Friday, December 5, 2008

ကာကွယ်ရေးဝန်ကြီးဌာနအောက် အပစ်ရပ်များ ပြန်လည်ဖွဲ့စည်းမည်




၂၀၁၀ ရွေးကောက်ပွဲအတွက် ကြိတင်ပြင်ဆင်တဲ့အနေနဲ့ တရုပ်နယ်စပ်က အပစ်ရပ်အဖွဲ့တွေ ပြန်လည်ပြင်ဆင်ဖွဲ့ စည်းပြီး စစ်အစိုးရကာကွယ်ရေးဝန်ကြီးဌာနလက်အောက် ထားရှိမယ်လို့ နအဖတာဝန်ရှိတပ်မှူးတစ်ဦးက စက်တင် ဘာလကုန်ပိုင်းမှာအသိပေး ပြောကြားလိုက်ပါတယ်။

သျှမ်းပြည်တခုလုံးကိုတာဝန်ယူထားတဲ့ ကစထမှူး ဒု-ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က ကျိုင်းတုံအရှေ့မုန်းလားအဖွဲ့၊ တောင်ပိုင်း UWSA ၀တပ်ဖွဲ့အရာရှိတွေကို ကျိုင်းတုံခေါ်ယူပြီး တွေ့ဆုံ အသိပေးတာလို့တရုပ်နယ်စပ်က အပစ် ရပ်အဖွဲ့တွေနဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်က သိရပါတယ်။ အခုလိုတွေ့ဆုံရာမှာ အပစ်ရပ်တပ်တွေကို လက်နက် ချခိုင်းတာမဟုတ်ဘဲ ကာကွယ်ရေးဝန်ကြီးဌာန လက် အောက်ရှိ သက်ဆိုင်ရာတိုင်းအောက်တပ်ဖွဲ့အဖြစ် ပြန်လည် ဖွဲ့စည်းမယ့်အကြောင်း အသိပေးတာလို့ဆိုပါတယ်။ ဒီလိုအသိပေးပေမဲ့ အပစ်ရပ်တပ်တွေကို ဘယ်တော့ပြန်ဖွဲ့စည်း ခိုင်းမယ်ဆိုတာကိုပြောတာ မဟုတ်ဘဲ ဒီကိစ္စအတွက်ပြင်ဆင်ထားဖို့၊အချင်းချင်းနားလည်မှု ရှိရှိနဲ့ ဆွေးနွေးညှိနှိုင်း ထားဖို့ ဒု-ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က မှာကြားခဲ့ တာဖြစ်ပါတယ်။ ဒါ့အပြင်တပ်တွေကို ပြန်လည်ဖွဲ့စည်းတဲ့ အခါမှာ နိုင်ငံတော်ရဲ့ တပ်မတော်အောက်မှာရှိတဲ့အတွက် တပ်မတော် ရဲ့ဂုဏ်သိက္ခာနဲ့ညီညွတ်တဲ့၊ အရည်အချင်းအဆင့် အတန်း ပြည့်မှီတဲ့ တပ်ဖွဲ့တွေဖြစ်ဖို့လိုတယ်လို့ ဆိုပါတယ်။ ဒီအတွက်အပစ်ရပ်အဖွဲ့တွေ ကနေပါလာတဲ့ အဆင့်မမှီတဲ့ တပ်ရင်းမှူး၊ တပ်ခွဲမှူး၊ တပ်စုမှူးတွေနေရာမှာ လိုအပ်ရင် ဗမာ့တပ်မတော်ကအရာရှိတွေနဲ့ အစားထိုးပြီး အုပ်ချုပ်သွား မယ်လို့ ပြောကြားသွားတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီးအပစ်ရပ် UWSA ၀ပြည်သွေးစည်းညီ ညွတ်ရေးတပ်မတော် တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ ဆက် သွယ် မေးမြန်းတော့ လည်းမရခဲ့ပါဘူး။အခုလိုစစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သက် ပြီးပြင်ဆင်မှုတွေကိုတရုပ် နယ်စပ် လေ့လာစောင့်ကြည့်နေသူတွေက တော့ကစထမှူး ဒု- ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် အခုလိုပြောခဲ့ တယ်ဆိုတာမှန်တယ် လို့ အဆက်အသွယ်တွေကတဆင့်သိရကြောင်းပြောပါတယ်။ အကယ်၍သာအပစ်ရပ်အဖွဲ့ တွေစစ်အစိုးရတပ်ရဲ့လက် အောက် ရောက်သွားခဲ့မယ်ဆိုတာနဲ့ပတ်သက်ပြီး တရုပ်နယ်စပ်က စစ်ရေး၊ နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက အခုလိုရှုမြင်ပါတယ်။

“ လက်နက်ချတာထက်ဆိုးတာပေါ့။ လက်နက်ချရင် ကိုယ့် လူတွေ လက်နက်အပ်လိုက်တာနဲ့ ပြီးပြီ။ ကိုယ့်ရပ်ကိုယ့် ရွာပြန်နေလို ရတာဘဲ။ သူပုန်ထချင်တဲ့အခါ ကျတော့ ကိုယ့်ဘာသာကိုယ် သေနတ် ရှာပြီးသူပုန်ပြန်ထလို့ရတယ်။ အခုတော့အဲလိုမဟုတ်ဘဲနဲ့တပ်တွေကို သူတို့ထဲကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ၊ သက်ဆိုင်ရာစစ်တိုင်း တွေ အောက်မှာ ပြန်လည်ဖွဲ့စည်းပြီးထားဖို့ပေါ့”။

မေလဆန္ဒခံယူပွဲက ထောက်ခံလိုက်ပြီဆိုတဲ့စစ်အစိုးရရဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေအရ နိုင်ငံမှာစစ်တပ်တတပ်ဘဲ ရှိရမယ်လို့ ပါရှိပါတယ်။ဒါနဲ့ဆက်စပ်ပြီးတော့လဲ “ဖွဲ့စည်းပုံကိုလက်ခံတယ်ဆို ကတည်းက အခြေခံဥပဒေစည်း မျဉ်းစည်းကမ်း ပြဌာန်းချက်ကို ကြိုက်ကြိုက် မကြိုက်ကြိုက် လက်ခံရမဲ့သဘောဖြစ်တယ်။ ကိုယ်ထည်ကြီးရှိတဲ့ လက် နက်ကိုင်အဖွဲ့စည်း အားလုံးက ကိုယ့်တပ်နဲ့ကိုယ်နေလို့ မရတော့ ဘူး။ နဂိုပုံစံအတိုင်းနေခွင့်မပေးတော့ဘူးလေ။ သူက တပ်တွေကိုမုချ လက်နက်အပ်ရင်အပ် မအပ်ရင်အဲလိုဘဲအဖျက်ခံရမှာပေါ့။ ရှိတဲ့ခေါင်း ဆောင်မှုက ဒေသ ဆိုင်ရာပါတီ အတွေအနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်ပြီး တော့တကယ်လို့ရွေးကောက်တင်မြောက်ခံရရင် သက်ဆိုင်ရာ ကိုယ်ပိုင် အုပ်ချုပ်ရေးမြို့နယ်၊ ခရိုင်၊ တိုင်းရဲ့အကြီးအကဲတွေရှိမှာပေါ့။ ကျန်တဲ့ အပိုင်း အပစ်ရပ်လက်နက်ကိုင်တွေ ကိုတော့ခွဲ ရမှာပေါ့” စစ်တိုင်းတွေ နဲ့တိုက်ရိုက် ဆက်ဆံထိတွေ့နေရတဲ့လက်ရှိအပစ်ရပ်အဖွဲ့တွေကို လောလောဆယ်မှာ ပြည်ထဲရေးဝန်ကြီး ဌာနလက် အောက် မှာ အထူးရဲတွေ အဖြစ် လခပေးနေရာက တပ်တွေပြန်လည်ဖွဲ့ စည်းပြီးရင် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက် လုံးဝကျရောက်သွားမယ်လို့ လဲဆိုပါတယ်။

“အထူးရဲတပ်ဖွဲ့တွေအဖြစ်လခပေးထားမှာပေါ့။ ဆက်စပ်မှု ကျတော့ စရဖတို့နဲ့ဆက်ဆံရပေမဲ့ ပြည်ထဲရေးဌာနက လခ ထုတ်ပေး တာပေါ့။ ဟိုကျရင် ရဲမဟုတ်တော့ဘဲနဲ့ ကာကွယ်ရေးဝန်ကြီးဌာနက တိုက်ရိုက်ချုပ်ကိုင်တဲ့ စစ်တပ် အဖြစ် ရောက်သွားမှာပေါ့။ အဲဒီအခါ ကျရင် ပြည်ထဲရေးအခန်းကဏ္ဍမရှိတော့ဘူးပေါ့။ ဗမာစစ်တပ်က ဒါရိုက် ကိုင်မဲ့သူ့တပ်နဲ့ သူဖြစ်သွားပြီ။သက်ဆိုင်ရာတိုင်းမှူး၊ ဗျူဟာမှူး၊ တပ်ရင်းမှူးတွေအောက်မှာ တပ်တွေဖြစ်ကုန်မှာပေါ့။ ၀တပ်မတော် ဆိုတာလဲရှိ တော့မှာမဟုတ်ဘူး။ သျှမ်းအရှေ့ မြောက်တပ်ဆိုတာ လဲမရှိတော့ဘူး”

၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် လက်နက်ကိုင် အင်အားစုတွေ မရှိအောင်ကြိုးစားနေတယ်လို့ ဦးအောင်ကျော်ဇော က ပြောပါတယ်။ အပစ်ရပ်အဖွဲ့တွေ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရောက် သွားရင် အလားအလာ မကောင်းဘူး လို့ဆိုပါတယ်။

“၂၀၁၀ မတိုင်ခင်မှာ အတိုက်အခံတွေဖက်က လက်နက်ကိုင် အင်အားစုမရှိအောင် သူကြိုးစားဖို့ပါ။ ဒါကြောင့် ကရင်ကို လဲ သူအပြီး ဖြတ်နေတာ။ အလားအလာကတော့ဆိုးမှာပေါ့။ ရွေးကောက်ပွဲ မတိုင်ခင်ကို အပစ်ရပ်အဖွဲ့ တွေ ကိုယ့်တပ် နဲ့ ကိုယ် မရှိအောင်လုပ်မယ်။ ကိုယ့်ဒေသမှာ ကိုယ်ရွေးကောက်ပွဲတွေလုပ်ခိုင်း တရားမျှတမှုဆိုတာ ကိုပြဖို့အားပေးတိုက်တွန်း မှာပေါ့။ သူ့ကိုခြိမ်းခြောက်နိုင်တဲ့ အင်အား စုမရှိအောင် သူလုပ်လိုက်မယ်။ ဒုတိယ ဘာဖြစ်နိုင်လဲဆိုတော့ ဒါကအနာဂတ် အတွက် သူတို့လုပ်နေကျအမျိုးသားရေးသွေးခွဲမှုကို သူဖန်တီးဖို့ လွယ်လွယ် လေးဖြစ်သွားမယ်။ ဥပမာတပ်မှူး ခေါင်းဆောင်တွေက ဗမာစစ်တပ်က လာတဲ့လူတွေဖြစ်ပြီး တပ်သားတွေကျတော့ ၀ရဲဘော်သျှမ်းရဲဘော်တွေဖြစ် ရင် ဒါတွေနဲ့မြို့ပေါ်မှာ မြို့ခံလူထုလှုပ်ရှားမှုကို ပစ်ဟယ် ခတ်ဟယ်လုပ်လာရင်-ဒါ ၀တပ်တွေပါသျှမ်းတပ်တွေပါ ဆိုပြီး ပြည်တွင်းမှာ တသက်လုံး မကျေမချမ်းနိုင်တဲ့ အမျိုးသားရေး ရန်ငြိုးတွေ ဖြစ်အောင်ဖန်တီးမှာဘဲ”။


0 Comments:

blogger templates | Make Money Online