Wednesday, December 3, 2008

၂၀၁၀ ရွေးကောက်ပွဲ အတွက် ရပ်ကွက်အဆင့် သင်တန်းများ ပို့ချ


အောင်သက်ဝိုင်း

စစ်အစိုးရက လာမည့် ၂၀၁၀ ရွေးကောက်ပွဲ အတွက် လူဦးရေ စာရင်းများ ပြန်လည် စိစစ် ကောက်ခံခြင်းနှင့် အောက်ခြေ အဆင့် ရပ်ကွက် အာဏာပိုင်များကို စီမံခန့်ခွဲရေးနှင့် အုပ်ချူပ်ရေး သင်တန်းများ ပို့ချခြင်းများ စတင် ဆောင်ရွက် နေကြောင်း ရန်ကုန်မြို့ခံများ၏ ပြောဆိုချက်အရ သိရှိရသည်။
လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် မဲပေးကြမည့် လူဦးရေ စာရင်းများကို ပြန်လည် စိစစ်သည့် အနေဖြင့် ရန်ကုန် အပါအ၀င် မြို့ပြဒေသ ကြီးများတွင် ယခုနှစ် နိုဝင်ဘာ လကုန်မှစပြီး လူဦးရေ စာရင်းများ စတင် ကောက်ခံ နေကြောင်း ရန်ကုန်တိုင်း လှိုင်မြို့နယ် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီမှ တာဝန်ရှိသူ တဦးက ပြောသည်။

“လူဦးရေ စာရင်းတွေ ပြန်ပြီးကောက်ဖို့ အထက်က ညွှန်ကြားလာတယ်၊ ဒါက ၂၀၁၀ ရွေးကောက်ပွဲ အတွက်၊ လက်ရှိ မြို့နယ်ထဲမှာ နေထိုင်တဲ့ လူဦးရေစာရင်းကို အတိအကျ ကောက်ခိုင်းတာ”ဟု အဆိုပါ လှိုင်မယက အဖွဲ့ဝင် တဦးက ဆိုသည်။

အဆိုပါ ကောက်ခံရရှိသော လူဦးရေ စာရင်းများကို ပြည်ထဲရေး ၀န်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ တိုင်းစစ်ဌာနချူပ်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန များသို့ အသီးသီး ပေးပို့ရကြောင်း၊ အဆိုပါ လူဦးရေ စာရင်းနှင့်တကွ ပြည်ပ တိုင်းပြည် များတွင် သွားရောက် အလုပ် လုပ်ကိုင်လျက် ရှိနေသည့် လူဦးရေ စာရင်းကိုပါ တပါတည်း ကောက်ခံပေးအပ် ရကြောင်း စုံစမ်းသိရှိရသည်။

“လူဦးရေ စာရင်းကောက်ရင်းနဲ့ ပြည်ပကိုထွက်နေတဲ့ လူစာရင်းပါ တွဲကောက်ရတယ်၊ ပြည်ပကိုသွားတဲ့ လူရဲ့ နာမည်၊ အသက်၊ မှတ်ပုံတင်နံပါတ်၊ သွားရောက်တဲ့ နိုင်ငံတွေ သေသေချာချာ ကောက်ခိုင်းတယ်၊ အဲဒီစာရင်းကို ဘာအတွက် ကောက်ခံခိုင်းတာလဲတော့ မသိဘူး”ဟု အင်းစိန်မြို့နယ်မှ ရပ်ကွက်အာဏာပိုင် အဖွဲ့ဝင်တဦးက ရှင်းပြသည်။

ထို့အပြင် ၂၀၁၀ ရွေးကောက်ပွဲအတွက် လူဦးရေ စာရင်းကောက်ခံခြင်းနှင့် အတူ စစ်အစိုးရ ကျောထောက်ခံပေး ထားသည့် ကြက်ခြေနီ၊ မီးသတ်၊ စွမ်းအားရှင်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းများတွင် အင်အား သစ်များ စုဆောင်း တိုးချဲ့ခြင်းများ ရှိနေကြောင်း ရန်ကုန်မြို့ရှိ ရယက အဖွဲ့ဝင်များထံမှ စုံစမ်းသိရှိရသည်။

“ကြံ့ဖွံ့၊ မီးသတ်၊ ကြက်ခြေနီ၊ စွမ်းအားရှင်ထဲ ၀င်ချင်ရင် ရပ်ကွက်လူကြီးတွေက တဆင့် သက်ဆိုင်ရာ အဖွဲ့ အစည်းတွေဆီ ပို့ပေးတယ်၊ အင်အားသစ်တွေ တိုးချဲ့နိုင်အောင် စည်းရုံးရေး ဆင်းဖို့လည်း မှာထားတယ်”ဟု ရန်ကုန်မြို့မှ အမည် မဖော်လိုသော ရပ်ကွက် လူကြီးတဦးက ပြောပြသည်။

လာမည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ၀င်မည့် ရန်ကုန်တိုင်း ကြံ့ဖွံ့အသင်းမှ မြို့နယ် စည်းရုံးရေးမှုး တဦးကမူ အသင်းအနေဖြင့် အသင်းဝင် သစ်များကို လက်ခံကြိုဆိုနေကြောင်း၊ လက်ရှိ အသင်းဝင် အင်အား ၂၄ သန်းကျော် ရှိသော်လည်း မည်သူမဆို အသင်းဝင်လိုက ၀င်နိုင်ကြောင်း ပြောသည်။

“အသင်းသား အသစ်တွေ လက်ခံကြိုဆို နေပါတယ်၊ အသင်း ၀င်ချင်ရင် သက်ဆိုင်ရာ မြို့နယ်ရုံးတွေကနေ တဆင့် လျှောက်လွှာဖြည့်ပြီး အသင်းဝင်လို့ ရပါတယ်”ဟု ၎င်းက ပြောသည်။

ကြံ့ဖွံ့အသင်း နာယက ဗိုလ်ချူပ်မှုးကြီး သန်းရွှေကမူ ကြံ့ဖွံ့အသင်းကြီး အနေဖြင့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံသစ် တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် ကိုယ်တိုင် ပါဝင်မည် ဖြစ်သကဲ့သို့ ပြည်သူ တရပ်လုံး ပါဝင်လာ ရန်လည်း ကြိုးပမ်းရမည် ဖြစ်ကြောင်း၊ မည်သည့် အခြေအနေမျိုးတွင်မဆို အနှောင့်အယှက် မှန်သမျှကို တွန်းလှန် ဖယ်ရှားမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၂၈ ရက်နေ့ နေပြည်တော်တွင် ကျင်းပသည့် ၁၅ နှစ်မြောက် အသင်း နှစ်ပတ်လည် အစည်းအဝေးတွင် ပြောကြားသည်။

“နိုင်ငံတော်သစ် တည်ဆောက်ရေး လုပ်ငန်းစဉ်ကြီးမှာ ကိုယ်တိုင် ပါဝင်ဆောင်ရွက်ရုံမကဘဲ ပြည်သူတရပ်လုံး အင်တိုက် အားတိုက် ပါဝင်ဆောင်ရွက်နိုင်စေဖို့ စည်းရုံးနည်းလမ်းအားဖြင့် အထောက်အကူ ပြုနိုင်ရေးဟာ အသင်းကြီးရဲ့ အဓိက တာဝန်ဖြစ်တယ်”ဟု ဗိုလ်ချူပ်မှုးကြီး သန်းရွှေက ဆိုသည်။

ထို့ပြင် အောက်ခြေအဆင့် ရယက အဖွဲ့အစည်းများကိုလည်း စီမံခန့်ခွဲရေးနှင့် အုပ်ချူပ်ရေး သင်တန်းများ ပို့ချပေးလျက်ရှိကြောင်း သိရှိရသည်။

“ဆယ်အိမ်မှုးတွေ၊ ရာအိမ်မှုးတွေခေါ်ပြီး ရက်တိုသင်တန်းတွေ ပေးတယ်၊ မြို့နယ်ရဲမှုး၊ ခရိုင်အုပ်ချူပ်ရေးမှုး၊ မီးသတ် အရာရှိတွေလာပြီး အုပ်ချူပ်ရေး၊ စီမံခန့်ခွဲရေး သဘောတရားတွေ ပို့ချတယ်၊ ပြီးတော့ အထက်အောက် အပြန်အလှန် သတင်းပို့ခြင်း စနစ်တွေလည်း အဓိကထား သင်တယ်”ဟု နိုဝင်ဘာ လဆန်းပိုင်းက တပတ်သင်တန်း တက်ရောက်ခဲ့သည့် အသက် ၃၀ ကျော်အရွယ် ရပ်ကွက် ဆယ်အိမ်မှုး တဦးက ဆိုသည်။

ရန်ကုန်မြို့ အခြေစိုက် သတင်းထောက် တဦးကမူ စစ်အစိုးရ အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲ အတွက် အရေးကြီးသည့် နိုင်ငံရေး ပါတီများ ဖွဲ့စည်းခွင့် ဥပဒေကို မထုတ်ပြန်ဘဲ ထိုသို့ ပြင်ဆင်မှုများ ပြုလုပ်ခြင်းမှာ ဖြစ်ပေါ်လာမည့် အခြေအနေများကို ထိန်းသိမ်းနိုင်ရန်အတွက် ဖြစ်နိုင်ကြောင်း သုံးသပ်သည်။

“တကယ် အရေးကြီးတာက ပါတီတွေ ဖွဲ့ခွင့်ဥပဒေပေါ့၊ ဒါကို ခုထိမထုတ်သေးဘဲ သူတို့အချိန်ယူ ပြင်ဆင်နေတာက ဥပဒေထွက်ပြီး ဖြစ်လာမယ့် အခြေအနေတွေကို နိုင်နိုင်နင်းနင်း ထိန်းနိုင်အောင်ဖို့ အတွက်ဆိုတာ ထင်ရှားတယ်”ဟု အဆိုပါ သတင်းထောက်က ဆိုသည်။

အခြားတဘက် တွင်လည်း စစ်အစိုးရသည် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ကျင်းပပြီး အရပ်သား အစိုးရထံ တရားဝင် ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရန် ပြင်ဆင်ခြင်းထက် နိုင်ငံပိုင် သဘာဝ သံယံဇာတ အရင်းအမြစ်များ၊ မြေယာ အဆောက်အအုံများ၊ စက်ရုံအလုပ်ရုံ အပါအ၀င် ပြည်သူပိုင် ပစ္စည်းများအားလုံးကို ထုတ်ရောင်းလျက်ရှိကြောင်း သိရှိရသည်။

ယခု ၂၀၀၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် နိုင်ငံပိုင် မော်တော်ယဉ်များ၊ စက်ရုံများ၊ မြေယာ အဆောက်အဦများ လေလံတင် ရောင်းချမှု များပြားလာသည်ကို တွေ့ရကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

“ခုနောက်ပိုင်း နိုင်ငံပိုင် ကားတွေ လေလံပစ်တာ တော်တော်များလာတယ်၊ ရန်ကုန်၊ တောင်ငူ၊ မန္တလေး၊ လားရှိုး၊ မူဆယ်မှာ ကားတွေ ရာဂဏန်းချီပြီးတော့ ဆက်တိုက် လေလံပစ်တယ်၊ ထပ်ပစ်ဖို့လည်း ကြေညာနေတယ်” ဟု ရန်ကုန်အခြေစိုက် ကားဝယ်ရောင်း စီးပွားရေးသမားကြီး တဦးက ဆိုသည်။

ဒီဇင်ဘာလ ၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ တွင်လည်း အစိုးရပိုင် စက်ရုံ ၃၄ ရုံနှင့် ၀န်ကြီးဌာနပိုင် မြေကွက်နှင့် အဆောက်အဦး ၂ ခုကို ရောင်းချမည်ဖြစ်ကြောင်း၊ အဆိုပါ စက်ရုံနှင့် မြေကွက်များ၏ တန်ဖိုးမှာ မြန်မာငွေ ၇၇ ဘီလီယံကျော် တန်ဖိုးရှိကြောင်း တရားဝင် ကြေညာထားသည်။

ရောင်းချမည့် စက်ရုံများတွင် အမှတ် ၁ စက်မှုဝန်ကြီး ဌာနပိုင် စက်ရုံ ၂၇ ရုံ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနပိုင် စက်ရုံ ၇ ရုံတို့ ပါဝင်ပြီး ရန်ကုန်ရှိ မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန၏ အဆောက် အအုံနှင့် မြေကွက်၊ သမ၀ါယမ ၀န်ကြီးဌာန၏ အဆောက်အအုံနှင့် မြေကွက် ပါဝင်ကြောင်း သိရသည်။

“၂၀၁၀ မရောက်ခင် ဒီစစ်အစိုးရ စီးပွားရှာတာပေါ့၊ ရှိတာတွေ အကုန် ထုတ်ရောင်းတဲ့ သဘောပဲ”ဟု ရန်ကုန် အခြေစိုက် သတင်းထောက်တဦးက သုံးသပ်သည်။

ရန်ကုန် သတင်းထောက်က ထိုသို့ သုံးသပ်သော်လည်း စစ်အစိုးရ မြန်မာ့စီးပွားရေးဘဏ်မှ အရာရှိကြီး တဦးကမူ အစိုးရ၏ ထိုသို့ နိုင်ငံပိုင် စက်ရုံများနှင့် မြေကွက်များ ရောင်းချခြင်းမှာ မှန်ကန်သော လုပ်ရပ်ဖြစ်ကြောင်း ပြောသည်။

“ဒီစက်ရုံတွေက နည်းပညာပိုင်းအရ ခေတ်မမီတော့ဘူး၊ အသစ်တိုးချဲ့ဖို့ ဆိုတာကလည်း ငွေကြေးအင်အား တအားများတယ်၊ အဲဒီတော့ အရှုံးပေါ်နေတဲ့ ဒီစက်ရုံ အလုပ်ရုံတွေ ပုဂ္ဂလိကကို ရောင်းတာဟာ အစိုးရ အနေနဲ့ မှန်တယ်”ဟု အဆိုပါ အရာရှိက ဆိုသည်။

ရန်ကုန်မြို့မှ စီးပွားရေးသမား တဦးကလည်း အစိုးရရောင်းချသည့် စက်ရုံများမှာ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မည့်သူ နည်းပါးကြောင်း၊ အထူးသဖြင့် ကြမ်းခင်းဈေး အလွန်များပြီး ရင်းနှီးမြုပ်နှံရမည့် ပမာဏနှင့် ရရှိမည့်အမြတ်မှာ မကာမိနိုင်ကြောင်း ရှင်းပြသည်။

“၂၀၀၇ ခုနှစ်တုန်းက အစိုးရရဲ့ စားသောက်ကုန်နဲ့ လူသုံးကုန်ထုတ်တဲ့ စက်ရုံတွေ အပါအ၀င် အကြီးစား စက်ရုံ ၁၁ ရုံရောင်းတယ်၊ ရင်းနှီးမြုပ်နှံမယ့်သူ အတော်နည်းတယ်၊ အဓိက ကြမ်းခင်းဈေး တအားများတယ်၊ ပြီးတော့ ရှိရင်းစွဲ ၀န်ထမ်းကို အလုပ်ဖြုတ်မပစ်ဘဲ ဆက်ပြီး အလုပ်ခန့်ရမယ်ဆိုတဲ့ အချက်နဲ့ တခြား ကန့်သတ်ချက် တွေကြောင့်
လုပ်ငန်းရှင်တွေဘက် ရင်းနှီးမြှုပ်နှံဖို့ မ၀ံ့မရဲပေါ့၊ အခုလည်း ဒီအတိုင်းပါပဲ´ဟု အဆိုပါ စီးပွားရေး လုပ်ငန်းရှင်က သုံးသပ်ပြောဆိုသည်။

ယခုအစိုးရ ရောင်းချမည့် စက်ရုံများတွင် အချိုရည်နှင့် ရေခဲစက်ရုံများ၊ အထည်စက်ရုံ၊ စားသောက်ကုန် စက်ရုံ၊ လူသုံးကုန်နှင့် ကြွေထည် ပစ္စည်း ထုတ်လုပ်သည့် စက်ရုံ နှင့် ဆန်စက်များ ပါဝင်ပြီး စက်ရုံတခု၏ အနည်းဆုံး တန်ဖိုးမှာ ကျပ်သန်း ၁၂၆ ရှိပြီး အများဆုံး တန်ဖိုးမှာ ကျပ်သန်း ၁၀၂၄၁ ရှိကြောင်း စက်ရုံအားလုံး၏ စုစုပေါင်း တန်ဖိုးမှာ ကျပ် ၇၇ ဘီလီယံ ရှိကာ အဆိုပါ ငွေကြေးပမာဏသည် စစ်အစိုးရ အုပ်ချူပ်သည့် သက်တမ်းကာလ တလျောက်တွင် ပုဂ္ဂလိကသို့ ရောင်းချသည့် ပထမဦးဆုံးနှင့် အများဆုံးသော ငွေကြေးပမာဏ ဖြစ်ကြောင်း သိရှိ ရသည်။
http://www.irrawaddy.org

0 Comments:

blogger templates | Make Money Online