စစ်အုပ်စုကြောင့် အရှေ့တောင် အာရှနိုင်ငံတွေမှာ ကျွန်တော်တို့ မြန်မာနိုင်ငံကြီးဟာ တဖြေးဖြေး အောက်တန်း နောက်တန်းကို ရောက်ရှိ နေပြီ ဖြစ်လို့ မျိုးချစ်စိတ်ရှိသူ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး သမိုင်း ဖြစ်စဉ် အမှန်ကို ဖော်ထုတ်ရင်း အာဇာနည်နေ့ကို ဂုဏ်ပြု ကြိုဆိုကြပါစို့။ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုထားတဲ့ မျိုးချစ် တပ်မတော် အရာရှိ တစ်ဦးပေးပို့လာတဲ့ ဂုဏ်ပြုဆောင်းပါးကို ကိုဖိုးတရုတ်၏ ဘလောဂ်မှ ကူးယူ၍ ဖော်ပြပါသည်။ အသိဉာဏ် ၀ိဇ္ဇာနဲ့ လက်တွေ့ စရဏ တွဲလုပ်နိုင်ကြစေရန် နှိုးဆော်ပါသည်။
A.B.M.A

ကျွန်တော် ချစ်ခင်ကြည်ညိုလေးစားရတဲ့ ဗိုလ်ချုပ်အောင်ဆန်း

ပေးပို့သူ - တပ်မတော် အရာရှိတစ်ဦး

ကျွန်တော် တပ်ထဲ မ၀င်ခင်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းရဲ့  နေထိုင်ပုံ စရိုက်နဲ့ စိတ်နေ သဘောထားများကို သမိုင်းဝင် စာအုပ်စာတမ်းများမှ ဖတ်ရှုလေ့လာခွင့်ရတဲ့ အတွက် လည်းကောင်း၊ ဗိုလ်ချုပ်ပြတိုက်ကို သွားရောက် ကြည့်ရှုရာမှာ လည်းကောင်း ဗိုလ်ချုပ်အောင်ဆန်းကို အထူး လေးစားဂုဏ်ယူ မိပါတယ်။ တပ်ထဲ ၀င်ရောက် ပြန်တော့လည်း တပ်မတော်သားတစ်ဦးရဲ့ ခက်ခဲကြမ်းတမ်းပုံတွေကို ကြုံတွေ့ရတာမို့ ဗိုလ်ချုပ် တို့ရဲ့လွတ်လပ်ရေး ရဖို့ လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲရာမှာ ကျွန်တော် တို့ထက် ခက်ခဲကြမ်းတမ်းမှု ပိုမို ကြီးမားနိုင်တာကို တွေးတောမိရင်း ဗိုလ်ချုပ်အား တပ်မတော်ရဲ့ ဖခင်အရင်းမို့ ချစ်ခင်ကြည်ညိုလို့ မဆုံးအောင် ဖြစ်မိပါတယ်။

ဒါကြောင့် ဗိုလ်ချုပ်နဲ့ ပတ်သက်လို့ သူ့ရဲ့ အံ့မခန်းဖွယ် စည်းလုံးညီညွတ်မှု ရယူနိုင်တဲ့ အစွမ်းသတ္တိတွေကို ဖြစ်စဉ်များနဲ့ တကွ ဖော်ထုတ်ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါတယ်။ ဗိုလ်ချုပ်ရဲ့ စည်းလုံးညီညွတ်မှု ရယူ တည်ဆောက် ပေးခဲ့တဲ့ ပထမဖြစ်စဉ် ကတော့ ရဲဘော်သုံးကျိပ်ဝင် ခရီးစဉ်ဖြစ်ပါတယ်။ သခင်ကိုယ်တော်မှိုင်း ဦးစီးတဲ့ ပါတီမှ ၂၁ဦး၊ သခင်ဘစိန် သခင်ထွန်းအုပ်တို့ ဦးစီးတဲ့ ပါတီမှ ၈ ဦး၊ ကြားလူတစ်ဦး၊ စုစုပေါင်း ၃၀ဦး ပါဝင်လေရာ နှစ်ပါတီ စည်းလုံးညီညွတ်ရေး ရယူဖို့ ဗိုလ်ချုပ်အနေနဲ့ စွမ်းဆောင်ခဲ့ပါတယ်။ တဖန် ၁၉၄၆-၄၇ လွတ်လပ်ရေး အကြိုကာလတွင် ပြည်သူ့ရဲဘော်အဖွဲ့နှင့် ဆိုရှယ်လစ်ပါတီတို့အကြား သဘောထား ကွဲလွဲ နေကြရာမှ ပဋိပက္ခအသွင်သို့ ပြင်းထန် လာခဲ့ရာ အားလုံးက စေ့စပ်လို့ မရတော့ဘဲ အဆိုးဝါးဆုံး အခြေအနေရှိလို့ စိုးရိမ်နေကြ ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းက မေမြို့မှ အနားယူပြီး ပြန်လာတဲ့အခါ အေးအေးဆေးဆေး တည်ငြိမ်စွာဖြင့် ပြည်သူ့ရဲဘော်နှင့် ဆိုရှယ်လစ်ပါတီတို့ကို စည်းလုံးညီညွတ်မှု ရှိဖို့ ပြတ်သားစွာ ပြောဆို တည်ဆောက် ပေးခဲ့ပါတယ်။ ၁၉၄၇ခု ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ပင်လုံမြို့မှာလည်း ရှမ်းပဒေသရာဇ် စော်ဘွားများကို ဗိုလ်ချုပ်ရဲ့ မေတ္တာစေတနာဖြင့် စည်းရုံးဆောင်ရွက်နိုင်ခဲ့လို့ အင်္ဂလိပ် သံတမန်ကပင် အံ့သြခဲ့ရပါတယ်။ အင်္ဂလိပ်နဲ့ ဂျပန်တို့ကို ဗမာ့တပ်မတော်က လက်နက်ကိုင် တော်လှန်ခဲ့ရာမှာ ဗိုလ်ချုပ်ရဲ့ ရဲရင့် ပြတ်သားမှု ကြောင့် ဗမာ့တပ်မတော်ကို ဖျက်သိမ်း အရေးယူခံရမဲ့ အရေးမှလည်း ကယ်တင်နိုင်ခဲ့ ပါတယ်။

ဂျပန်ပြည်ကို ရောက်ခါစ ဗိုလ်ချုပ်ရဲ့ တည်ငြိမ်ခိုင်မာတဲ့ အကျင့်စာရိတ္တကြောင့် ဂျပန်ဗိုလ်ချုပ်များကပင် လေးစားခဲ့ရပြီး ၁၉၄၅ ခုနှစ် မြန်မာပြည်သို့ ပြန်ဝင်လာတဲ့ ဗြိတိသျှအမှတ်(၁၄) တပ်မတော် တပ်မှူးကြီး ဗိုလ်ချုပ် ဆလင်းက မိတ္ထီလာမှာ ဗိုလ်ချုပ်နဲ့ တွေ့စဉ် ဗိုလ်ချုပ်ရဲ့ ရဲရင့်ပြတ်သားတဲ့ စကားကြောင့် အံ့သြ လေးစားခဲ့ပါတယ်။ အလားတူ အင်္ဂလိပ်ဗိုလ်ချုပ် လူဝီမောင့်ဘတ်တန် ကလည်း ဗိုလ်ချုပ်အား သစ္စာဖောက်လို့ စွပ်စွဲနေကြတဲ့ အင်္ဂလိပ်များရဲ့ တင်ပြချက်ကို လက်မခံဘဲ ဗိုလ်ချုပ်နဲ့ ဆက်လက် လက်တွဲခဲ့လို့ ဗမာ့တပ်မတော် ကြီးကို တရားဝင် ဖွဲ့စည်းခွင့် ရရှိခဲ့ပါတယ်။

နိုင်ငံခြားသား စာရေးဆရာကြီး တစ်ဦးက မြန်မာနိုင်ငံတော်ကို စည်းလုံးညီညွတ်မှု အကောင်းဆုံး ဖြစ်အောင် လုပ်နိုင်တဲ့ ပုဂ္ဂိုလ် (၂) ဦးသာ ရှိတဲ့အနက် တစ်ဦးမှာ ဗိုလ်ချုပ် အောင်ဆန်း ဖြစ်ပါကြောင်း ဂုဏ်ပြု မှတ်တမ်း တင်ထားတာကို တင်ပြရင်းနဲ့ ဗိုလ်ချုပ်အား ဦးညွတ် အလေးပြုရင်း ဂုဏ်ပြု လိုက်ရပါတယ်။


ဗိုလ်ချုပ်နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး

နေ့ရက်အတိအကျကို မမှတ်မိသော်လည်း အမေရိကန် သမ္မတကြီး ရုစ်ဗဲ့ ကွယ်လွန်သွားပြီ ဖြစ်ကြောင်း လန်ဒန် ဘီဘီစီ အသံလွှင့်ဌာနကြီးမှ ထုတ်လွှင့်သည့်သတင်းကို ဓါတ်ခဲသုံးရေဒီယိုမှ ကြားလိုက်ရသည့် ညက ဖြစ် ကြောင်းကိုတော့ ကျွန်တော် ကောင်းစွာ မှတ်မိနေပါသည်။

၁၉၄၅ ခုနှစ် ဖက်ဆစ်တော်လှန်ရေး ကာလအတွင်းက ဖြစ်ပါသည်။ ဧရာဝတီမြစ် အနောက်ဘက်ကမ်း သရက်ခရိုင် ကျေးလက်ဒေသရှိ ဗိုလ်ချုပ် အောင်ဆန်း၏ ရှေ့တန်း စစ်ဌာနချုပ် လျှို့ဝှက်စခန်းတွင် နိုင်ငံတကာ စစ်ရေး ၊ နိုင်ငံရေး သတင်းများသိရန်အတွက် ထားရှိသော ဓါတ်ခဲသုံးရေဒီယိုမှ အထက်ဖော်ပြပါ အမေရိကန် သမ္မတကြီး ကွယ်လွန် ကြောင်း သတင်းကြားရပြီးနောက် ဗိုလ်ချုပ်က

“သမ္မတ ရုစ်ဗဲ့ ကွယ်လွန်သွားတာဟာ စစ်ပြီးခေတ် ကမ္ဘာကြီးအဖို့ ဒီမိုကရေစီ ဘက်တော်သားကြီး တစ်ယောက် လျော့နည်း ဆုံးရှုံးသွားတာပဲကွ” ဟု မှတ်ချက် ချလိုက်ပါသည်။

ထို့နောက် ခါတိုင်းကဲ့သို့ ညစာစားပြီး အိပ်ရာ မ၀င်မီ ကျွန်တော်တို့ လူငယ်ရဲဘော်များအား သူ၏သဘောထား အာဘော်များ ပြောလေ့ရှိသည့်အတိုင်း ထိုညကလည်း ပြောပါသည်။ ကျွန်တော့်အနေဖြင့် ထိုညက ဗိုလ်ချုပ်ပြောသော အချက်များကို ယနေ့အထိ မမေ့နိုင်ခြင်းမှာ နောက်ပိုင်းစစ်ပြီးခေတ် သူ၏ လုပ်ကိုင် ဆောင်ရွက်မှု လွတ်လပ်ရေး အတွက် စွမ်းစွမ်းတမံ လှုပ်ရှားကြိုးစားမှုတို့နှင့် ကွက်တိ အံဝင်ခွင်ကျ ဖြစ်ရုံ မက ၁၉၄၅ ခုနှစ်တော်လှန်ရေးမတိုင်မီ ကာလက သူ့လုပ်ရပ်များနှင့်လည်း ကိုက်ညီနေသောကြောင့် ပင်တည်း။

“ငါတို့ရဲ့ ဖက်ဆစ်တော်လှန်ရေး အောင်မြင်နေတာဟာ တို့တပ်မတော် တစ်ခုတည်းရဲ့ အစွမ်းကြောင့်လို့ မင်းတို့ အထင်မကြီးကြနဲ့၊ မင်းတို့သိတဲ့အတိုင်း ဂျပန်တပ် တွေနဲ့ ငါတို့တပ်မတော် နှိုင်းယှဉ်လိုက်ရင် လူအင်အား လက်နက်အင်အားမှာ အဘက်ဘက်က ဂျပန်က ငါတို့ထက် အများကြီးသာတယ်။ ငါတို့ရဲ့တပ်မတော် တစ်ခုတည်းနဲ့ ဂျပန်ကို တော်လှန်ရင် ငါတို့မရှုမလှ အရေးနိမ့်မှာ သေချာတယ်။ အခုတော့ ပြည်သူတစ်ရပ်လုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန်ဆိုတာလို ငါတို့ဘက်ကို ၀ိုင်းဝန်းကူညီ အားပေးကြလို့သာ အောင်မြင်ခြင်း ဖြစ်တယ်။ ပြည်သူလူထုတစ်ရပ်လုံး အားပေး အောင်လည်း ငါတို့က အစွမ်းကုန် ကြိုးစားစည်းရုံးခဲ့တဲ့ ရလာဒ်ပဲဖြစ်တယ်။ အဲဒါ မင်းတို့ မြဲမြဲမှတ်ထားကြပါ။ မကြာခင် ငါတို့ရဲ့ တော်လှန်ရေး ပြီးတော့မယ်၊ ဂျပန်တပ် အကြွင်းအကျန်တွေလည်း အရေးနိမ့်လို့ ပြေးကုန်ကြမှာပဲ၊ ဒါပေမယ့် ဂျပန်ပြေးတာနဲ့ အင်္ဂလိပ်အစိုးရ ပြန်ဝင်လာပြီး တို့နိုင်ငံဟာ မူလက အတိုင်း ကျွန်ဘ၀ပြန်ရောက်ဦးမယ်၊ အဲဒီကျွန်ဘ၀က လွတ်မြောက်ပြီး လုံးဝလွတ်လပ်ရေးရဖို့က ငါတို့ဟာ စစ်ရေးအရ ဗြိတိသျှ အင်ပိုင်ယာကြီးကို နိုင်အောင် မတိုက်နိုင်ဘူး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုအင်အားနဲ့ မှ တိုက်လို့ရမယ်၊ မင်းတို့ မြဲမြဲမှတ်ထားဖို့က ငါတို့ရဲ့ အဓိကလက်နက် အထိရောက်ဆုံး လက်နက်ဟာ စက်သေနတ်တွေ အမြောက်တွေ မဟုတ်ဘူး၊ (Unity) ယူနီတီဆိုတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်မှုသာ ဖြစ်တယ်။”

စည်းလုံးညီညွတ်ရေး အရေးအကြီးဆုံး ဖြစ်ပုံ ဗိုလ်ချုပ်ရဲ့  မှတ်သားစရာ စကားအား ဗိုလ်ချုပ်၏ အနီးကပ်
အပါးတော်မြဲ တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်ထွန်းလှ ရေးသားချက်ကို အမှတ်တရ ဖေါ်ပြရင်း ဂုဏ်ပြုလိုက်ပါတယ် ခင်ဗျား။

0 Comments:

blogger templates | Make Money Online