Saturday, July 11, 2009

ဆင်းရဲသားပပျောက်ရေးတရားတော်....(ဂန္ဓတိန္ဒု ဇာတ်) ၇+၈

အရှင်မင်းကြီး …………. အလှူဒါနပြုမယ်ဆိုတဲ့ ပစ္စည်းဥစ္စာတွေကို ကျွန်တော်မျိုးကြီးကို ခေတ္တ ခဏ ပေးပါ။ တိုင်းပြည်ကို ချမ်းသာအောင် လုပ်ပေးပါရစေဦး။

အို ပုရောဟိတ်ကြီး၊ အစကတည်းက အလှူဒါန ပေးဖို့ ရည်မှန်းထားပြီးသားပါ။ ဒါတွေနှင့် တိုင်းပြည်ချမ်းသာအောင် လုပ်မယ် ဆိုတော့ ပိုပြီးတော့ အဆင်ပြေတာပေါ့။

ဒီလိုနဲ့ ပုရောဟိတ်ကြီးက ဘုရင်လှူမယ့် ပစ္စည်းဥစ္စာ တွေကို အသုံးပြုပြီးတော့ တစ်တိုင်းပြည်လုံး ဆင်းရဲသား ပပျောက်အောင် စီမံ တယ်။ စီမံပုံက-

ဥပမာ- လယ်ယာလုပ်ငန်း လုပ်နိုင်စွမ်းပါလျက် လယ်ယာ မလုပ်တဲ့သူတွေကို ဘာကြောင့် လယ်မလုပ် သလဲလို့ စစ်ဆေးမေးမြန်းကြည့်တယ်။ အကြောင်းစုံ သိရတဲ့အခါ လယ်ယာ လုပ်ငန်းလုပ်နိုင်အောင် လိုအပ်သမျှ အကုန်ဖြည့်ဆည်း ကူညီပေးတယ်။

ကုန်သွယ်တတ်ပါလျက် ကုန်မကူးနိုင်တဲ့ ပုဂ္ဂိုလ်များကို စစ်ဆေးမေးမြန်းပြီးတော့ ကုန်ပြန်ကူးနိုင်အောင် လိုသမျှ အားလုံး ဖြည့်ဆည်းကူညီပေးတယ်။
ဆိုကြပါစို့ ၊ ဘယ်ဟာတော့ လုပ်နိုင်တယ်၊ လုပ်ချင်တယ်၊ ဘယ်ဟာ မပြည့်စုံလို့ဆိုတာ မဖြစ်ရလေအောင် လိုအပ်သမျှ အလုံးစုံ ဖြည့်ဆည်း အကူအညီ ပေးတယ်။

အဲဒီလို ပေးတဲ့ အခါမှာလည်း စိတ်ဝင်စား စရာ ကောင်းတာလေးတစ်ခုရှိတယ်။ ဟိုတုန်းက လည်း ခုခေတ်လိုပါပဲ။ ချေးကြ/ ငှားကြ/ အတိုးအပွါး ပေးကြ / အပေါင်းအနှံ ခံကြတာတွေရှိပါတယ်။ အဲဒီလို လုပ်တဲ့အခါမှာ ပေရွက်လို ဟာမျိုးပေါ်မှာ လက်မှတ်ထိုးပြီးတော့ ချေးကြ ငှားကြတာ။ ဒါပေမယ့် ပုရောဟိတ်ကြီးက တစ်ဦးနှင့် တစ်ဦး ယုံကြည်စိတ်ချမှု ကို အလေးထားတဲ့ အနေနှင့် လက်မှတ်ထိုးဖို့ မလိုဘူး။ ကြီးပွါးချမ်းသာ အောင်သာ လုပ်ပါ။ ကြီးပွါးချမ်းသာစေချင်လို့ အကူအညီပေးတာပါ။ အလုပ်ကိုသာ အောင်မြင်အောင် လုပ်ဖြစ်အောင် လုပ်ပါ။ မအောင်မမြင်ချင်း အထပ်ထပ် အခါခါ လုပ်ပါ လို့ မေတ္တာ ကရုဏာအပြည့်နှင့် ပြောဆိုပေးဝေ လေ့ရှိသတဲ့။

ဒီလိုနှင့် မကြာမီ မှာပဲ တစ်တိုင်းပြည်လုံး ကြွယ်ဝ ချမ်းသာ တဲ့အဆင့် ရောက်သွားပါတယ်။ ဆင်းရဲသားမရှိတော့ပါဘူး။ အခွန်အကောက်တွေကို အတင်းအကြပ် လုံးဝ ကောက်ခံရခြင်း မရှိတော့ ပါဘူး။ အလိုအလျောက်အခွန်တွေ ကျေပွန်အောင် ဆောင်ရွက်ရုံမျှ မကဘဲ အပိုလက်ဆောင်ပဏ္ဏာတွေ ဆက်သနေကြလို့ ရှင်ဘုရင်က တားယူရတဲ့ အနေအထားမျိုး ရောက်သွားပါတယ်။

ငါက အလှူဒါန ပြုလုပ်ဖို့ စီမံနေတာ၊ မင်းတို့ဆီက ဘာမျှ မယူချင်ဘူး၊ ပြန်ယူသွားကြပါလို့ တောင်းတောင်းပန်ပန် ပြောယူရတဲ့ အဆင့်ထိ ရောက်သွားပါတယ်။ ဒီလိုနဲ့ ခုနစ်ရက်သာ ပြုလုပ်မဲ့ အလှူဒါနကြီးကိုခုနစ် နှစ် ခုနစ်လ ကြာအောင် အကြီးအကျယ် ပြုလုပ်သွားနိုင်ခဲ့ပါတယ်။

ဒီဝတ္ထုထဲမှာ လယ်ယာ ကိုင်းကျွန်းလုပ်ငန်း ကျွမ်းကျွမ်းကျင်ကျင် စွမ်းစွမ်းတမံ လုပ်နိုင်သူတွေကို လိုအပ်သမျှ ဖြည့်ဆည်းကူညီပေးခြင်း၊ ကုန်သွယ်မှု လုပ်ငန်း ကျွမ်းကျွမ်းကျင်ကျင် စွမ်းစွမ်းတမံ လုပ်နိုင်သူတွေကို လိုအပ်သမျှ ဖြည့်ဆည်းကူညီပေးခြင်း၊ မွေးမြူရေးလုပ်ငန်း ကျွမ်းကျွမ်းကျင်ကျင် စွမ်းစွမ်းတမံ လုပ်နိုင်သူတွေကို လိုအပ်သမျှ ဖြည့်ဆည်းကူညီပေးခြင်း၊ လခစား၊ မင်းမှု ထမ်း လုပ်နိုင်သူတွေကိုလည်း သူ့နေရာနှင့် သူ့ဌာန အသီးသီး သင့်လျော်အောင် အလုပ်ခန့်ပေးခြင်း၊ လစာအပြည့်အ၀ ထုတ်ဝေပေးခြင်းတွေ ပြုလုပ်စေပါတယ်။ ဒီတော့ တစ်တိုင်းပြည်လုံး အလုပ်လက်မဲ့ မရှိတော့ပါဘူး။ ကိုယ်ကျွမ်းကျင်ရာ၊ ကိုယ်စွမ်းနိုင်ရာ ကိုယ်လုပ်ချင်တာ အလုပ်တွေ လုပ်နိုင် သွားကြပါတယ်။ ရှင်ဘုရင် အကူအညီ ပုရောဟိတ် အကူအညီတွေနှင့် လုပ်နိုင်သွားကြတာပါ။ ကိုယ့် အလုပ်နှင့် ကိုယ် အလုပ်လုပ်နေကြရတာဖြစ်တော့ ခုခေတ်စကားနှင့် ပြောမယ် ဆိုလျှင် အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးဖြစ်လာပါတယ်။ သူခိုး ဓားပြ သူပုန်တွေကို နှိပ်စက်တာမျိုးလည်း မရှိတော့ပါဘူး။ သူခိုး ဓားပြ သူပုန်တွေ ကို မရှိတော့တာပါ။ ဘုရင်နှင့် တကွ တစ်တိုင်းပြည်လုံးကြွယ်ဝ ချမ်းသာပါတယ်။ ဒါကို သုံးသပ် ကြည့်မယ် ဆိုလျှင် စာထဲမှာ လယ်ယာ လုပ်ငန်း၊ မွေးမြူရေး လုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်း၊ လခစား လုပ်ငန်း စွမ်းနိုင် သူတွေလို့ ပါပါတယ်။ ဒါကြောင့် ပထမ ဦးစားပေး လုပ်သင့်တာက တော့ အရင်းအနှီး နည်းပညာ ဖြန့်ဝေပေးမယ် ဆိုလျှင် စွမ်းဆောင်နိုင်မည့် သူ လုပ်ချင်စိတ်ရှိသူ ၀ါသနာ ပါ ရှိသူများ ကို ဦးစားပေးသင့်ပါတယ်။ ဒါမှ ဖြန့်ချိ ထိုက်တဲ့ အရင်းအနှီး တွေ အဆုံးအရှုံး နည်းပါးပြီး အလျင်အမြန်တိုးပွါးလာမှာ ဖြစ်ပါတယ်။ နောက်မှ ဒုတိယ ဦးစားပေး၊ တတိယ ဦးစားပေး၊ စသည်ဖြင့် မိသားစုမကျန် စီမံနိုင်ပါတယ်။


ဒါကတော့ စီမံ ခန့်ခွဲ ပုံပြောတာပါ။ အဲဒီလို စီမံ ခန့်ခွဲတဲ့နေရာမှာ အရေးကြီးတဲ့ လမ်းညွှန်ချက်တွေကို ဘုရားဟော ဇာတ်တော်တွေထဲက ထုတ်နုတ်ပြီးတော့ ပြောပါအုံးမယ်။

ဆင်းရဲသားပပျောက်ရေးတရားတော် .... ၈

နည်းစဉ် - ၎

ဂန္ဓတိန္ဒု ဇာတ်


ဟိုးတုန်းက ရှင်ဘုရင်တစ်ပါး ရှိတယ်။ အဂတိ လိုက်စား မတရားသဖြင့် မေ့မေ့လျော့ လျော့ ပေါ့ပေါ့ ဆဆ နှင့် မင်းပြုနေတယ်။ ဒါပေမဲ့ မြို့အပြင်ဘက်က နံ့သာတည်ပင်ကြီး ကိုတော့ တစ်နှစ်တစ်ကြိမ် (တစ်ထောင်တန်) အကုန်အကျခံပြီး ပူဇော်ပသလေ့ရှိတယ်။ အဲဒီတုန်းက တည်ပင်စောင့် ရုက္ခစိုးဟာ ဘုရားလောင်းဖြစ်နေတယ်။ ဘုရားလောင်းဆို တော့ သူ့အပေါ် ကျေးဇူးများတဲ့ ဘုရင့်အပေါ် လျစ်လျူရှု မထားရက်ဘူးပေါ့။ ဒါနှင့် ညအခါ ရှင်ဘုရင်အိပ်နေတဲ့ ကျက်သရေ အိပ်ခန်းဆောင် ဘုရင့်သလွန်တော်ခေါင်းရင်းမှာ အရောင်အ၀ါတွေ နှင့် ကိုယ်ထင်ရှားပြပြီးတော့ ဘုရင့်ကို ဆုံးမတယ်။ အဲဒီထဲက အားလုံးတော့မဟုတ်ဘူး လိုရင်းကို ပြောကြတာပေါ့။

မဒါ ပမာဒေါ ဇာယေထ။ ။ မာန်ယစ်ခြင်း ကြောင့် မေ့လျော့ ပေါ့ဆမှုတွေ ဖြစ်တတ်တယ်။

ကျန်းမာနေပြန်ရင်လည်း ငါကျန်းမာနေတာပဲ ဘယ်သူ/ဘယ်ဟာ/ဘာ အရေးစိုက်စရာလိုသလဲ၊ အရွယ်ကောင်းဖြစ်နေပြန်လျှင်လည်း မာန်တက်ပြန်ရော။ ငါ လုပ်နိုင် ကိုင်နိုင် အရွယ်ရှိသေးတာ ဘယ်သူ/ဘယ်ဟာ / ဘာ အရေးစိုက်စရာလိုသလဲပေါ့။

ကုန်ကုန်ပြောရရင် အသက်ရှင်နေတာကိုပဲ မာန်တက် ချင်နေကြတာကလား။ ငါမှ မသေသေးပဲ ဘယ်သူ/ဘယ်ဟာ/ဘာ အရေးစိုက်စရာ လိုသလဲ ပေါ့။ ဒါကို မာန်ယစ်တယ် မာန်တက်တယ် လို့ ခေါ်တယ်။ အဲဒီလိုပဲ ပညာမာန်တွေ ဓနမာန်တွေ အာဏာမာန်တွေ (စသည်)၂ ဖြင့်အများကြီးပဲ မာန်ယစ်တတ်တာတွေ /မာန်တက်တတ်တာတွေပေါ့။ အဲဒီလို မာန်တက်တော့ ဘာဖြစ်သလဲ။

မာန်ယစ်နေတုန်း မာန်တက်နေတုန်း ကောင်းတဲ့ အလုပ်တွေလုပ်ဖို့ အရေးကြီးတဲ့ အလုပ်တွေ လုပ်ဖို့ ကြုံလာလျှင် အရေးမကြီးပါဘူး ဆိုပြီး မေ့ပစ်တယ်။ မလုပ်ဖြစ်ဘူး။ မကောင်းတဲ့ မလုပ်သင့်တဲ့ အလုပ်တွေကိုလည်း ဘာဖြစ်လဲ ဆိုပြီး ပေါ့တိပေါ့ဆ လုပ်တတ်တယ်။

ပမာဒေါ တယတေ ခယော။ ။ ဒီလို မေ့မေ့ လျော့လျော့ ပေါ့တိပေါ့ဆ လုပ်လာတော့ အဘက်ဘက်က ချွတ်ယွင်းမှုတွေ ဆုံးရှုံးမှု တွေ ပျက်စီးမှုတွေ ဖြစ်လာတတ်တယ်။

ခယာ ပဒေါသာ ဇယန္တိ။ ။ ဒီလိုပျက်စီးမှုတွေ နှင့် ကြုံရတဲ့အခါ ရမ်းကားလာတတ်တယ်။ နဂိုက ဒီလူ ဒီလို မဟုတ်ပါဘူး။ ခုကျမှ ဒီလို ဆိုတာမျိုး ပစ္စည်းရှိတုန်း၊ အာဏာရှိတုန်းက တစ်မျိုး ပစ္စည်းမရှိ အာဏာမရှိတော့ တစ်မျိုးဆိုပြီးတော့ ပတ်ဝန်းကျင်ကို ရမ်းကားတတ်တယ်။ နဂိုအတိုင်း ပြန်ဖြစ်အောင် လုပ်ပြန်တော့လည်း နည်းမမှန် လမ်းမကျ ဥပဒေ နှင့် မလွတ်ကင်းတာတွေ ဒုစရိုက်နှင့် မလွတ်ကင်းတာတွေ လုပ်မိလို့ နဂိုအဆင့် ပြန်မရောက်ရုံမျှမက ဒုက္ခပါရောက်ရပြန်တယ်။ မထူးပါဘူး ဆိုပြီးတော့ မထူးဇာတ်ခင်းမှ ပိုတောင်ဆိုးသေးတယ်။ အစကတည်းက မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနှင့် နေလာခဲ့တာ။ လုပ်သင့်တာတွေကို လုပ်ရကောင်းမှန်းမသိ မလုပ်သင့်တာတွေကို ရှောင်ရကောင်းမှန်းမသိ ၀ါသနာအလျောက် မလုပ်သင့်မလုပ်ထိုက်တာတွေ ကိုပဲ လျှောက်လုပ်တတ်တယ်။ ဒါကြောင့် ပျက်စီးလာလျှင် အပြစ်တွေ ပိုများလာတတ်တာပေါ့။

မာမဒေါ ဘရတူသဘ။ ။ တိုင်းပြည်တာဝန်တို့လို အလွန်ကြီးလေးတဲ့ တာဝန်တွေ ထမ်းဆောင် ရတဲ့ ပုဂ္ဂိုလ်မျိုးဟာ ဘယ်တော့မှ မာန် မယစ်ပါနှင့် လို့ ဆုံးမတယ်။

ဒီနေရာမှာ ဘာသတိပြုသင့်သလဲ ဆိုတော့

(၁) မာန်ယစ်တာတွေ မရှိသင့်ဘူး။ မာန်တက်တာ တွေ မဖြစ်သင့်ဘူး။ ကျန်းမာနေရင်လည်း ကျန်းမာနေတုန်း ကြိုးစားမှ ဆိုပြီးတော့ လုပ်သင့် လုပ်ထိုက်တာတွေ ကြိုးစား လုပ်ရမှာဖြစ်တယ်။ အရွယ်ကောင်း နေရင်လည်း အရွယ်ကောင်းတုန်း ကြိုးစားမှ။ အသက်ရှင်နေရင်လည်း အသက်ရှင်နေတုန်း ကြိုးစားမှ၊ အာဏာရှိတော့ အာဏာရှိတုန်း ကြိုးစားမှ၊ ပစ္စည်းရှိနေရင်လည်း ပစ္စည်းရှိနေတုန်း ကြိုးစားမှ စသဖြင့် ရရှိနေတဲ့ အခြေအနေကောင်းတွေကို မာန်တက်နေမည့်အစား အသုံးချပြီး ကြိုးစားရမှာ ဖြစ်တယ်။

(၂) လုပ်ခွင့်သာတဲ့ အချိန်ကလေး ရရှိထားခိုက် လုပ်သင့်တာတွေ လုပ်မိအောင် မလုပ်သင့်တာတွေ မလုပ်ဖြစ်အောင် လုပ်ရမှာဖြစ်တယ်။ လုပ်သင့်တာတွေ လုပ်ဖြစ်အောင် လုပ်တာတော့ဟုတ်ပါပြီ။ မလုပ်သင့် တာတွေ မလုပ်ဖြစ်အောင် တော့ ဘယ်လို လုပ်ရမလဲ၊ မလုပ်သင့်တာတွေ မလုပ်မိအောင် အထူးရှောင်နေတာထက် အဲဒီအချိန်မှာ လုပ်သင့်တာ လုပ်လိုက်လျှင် ပြည့်စုံပါပြီ။

(၃) အကြောင်းအမျိုးမျိုးကြောင့် ကောင်းဆိုးနှစ်တန် လောကဓံတွေရဲ့ အလှည့်အပြောင်းမှာ အဆိုးလောကဓံ နှင့် ကြုံရပြီ ဆိုလျှင်ကော ဘယ်လိုလုပ်မလဲ။ ပြန်လည်တည်ဆောက်ရေးကို အားသွန်ခွန်စိုက် လုပ်ရအုံးမှာပေါ့။ ဒီလို လုပ်တဲ့ နေရာမှာတော့ အရာရာကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ပြီး ဥာဏ်နှင့် သတိယှဉ်ပြီး အလုပ်လုပ်ရမှာပေါ့။ ဟုတ်တယ်လေ။ ဘ၀ဆိုတဲ့ ခန္ဓာစဉ်က ဒီဘ၀မှာတောင်မှ သေဆုံး ပြတ်စဲသွားတာ မဟုတ်သေးဘူး။ ရှေ့ဆက် အသက်ရှင်ရမှာ မဟုတ်ဘူးလား။ သေသွားရင်ကော နောက်ဘ၀ ဒီခန္ဓာစဉ် ဆက်သွားဦးမှာ မဟုတ်လား။ ဒီတော့ မထူးပါဘူး ဆိုပြီးတော့ ဖြစ်ချင်ရာဖြစ် ဆိုပြီး ဇွတ်နစ်နေလို့ ဖြစ်ပါအုံးမလား။
http://www.ashinkumara.com/

0 Comments:

blogger templates | Make Money Online