Friday, December 5, 2008

ပြည်တွင်းရှိ ထိုင်းကောလက်ဖုန်းရှင်များ အခက်ကြုံ

မြန်မာပြည်တွင်း အသုံးပြုနေသော ထိုင်းကောလက်ဖုန်းများအတွက် သက်ဆိုင်ရာနယ်မြေခံ အာဏာပိုင်များ လစဉ်ကြေးပေးဆောင်နေရသော်လည်း ၎င်းအာဏာပိုင်များ၏ ကိုယ်ရေးကိုယ်တာ ကိစ္စအတွက် အမျိုးမျိုး ကြောင်းပြပြီး ဖုန်းပိုင်ရှင်များထံမှ ငွေကြေးထပ်မံ ကောက်ခံလျှက်ရှိသည်။

ထိုင်းနယ်စပ်နှင့် နီးစပ်လျှက်ရှိသော မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်များတွင် ထိုင်းမိုဘိုင်းဖုန်းများကို ကောလက်ဖုန်းများနှင့် ဆက်သွယ်ပြီး တွင်ကျယ်စွာ အသုံးပြုလျှက်ရှိသည်။

၎င်းကောလက်ဖုန်းများကို အသုံးပြုနိုင်ရန်အတွက် မိမိဒေသအတွင်းရှိ အာဏာပိုင်များနှင့် သဘောတူညီချက်ရယူပြီး အပေးအယူလုပ်ကြရသည်ဟု မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ ကောလက်ဖုန်းပိုင်ရှင်များက ဆိုသည်။

၎င်းတို့၏ပြောပြချက်အရ ထိုင်းကောလက်ဖုန်းများကို အသုံးပြုရန်အတွက် ကျပ်တစ်သောင်းမှ ကျပ်သုံးသောင်းအကြား နယ်မြေခံ အာဏာရှိသူများထံ လစဉ်ပေးဆောင်ကြရပြီး ၎င်းအာဏာပိုင်များ၏ အရေးပေါ်လိုအပ်ချက်များအတွက်လည်း ငွေကြေးထပ်မံ ဖြည့်ဆည်းပေးရသည်ဟု ကောလက်ဖုန်းပိုင်ရှင်များက ဆိုသည်။

လွန်ခဲ့သည့် ရက်သတ္တတစ်ပတ်ခန့်တွင် ရေးမြို့နယ် မယက ဥက္ကဌမှ ရေးမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာပေါင်း (၁၅) ရွာခန့်ရှိ ထိုင်းကောလက်ဖုန်းရှင် (၁၀၀) ကျော်ထံမှ ငွေကျပ်သိန်း (၃၀) ကျော် ကောက်ခံသွားသည်ဟု ရေးမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာတစ်ရွာမှ ကောလက်ဖုန်းရှင် တစ်ဦးက ဆိုသည်။

"ကျနော်တို့က တစ်လဆိုတစ်သောင်းနှစ်ထောင်ကျပ် လတိုင်းလတိုင်းပေးနေရတယ်။ မနေ့က ရွာဥက္ကဌက ကျနော်တို့ ကောလက်ဖုန်းပိုင်ရှင်တွေကို ခေါ်တယ်၊ ရေး မယက ဥက္ကဌက သူတို့ရုံးမှာ သုံးထားတဲ့ ပြည်တွင်းဖုန်း လစဉ်ကြေးသုံးသိန်း ပေးသွင်းဖို့အတွက် ကျနော်တို့ ထိုင်းကောလက်ဖုန်းရှင်တွေမှာ အကူအညီတောင်းထားတယ်လို့ ကျနော်တို့ကို ပြောတယ်၊ ကျနော်တို့ တစ်ဦး သုံးသောင်းကျပ်ပေးလိုက်ရတယ်" ဟု ၎င်းကပြောသည်။

ထို့အတူ အခြားအရပ်ဒေသများတွင်လည်း ကောလက်ဖုန်း အသုံးပြုရန်အတွက် လစဉ်ကြေးအပြင် အရေးပေါ်ကိစ္စဟု အကြောင်းပြပြီး နယ်မြေခံ အာဏာရှိများက ငွေကြေးလာရောက်ကောက်ခံလျှက်ရှိကြောင်း အရပ်ဒေသ အသီးသီးမှ ကောလက်ဖုန်းရှင်များက ဆိုသည်။

"မနေ့ကပဲ အရပ်ဝတ်နဲ့လူ (၂) ယောက်က ဆေးလိပ်ဖိုးဆိုပြီး ငွေငါးထောင် လာတောင်းသွားတယ်၊ ကျမတို့ ခဏခဏ ပေးနေရတယ်၊ တခါတလေ လူကြီးတွေကို ဧည့်ခံဖို့ ဆိုပြီး တောင်းတာမျိုး၊ သူတို့အကြောင်းပြချက်က စုံနေတာပဲ" ဟု မုဒုံမြို့နယ်အတွင်းရှိ ကောလက်ဖုန်းရှင်တစ်ဦးက ပြောသည်။

"ကျမတို့မှာ တစ်လဆိုသုံးသောင်းပေးရတယ်၊ ဒါက လတိုင်းပါပဲ၊ နောက်ပြီး ဟိုသင်တန်း၊ ဒီသင်တန်းအတွက်ဆိုပြီး လာကောက်သေးတယ်၊ တခါတလေဆို ငါးထောင်၊ တခါတလေဆိုရှစ်ထောင် တောင်းတယ်၊ ပုံမှန်တော့ မရှိဘူး" ဟု ရေးမြို့နယ် တောင်ပိုင်းရှိ ဖုန်းရှင်တစ်ဦးက ပြောသည်။

"ကျနော်တို့မှာ လေးလတစ်ကြိမ်လည်း ပေးရတယ်၊ နောက်တော့ အရေးပေါ်ဆိုပြီး ကောက်တာလည်း ရှိတယ်၊ အမျိုးမျိုးပါပဲ" ဟု ကရင်ပြည်နယ် ဘားအံမြို့နယ်မှ ဖုန်းရှင်တစ်ဦးက ဆိုသည်။

ဘားအံမြို့တွင် ထိုင်းကောလက်ဖုန်း အသုံးပြုရန်အတွက် နယ်မြေခံ အာဏာပိုင်များအား လေးလတစ်ကြိမ် ခြောက်သောင်းကျော် ပေးဆောင်ကြရပြီး အရေးပေါ်ကိစ္စ ခဏခဏ လာရောက် ကောက်ခံနေကြောင်း၊ တခါတရံ ကျပ်တစ်သိန်းကျော် အထိပင် ပေးရကြောင်း အထက်ပါဖုန်းရှင်က ပြောသည်။

မြန်မာပြည်တွင်းရှိ ထိုင်းကောလက်ဖုန်းများမှာ အငှားဆက်ရန်အတွက်သာ အသုံးပြုကြပြီး ဖုန်းဆက်သူများမှာလည်း ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေကြသော မိသားစု ဆွေမျိုးများနှင့် ဆက်သွယ်ရန် အတွက်သာ အသုံးပြုကြသည်။

နယ်မြေခံ အာဏာပိုင်များအား ငွေကြေးပေးဆောင်ရခြင်း များသည့်အတွက် ဖုန်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုရန် အဆင်မပြေကြောင်း၊ အချို့ရွာများတွင် ဖုန်းလာရောက် ဆက်သွယ်သူနည်းပြီး၊ ငွေကြေးကောက်ခံမှု များခြင်းကြောင့် တပ်ဆင်ထားသော ကောလက်ဖုန်းများကို ပြန်လည်ရုပ်သိမ်းလိုက်ရကြောင်း၊ တခါတရံ မိမိပတ်ဝန်းကျင်၌ ဖြစ်ပျက်နေသော အကြောင်းအရာများ သတင်းဌာနတစ်ခုခုမှ ထုတ်လွှင့်ခဲ့ပါက မိမိတို့အား လာရောက်စစ်ဆေး မေးမြန်းပြီး အပြစ်ရှာတတ်ကြောင်း မွန်ပြည်နယ်ရှိ ကောလက်ဖုန်းရှင်များက ပြောသည်
http://www.monnews-imna.com

0 Comments:

blogger templates | Make Money Online