Wednesday, December 10, 2008

မိတ်ဆွေများထံမှ ပေးအပ်လိုက်သောအရာ

စိုးသင့်ဆွေ



မိတ်ဆွေကောင်းဆိုတာ လောကမှာ တန်ဖိုးမဖြတ်နိုင်တဲ့ အရာပါ တဲ့။ ကမ္ဘာပေါ်မှာရှိတဲ့ သတ္တဝါများဟာ ရေသတ္တဝါတွေဖြစ်ဖြစ်၊ ကုန်းနေသတ္တဝါတွေပဲ ဖြစ်ဖြစ် မျိုးတူရာ စုပေါင်း နေထိုင်တဲ့ စရိုက်သဘာဝ ရှိကြတယ် မဟုတ်လား။
ကျမတို့တွေဟာ လူ့ဘဝသက်တမ်း တလျှောက်လုံး မိမိရဲ့ ရောက်ရှိနေတဲ့အသက်ထက် များပြားတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ ရရှိခဲ့တယ် မဟုတ်ပါလား။ လူဆိုတာ တဦးတည်း အထီးကျန် မနေတတ်တဲ့ သတ္တဝါထဲမှာ ထိပ်ဆုံးက ပါတယ်လေ။
ကမ္ဘာပေါ်မှာ ရှိတဲ့ လူသားတိုင်းဟာ မိတ်ဆွေ အပေါင်းအသင်းကို လိုလားကြပါတယ်။ မိတ်ဆွေ သူငယ်ချင်းဖြစ်အောင် တဦးနှင့်တဦး မိတ်ဖွဲ့ကြ၊ ခင်မင်ရင်းနှီးမှုကို တည်ဆောက်ကြပါတယ်။ မိတ်ဆွေ နှစ်ယောက်ရဲ့ ခင်မင်ရင်းနှီးမှု အတိုင်းအတာဟာ တယောက်ကို တယောက် ယုံကြည်မှုနဲ့ တိုက်ရိုက် အချိုးကျတယ်ဆိုရင်လည်း မှားမယ် မထင်ပါဘူးနော်။
အရစ်စ်တိုတယ် (Aristotle) ရဲ့ အဆိုအမိန့်ကတော့ ခင်မင်ရင်းနှီးမှုဆိုတာ နှစ်ကိုယ့်တစိတ်လို့ ဆိုပါတယ်။ ဟုတ်တယ်နော် မိတ်ဆွေဆိုတာ စရိုက်တူ အကြိုက်တူတွေမှ ရင်းရင်းနှီးနှီး ပေါင်းဖြစ်ကြတာမဟုတ်လား။ တချို့ဆို ဘယ်လောက် အကြိုက်တူလဲဆိုရင် အသုံးအဆောင်ပစ္စည်းတွေက အစ အကြိုက်ခြင်းတူ နေတတ်ကြတယ်လေ။

နောက်ပြီး မိတ်ဆွေကောင်းတွေဖြစ်ဖို့က တဦးကို တဦးက လေးစားမှုလည်း ရှိဦးမှ ဖြစ်မှာလေ။ တယောက်နဲ့ တယောက် အပြန်အလှန် လေးစားမှု မရှိတော့တဲ့ ဆက်ဆံရေးဟာ အက်ကွဲနေတဲ့ မှန်တချပ်လိုပါပဲ။ အမြင်အရလည်း မကြည်လင် ထိခိုက်မိဖို့ အန္တရာယ်လည်း ရှိနိုင်တယ်ဆိုတော့ လွင့်ပစ်လိုက်တာကမှ ကောင်းသေးတယ်လေ။
မိတ်ဆွေသူငယ်ချင်းကောင်းတွေမှာ ဘယ်သူက နောက်လိုက်၊ ဘယ်သူကတော့ ခေါင်းဆောင်ဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေလည်း ကင်းရှင်းပြန်သေးတယ်။ ဟုတ်တယ်လေ ငါကတော့ ဗိုလ်လုပ်မယ်၊ မင်းကတော့ ငါ့လောက်မှမတော်လို့ ငါ့တပည့်လုပ်ဆိုရင်တော့ ဒီလို အထက်စီးဆန်တဲ့ ဆက်ဆံရေးမျိုးဟာလည်း ဘယ်မှာလာပြီးတော့ ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး ဖြစ်လာပါတော့မလဲ။
ဒါကို အယ်လ်ဘတ်ကမြူး (Albert Camus) က ဒီလိုဆိုမိန့်ခဲ့တယ်၊ "ငါ့နောက်က မင်း လိုက်နေလို့လည်း ငါဦးဆောင်လိမ့်မည် မဟုတ်၊ မင်း ရှေ့ကသွားနေလို့လည်း မင်းနောက်လိုက် ငါဖြစ်လိမ့်မည် မဟုတ်၊ ငါ့ နံဘေးမှာ သူငယ်ချင်းအဖြစ်နဲ့ အတူတူလျှောက်စမ်းပါ" သူပြောတာလည်း ပညာရှိစကားမို့ မှန်လိုက် တာနော်။
နောက်ပြီးတော့ မိတ်ဆွေကောင်းတို့ မည်သည် ဝေဖန်ပိုင်းခြား အကြံပေးမှုလည်း လုပ်ရပါသေးတယ်။ အမုန်းမခံနိုင်လို့ဆိုပြီး မိမိ မိတ်ဆွေမှားနေတာကြီးကို မပြောဘဲ သူဘာသူ နောက် မှားတော့မှ သိသွားလိမ့်မယ် ဆိုတဲ့ အတွေးမျိုးရှိတဲ့ ဆက်ဆံရေးဟာလည်း ကောင်းမွန်တဲ့ မိတ်ဆွေစစ်တို့ ဆက်ဆံရေး မဟုတ်ပြန်ဘူး။
အဲ… ဒါပေမဲ့ မှားနေတယ်လို့ ထင်တဲ့ အကြောင်းကိုတော့ တေ့တေ့ဆိုင်ဆိုင် ပွင့်ပွင့်လင်းလင်း ပြောဆိုဝေဖန်လိုက်ပါ။ မျက်နှာချင်းဆိုင် မပြောချင်လို့ ကိုယ့်မိတ်ဆွေ နားထဲ ပြန်ပေါက်အောင်ဆိုပြီး တဖက်လှည့်နဲ့ တခြားသူတွေကို ပြောပြလိုက်တာဟာ သင့်မိတ်ဆွေ အမြင်မှာ သင်ဟာ နောက်ကွယ်မှာ အတင်းအဖျင်း ပြောတတ်တဲ့သူ ဆိုပြီး အမြင်စောင်းသွားနိုင်သေးတယ်။
ဒါကို မာတင်လူသာကင်း ဂျုနီယာ (Martin Luther King Jr.) က "ကျွန်ုပ်တို့ဟာ ရန်သူတို့ရဲ့ စကားသံတွေကိုသာ အမှတ်ရသင့်သည် မဟုတ်၊ မိတ်ဆွေတို့ရဲ့ ဆိတ်ဆိတ်နေမှုကိုလည်း အမှတ်ရသင့်ပေသည်။" ဒီတော့ မပြောမဆို ခပ်မဆိပ်မနေကြနဲ့နော်။
မိတ်ဆွေ လိုလို သူငယ်ချင်းလိုလို နဲ့ နောက်ကျော ဓားနဲ့ ထိုးတဲ့သူတွေကိုတော့ နောက်နောက်ပြောင်ပြောင်နဲ့ "Frenemies" Half Friend, Half Enemy လို့ နာမည်သစ် ထွင်ထားသေးတယ်။ မှတ်သားစရာပေါ့လေ။ ဘဝမှာ သိက္ခာမရှိတဲ့ မိတ်ဆွေနဲ့ စီးချင်းထိုးရတာမျိုးထက်စာရင် ရန်သူနဲ့ စီးချင်းထိုးရတာ ပိုပြီး ဂုဏ်ယူဖို့ ကောင်းတယ် မဟုတ်ပါလား။ သိက္ခာမရှိတဲ့ မိတ်ဆွေတွေနဲ့ စီးချင်းထိုးရတာ ဝမ်းနည်း ရင်နာစရာလည်း ကောင်း၊ တန်ဖိုးရှိတဲ့ အချိန်တွေကိုလည်း ဖြုန်းပစ်သလို ဖြစ်တာမို့ ဘာအကျိုးမှ မရှိပါဘူး။
ရန်သူ့ရဲ့ရန်သူ ဟာ မိတ်ဆွေ ပါ တဲ့။ ဒါဆိုရန်သူ့ ရန်သူဟာ ကိုယ့်မိတ်ဆွေပေါ့။ ဒါကလည်း ပုံသေတော့ မဟုတ်ဘူးနော်။ အဲဒီ မိတ်ဆွေက ဘယ်အတိုင်းအတာ အထိ ယုံကြည်ရမလဲ ဆိုတာ စောင့်ကြည့်ရမယ်လေ။ ဘယ်အတိုင်းအတာအထိ ခင်မင်ရင်းနှီးမှု တည်ဆောက်နိုင်မလဲ ဆိုတာ အရေးကြီးသေးတယ်။
အပေါ်က အဆိုအမိန့်နဲ့ ပြောင်းပြန်က ရန်သူရဲ့ မိတ်ဆွေဟာ ရန်သူ တဲ့။ ဒါကတော့ လုံးဝ မှန်တာပေါ့။ ရန်သူ့ မိတ်ဆွေပါဆိုမှ ကိုယ့်အကျိုးလိုလားတဲ့သူ ဘယ်ဖြစ်ပါတော့မလည်း။
အဲ .. မိတ်ဆွေစစ်တို့မည်သည် တကိုယ်ကောင်းဆန်လို့လည်း မရသလို စွန့်လွှတ် အနစ်နာခံမှုလည်း ရှိရသေးတယ်။ ကိုယ့်အတွက်ကြီးပဲ ကြည့်နေရင်လည်း ကောင်းမွန်အောင်မြင်တဲ့ ဆက်ဆံရေးဖြစ်လာမှာ မဟုတ်ဘူးပေါ့။ ကမ္ဘာကျော် ဟဲဗီးဝိတ်ချံပီယန် မိုဟာမက် အလီ (Muhammad Ali) ရဲ့ အဆိုအမိန့်ကတော့ "ရင်းနှီးမှုဆိုတာ ကျောင်းသင်္ခန်းစာမှာ ပြဒါန်းမထားဘူး၊ ဒါပေမဲ့ ရင်းနှီးမှု ရဲ့ အနှစ်အဓိပ္ပာယ်ကို မလေ့လာရသေးဘူး ဆိုရင် ခင်ဗျား ဘာတခုမှ မလေ့လာထားသေးဘူးဆိုတာ သိသာပါတယ်" တဲ့။
ခင်မင်ရင်းနှီးမှုဆိုတာ လူသားတယောက်ရဲ့ စိတ်ဓာတ်ရှင်သန်ဖို့ အရေးပါတဲ့အရာဆိုတာကိုတော့ ကမ္ဘာကျော် ကဗျာဆရာလည်းဖြစ် ပန်းချီကျော်ကြီးလည်းဖြစ်တဲ့ ဝီလျံမ် ဘလိတ် (William Blake) က "ငှက် အတွက် အသိုက်မြုံ၊ ပင့်ကူအတွက် ပင့်ကူမျှင်၊ လူသား အတွက် ခင်မင်ရင်းနှီးမှု" လို့ ဆိုမိန့်ခဲ့ပါတယ်။
ကျမတို့ရဲ့ ဘဝမှာ ကိုယ့်အသက်ထက်များပြားတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ ရှိခဲ့ကြတယ်ဆိုတာ အမှန်ပါပဲ။ ငယ်ဘဝတုန်းက ခင်မင်ခဲ့တဲ့ သူငယ်ချင်းတွေ၊ ကြီးတော့မှ သိကျွမ်းတဲ့ မိတ်ဆွေတွေ၊ အလုပ်ထဲမှာ ကျောင်းခန်းထဲမှာ၊ အပြင်လောကမှာ၊ အလွှာစုံ အသက်အရွယ်မျိုးစုံက လူတွေနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့ကြသလို အသက်မသေဆုံးခင် အချိန်အထိလည်း အသစ် အသစ်သော မိတ်ဆွေ သူငယ်ချင်းတွေ ထပ်၍ပို၍ တွေ့လာဦးမှာ အသေအချာပဲလေ။
မိတ်ဆွေ သူငယ်ချင်းတွေ အချင်းချင်းကြားက နွေးထွေးတဲ့ခင်မင်ရင်းနှီးမှု၊ အကြံဥာဏ်တွေ နားလည်မှုတွေဟာ ကျမတို့ အတွက် စိတ်ဓာတ်ကို အားဆေးတိုက်ကျွေးသလို အရေးပါ အရာရောက်ပါတယ်။ တဦးနဲ့ တဦး သူငယ်ချင်း ဖြစ်အောင် လုပ်ဖို့က လွယ်ကူသလောက် ခင်မင်ရင်းနှီးမှု ခိုင်မြဲဖို့အတွက်တော့ အချိန်အတော်ကြာ တည်ဆောက်ယူရပါမယ်။
ကျမတို့တွေဟာ တယောက်ကိုတယောက် မိတ်ဖွဲ့ကြ နှုတ်ဆက်ကြ ဒီက တဆင့်တိုးပြီး အကြိုက်တူ၊ ဝါဒတူ၊ စရိုက်တူတွေဖြစ်တဲ့ လူတွေဆို ပိုလို့ ခိုင်မြဲတဲ့ ခင်မင်ရင်းနှီးမှုကို တည်ဆောက်တဲ့ အချိန်မှာ။ အခန့်မသင့်လို့ မိတ်ဆွေက ရန်သူဖြစ်သွားရတာတွေ၊ လမ်းခွဲလိုက်တာတွေ ရှိလာတဲ့ အခါမှာ ခွင့်လွှတ်တတ်ဖို့လည်း အရေးကြီးပြန်ပါသေးတယ်။
အမေရိကန် သမတဟောင်း ဂျွန်အက်ဖ် ကနေဒီ (John F. Kennedy) ကတော့ ဒီလိုဆိုပါတယ်၊ "သင့် ရန်သူကို ခွင့်လွှတ်လိုက်ပါ၊ ဒါပေမဲ့ သူတို့ နာမည်များကို သင်ဘယ်တော့မှ မမေ့ပါနဲ့"။
ကျမတို့တွေဟာ ဒီလောကကြီးထဲကို ခဏတာရောက်ရှိလာသူတွေပါ။ ဒီလောကထဲက ပြန်ထွက်သွားရတဲ့ အချိန်မှာလည်း ပိုင်ဆိုင်သမျှတွေ အားလုံးကို ထားခဲ့ကြရမှာပါ။ ကျမတို့ယူသွားနိုင်တာ အနည်းငယ်ပဲရှိပါတယ်။ အဲဒါကတော့ ကျမတို့ ချစ်သောမိတ်ဆွေများ၏ ချစ်ခြင်းမေတ္တာတရား နဲ့ လွမ်းဆွတ်မှုတို့ပဲ ဖြစ်ပါတယ်။



0 Comments:

blogger templates | Make Money Online