Sunday, December 21, 2008

နိုင်ငံတော်၏ အကျပ်အတည်း၊ အနာဂတ် နှင့် တပ်မတော် ၏ အခန်းကဏ္ဍ (အောင်ချမ်း)

ပြည်သူလူထု

သန်းပေါင်း ခြောက်ဆယ်သော မြန်မာပြည်သူလူထု၏ ကိုးဆယ့်ခြောက်ရာခိုင်နှုန်းမှာ စားဝတ်နေရေး အတွက်မျက်လုံးပြူး မျက်ဆံပြူး ရှာဖွေစားသောက်နေရသော အခြေအနေ ဖြစ်သည်။ ကောင်းမွန်သော ကျမ်းမာရေးစနစ်မရှိ၊ လူမှုဖူလုံရေးမရှိ၊ တရားမျှတသော ဥပဒေမရှိ၊ သန်းပေါင်းများစွာသော မိသားစုတို့အတွက် တပါတ်စာ စားသောက်စရာ မပြောနှင့် မနက်ဖြန်စာ တောင်မှလောက်လောက်ငှငှ မရှိကြသည့်ဘ၀အခြေအနေသို့ ဆိုက်ရောက် နေ၏။

ပညာ အတော်အတန်တတ်ပြီး ငွေကြေး အသင့်အတင့် ကျန်သေးသော ရောင်းစရာ ချစရာ ကျန်သေးသော မိသားစုများမှ ပေါက်ဖွားသည့် လူငယ်များသည် စင်္ကာပူနိုင်ငံနှင့်တကွ အခြားနိုင်ငံများသို့ ထွက်ကာ ကာယလုပ်သား ဥာဏလုပ်သားများ အဖြစ် မိမိတို့၏ လုပ်အား မိမိတို့၏ဖန်တီးတီထွင်နိုင်စွမ်းတို့ကို ဈေးပေါပေါ ချရောင်းပြီး မိဘနှင့်ဆွေမျိုးအသိုင်းအ၀ိုင်း ကိုပြန်လည် ထောက်ပံ့လာရတော့၏။

နိုင်ငံခြားမှ လာရောက်ဖွင့်လှစ်သော လက်မှတ်ပေး သင်တန်းများအား တက်နိုင်သည့် ငွေကြေးအခြေအနေ မရှိသော လူငယ်တို့သည် မိမိတို့အမိမြေတွင် ဖြစ်သလိုပင် နိုင်ငံခြားသား လုပ်ငန်းရှင်တို့ ထံ၌ ဈေးပေါပေါဖြင့် အလုပ်လုပ်ကြရ၏။ လူငယ်တို့၏ မျိုးချစ်စိတ်ဓါတ် တိုင်းချစ် ပြည်ချစ် စိတ်ဓါတ်ကို သန်းရွှေ၏ လက်ကိုင်တုတ် နအဖ အဖွဲ့ မှ စနစ်တကျ ဖျက်ဆီး အညွန့် ချိုးနေ၏။

မြန်မာ့အမျိုးသမီးရေးရာ

မိမိတို့ မြန်မာနိုင်ငံတော် လွတ်လပ်ရေး ရကာစကာလနှင့် ယခု အချိန်ကာလ ကိုနှိုင်းယှဉ် ကြည့်လျှင် စစ်အာဏာရှင် စနစ်ဆိုးကြောင့် အရင်းအနှီးမရှိသော မိဘများမှ ပေါက်ဖွား လာသော မြန်မာ့အမျိုးကောင်းသမီးများ အိမ်နီးခြင်း နိုင်ငံလိင်ဈေးကွက်တွင် ဈေးပေါ ပြည့်တန်ဆာများ ဘ၀ဖြင့် ဆိုးဆိုးရွားရွား ရုန်းကန် ရပ်တည် နေကြရသည့် အနေအထားသို့ ရောက်ခဲ့ပြီဖြစ်သည်။

ထိုဘ၀သို့ မရောက်သည့် ကံ အနည်းငယ်ကောင်းသူများသည်လည်း ဘ၀အတွက် တက်လမ်း မျှော်လင့်ချက် ဆိုသည်မရှိပဲ မွေးကတည်းက ဘ၀အာမခံချက်ပျောက်ဆုံးနေသော သူများ ဘ၀ဖြင့် မိမိတိုင်းပြည်ထဲတွင် ညှိုးငယ်ထိတ်လန့် စွာ အသက်ဆက်ရှင်သန်နေကြရ၏။ ကျနော်တို့ မှီလိုက်သော မဆလ ပါတီခေတ်က ထိုင်းနိုင်ငံအား ဖာနိုင်ငံဟုပြောကြ၏။

ယခုအခါကျနော်တို့နိုင်ငံသည်ထိုင်းနိုင်ငံထက်ဆိုးသောအနေအထားသို့ရောက်ရှိနေခဲ့သည်မှာနှစ်ပေါင်းနှစ်ဆယ် ပြည့်ပြီဖြစ်၏။ သဘာဝ သယံဇာတနှင့် လုပ်အား အရင်းအမြစ် အသိပညာ အရင်းအမြစ်မချို့တဲ့သော ကျနော်တို့ တိုင်းပြည် ဘာကြောင့် ထိုဘ၀သို့ နှစ်ပေါင်းနှစ်ဆယ် အတွင်း လျှင်မြန်စွာ ရောက်ခဲ့ရသနည်းဆိုသည့် အဖြေကို မြန်မာနိုင်ငံသားအားလုံး ၊တပ်မတော်သားအားလုံး နှင့်ကမ္ဘာ့မိသားစု က သိရှိပြီးဖြစ်၏။

နအဖ ၏ မတရား အုပ်ချုပ်မှု အောက်တွင် တိုင်းပြည်သည် ရေတိမ်နစ်ခြင်းမဟုတ်ပဲ သဲကန္တာရ အတွင်း လည်ကုတ်မှကိုင်ကာ သဲပြင်၌ နှစ်သတ်သကဲ့သို့ သန်းရွှေနှင့် သူ၏နောက်လိုက်ဂိုဏ်း၏ အဆင်အခြင်မဲ့ အတ္တကြီးစွာ ယုတ်မာရက်စက်မှု များကြောင့် ဖြစ်၏။သန်းရွှေသမီးများ နိုက်ကလပ်တွင် ကိုယ်လုံးတီးဖြင့် ကပြဖြေဖျော်ပြီး ငွေရှာရသော ဘ၀သို့ မရောက်ပါ သို့သော် သူ့ ဝါသနာနှင့်သူ ရွတာကိုတော့ ငါတို့သမီးတွေ လည်း ဒီလိုပါပဲဟု ပြော၍ ရသည့်ကိစ္စမဟုတ်။


တပ်မတော်ရေးရာ

တပ်မတော်သည်မြန်မာနိုင်ငံလွတ်လပ်ရေးအတွက်ပြည်သူလူထုနှင့်အတူဖက်ဆစ်ကိုတော်လှန်တိုက်ခိုက်ခဲ့သော တပ်မတော်ဖြစ်သည်။နယ်ချဲ့အင်္ဂလိပ်နှင့်ဖက်ဆစ်ကိုတိုက်ထုတ်ခဲ့ရာတွင်တပ်မတော်တစ်ခုတည်းတိုက်ခိုက်ခဲ့သည်မဟုတ်။
ပြည်သူလူထု သည်လည်း ရရာလက်နက်စွဲကိုင်ကာတိုက်ခိုက်ခဲ့သော လူထုဖြစ်သည်။

ထိုကဲ့သို့ သမိုင်းအစဉ်အလာရ တပ်မတော်နှင့်ပြည်သူ ပူးပေါင်းပြီး နိုင်ငံတော်၏ အစစ်အမှန်ရန်သူ တို့အား ခုခံတိုက်ခိုက်ခဲ့သည့်ကျက်သရေရှိသောသမိုင်းဖြစ်၏။ယခုအခါတပ်မတော်၏အကြီးအမှူးများဟုမိမိတို့ဟာမိမိတို့ အာဏာကိုအမိအရဖမ်းကိုင်ကာဘယ်သူသေသေငတေမာပြီးရောလုပ်နေသည့်ငရွှေနှင့်သူ၏ဂိုဏ်းကြောင့်တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းဖော်ကြိုးပမ်းဖက်ဖြစ်သောတပ်မတော်သားများ၏ မိခင်ဖခင်များဖြစ်သော ပြည်သူလူထုကို အဇာတသတ် ဆန်ဆန် ခြေခွဲဆားသိပ် သတ်ဖြတ်သည့်ယုတ်မာရက်စက်မှုဖြင့် နေ့ တဓူဝ နှိပ်စက် အနိုင်ကျင့်နေ၏။

တပ်မတော် ခေါင်းဆောင်များ အနေဖြင့် သန်းရွှေ ဂိုဏ်း၏ လုပ်ရပ်များကို ကျနော်တို့ထက်ပို၍ အတွင်းသိအဆင်းသိဖြစ်၏။ အူမချေးခါးအကုန်သိကြသူများဖြစ်သည်မှာအထူးပြောဖွယ်မရှိ။

တပ်မှူးတိုင်း လိုလို သန်းရွှေဂိုဏ်း၏ အနိုင်ကျင့် စော်ကားမှု ကို စကားအရဖြစ်စေ လုပ်ပိုင်ခွင့်အရဖြစ်စေ လူမှုရေးအရဖြစ်စေခါးခါးသီးသီးခံစားဖူးကြသူချည်းဖြစ်၏။ထိုကဲ့သို့ကြောကြောမောမောလုပ်ရပ်များစော်ကားမှုများအားအခြားအလယ်အလတ်တန်းစားတပ်မှူးများမပြောနှင့် ဗိုလ်ချုပ်ကြီး အေး ကိုယ်တိုင်ခံစားရဖူး၏။မောင်အေးဆိုတဲ့ကောင် ပြန်မလှန်ရဲတဲ့အရက်သမားမို့  လွှတ်ထားတာ ပါ ဟူသော အပေါက်မျိုးပင် သန်းရွှေ ၏ ဆက်ဆံရေးနှင့် လုပ်ပေါက်များရှိ၏။

သန်းရွှေမိသားစုနှင့် ၄င်းတို့နောက်လိုက်များ၏ မောက်မာ မှုများကို တပ်မတော်မှ ဗိုလ်ချုပ်ကြီးများ ဇနီးများ သားသမီးများ မှ စ၍ အဆင့်အသီးသီးရှိ အရာရှိအရာခံ အားလုံးလိုလို ခံစားကြရသည်မှာ အထင်အရှားဖြစ်၏။


မြန်မာ့စိတ်ပိုင်းဆိုင်ရာ

ကျနော်တို့မြန်မာနိုင်ငံသည် ထေရ ၀ါဒ ဗုဒ္ဓသာသနာ ထွန်းကားသော နိုင်ငံဖြစ်သည်။ကျနော်တို့မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်ပြည်သူများ၊ခရစ်ယာန်ဘာသာဝင်ပြည်သူများနှင့်အခြားယုံကြည်ကိုးကွယ်မှုအသီးသီးနှင့်ပြည်သူလူထုများမှီတင်းနေထိုင်ကြသည်။
မြန်မာနိုင်ငံ၏ထုံးတမ်းစဉ်လာအရမြန်မာတို့သည် ကြီးသူကို ရိုသေ ၊ရွယ်တူကိုလေးစား၊ ငယ်သူကိုသနားဟူသော စိတ်ထားမြတ်ဖြင့် လူဖြစ်နေကြသောသူများဖြစ်သည်။

ထို့အတူတလုတ်စားဖူးသူ့ကျေးဇူးဆိုသည့်မိရိုးဖလာစကားပုံများဆိုဆုံးမမှုများဖြင့်ဘ၀ကိုအေးအေးလူလူဖြတ်သန်းချင်သည့်သူများဖြစ်သည်။
မေတ္တာ၊ကရုဏာ၊မုဒိတာ၊ဥပေက္ခာဆိုသည့်ဗြဟ္မစိုရ်တရားလေးပါးဆိုသည့်သင်ကြားမှုဖြင့်လူလားမြောက်လာကြသူများဖြစ်သည်။
သို့သော်တကယ်တန်းမြန်မာ့တပ်မတော်၏ ထမင်းရှင်သည် ပြည်သူလူထုဖြစ်သည်။ နိုင်ငံတော်၏ သယံဇာတနှင့် သဘာဝအရင်းအမြစ်များသည် တဦးတယောက်ပိုင်မဟုတ်။

နိုင်ငံတော်ကိုမှီတင်းနေထိုင်ကြကုန်သောတိုင်းရင်းသားပြည်သူလူထုပိုင်သာလျှင်ဖြစ်သည်။သို့ရာတွင်ထိုနိုင်ငံတော်၏သယံဇာတများသဘာဝအရင်းအမြစ်များလူသားအရင်းအမြစ်များအား အလွဲသုံးစားလုပ်ကာရာဇပလ္လင်ထက်မှလူတကာကိုမာန်မဲဟိန်းဟောက်အပြစ်ပေးကာမည်သူတဦးတယောက်ကမှ ဗိုလ်ကျစိုးမိုးအနိုင်ကျင့်ခွင့်မရှိ။တပ်မတော်မှစားသောအလုတ်ပေါင်းများစွာသောထမင်းတို့သည်ပြည်သူကျွေးသော ထမင်းဖြစ်၏။ ထို့ကြောင့်သန်းရွှေဂိုဏ်းကဲ့သို့မောက်မာ ရိုင်းစိုင်းလှသည့် သူများအား ကျေးဇူးတင်ရန်မလို ကျေးဇူးတင်ထိုက် ကာကွယ်ထိုက်သည်မှာ ပြည်သူလူထုကိုသာလျှင်ဖြစ်သည်။

၁၉၉၀ရွေးကောက်ပွဲတွင်မြန်မာပြည်သူလူထုကတာဝန်ကျေခဲ့ပြီးဖြစ်သည်။တနိုင်ငံလုံးအပြတ်အသတ်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အားနိုင်ငံတော်အာဏာအပြည့်အ၀ အပ်နှင်းပြီးဖြစ်သည်။၂၀၀၇ စက်တင်ဘာလတွင်လည်း ပြည်သူလူထုနှင့် သံဃာတော်တို့က တာဝန်ကျေပွန်စွာ အသက်ပေးခဲ့ကြပြီးလည်းဖြစ်သည်။

သံဃာတော်အရှင်သူမြတ်တို့သည်တလုတ်စားဖူးသူ့ကျေးဇူးဆိုသည့်စကားရပ်အတိုင်းဆွမ်းဒါယကာပြည်သူလူထုကြီး ငတ်မွတ်ခေါင်းပါးနေသည့်ကပ်ဘေးကိုမကြည့်ရက်သဖြင့်ကျည်ဆန်ကြားသို့လက်ဗလာဖြင့်မေတ္တာသုတ်ရွတ်ကာ တိုးဝင်ချီတက်ခဲ့၏။ အသက်ပေးခဲ့ပြီးဖြစ်၏။ ကျနော်တို့ အားလုံးသိကြသည့်အတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့် အမတ်မင်းများသည်လည်း ပြည်သူလူထု ပေးအပ်ခဲ့သောအာဏာနှင့်လုပ်ပိုင်ခွင့်ကို အချီးနှီးအလဟသ အဖြစ်သို့ရောက်စေလောက်အောင် ပျော့ညံ့ ပျင်းရိ နုံနဲ့ ခဲ့ကြ၏။ တဖက်က လည်း သန်းရွှေ၏ န၀တ ၊ နအဖ က ချိနဲ့ အောင် တိုက်စစ်ဆင်ခဲ့ကြ၏။ထိုအနေအထားတွင် ပြည်သူလူထုက ဘာများဆက်လက်လုပ်ကိုင်ရမည်နည်း။

၂၀၁၀ရွေးကောက်ပွဲအကြိုကာလ ဖြစ်နိုင်ခြေများအား ချဉ်းကပ်ခြင်း

သန်းရွှေသည်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်တကွအားလုံးသောအတိုက်အခံအင်အားစုများဒီမိုကရေစီလိုလားသည့် အဖွဲ့အစည်းလူပုဂ္ဂိုလ်မှန်သမျှအားလုံးအားနည်းမျိုးစုံဖြင့်အမြစ်ဖြတ်မည်ဖြစ်သည်။ဆူဟာတိုအကောင်အထည်ဖော်ရန်ကြိုးစားခဲ့သလို ပြုလုပ်နေခြင်းဖြစ်သည်။ ယခုအခါ ၈၈ မျိုးဆက် (ပြည်တွင်း မှ) ကျောင်းသားခေါင်းဆောင်(အစစ်)များအား ထောင်ဒဏ် ခြောက်ဆယ့်ငါးနှစ် ချမှတ်ကာငှက်ဖျားနှင့် ရောဂါပိုးထူပြောပြီး နိုင်ငံတကာ မှ မည်သည့်နည်းနှင့်မျှ ထောက်မမှီသတင်းမရနိုင်သည့်ဒေသများသို့ ပို့ ပြီးဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အားနအဖ၏စကားအရမကြာခင်၎င်းတို့လွှတ်ပေးရတော့မည်ဖြစ်၏။ထိုသို့လွှတ်ပေးပြီးလျှင်လည်း ဒေါ်အောင်ဆန်းစုကြည်အားတနည်းနည်းဖြင့်သန်းရွှေဂိုဏ်းကလုပ်ကြံမည်ဖြစ်သည်။နိုင်ငံရေးအရနှင့်စိတ်ပိုင်းဆိုင်ရာအရ အကြိမ်ပေါင်းများစွာလုပ်ကြံပြီးဖြစ်သလို၂၀၁၀ရွေးကောက်ပွဲကာလဆိုသည့်အချိန်အထိဒေါ်အောင်ဆန်းစုကြည်ကို ရှင်သန်ခွင့်ပေးမည်မဟုတ်။

၂၀၁၀ရွေးကောက်ပွဲဆိုသည့်ပြည်သူလူထုအားထာဝရကျွန်ပြုရန်ရည်ရွယ်သည့်သန်းရွှေ၏သေနင်္ဂဗျူဟာမြောက်တိုက်ပွဲကြီးအတွက် အတိုက်အခံအင်အားစုများနှင့်ဒေါ်အောင်ဆန်းစုကြည်မဆိုထားနှင့်တပ်မတော်မှလုပ်ဖော်ကိုင်ဖက်တပ်မှူးကြီးများ၏ ဘ၀နှင့်အသက်ကို ပါ လုပ်ကြံ စတေးရန် သန်းရွှေ ဂိုဏ်းက၀န်လေးသည်မဟုတ်ကြောင်း နှစ်နှစ်ဆယ်အတွင်း ဖြုတ်ထုတ်ရှင်း ထောင်ချ လုပ်ရပ်များကအတိအလင်းသက်သေပြပြီးဖြစ်သည်။




နောက်ဆုံး အောင်ပွဲ

သန်းရွှေနှင့်သူ၏မကောင်းဆိုးဝါးဂိုဏ်းအားအပြီးသတ်မြန်မာ့မြေမှသဂြိင်္ုလ်ရန်စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရန်အတွက်၊ဒီမိုကရေစီအင်အားစုများ၊ပြည်သူလူထုနှင့်တပ်မတော်ကိုယ်တိုင်ပါဝင်ကာ
ဆန့် ကျင်ချေမှုန်းအောင်ပွဲခံမှသာလျှင် မြန်မာနိုင်ငံ၏ စစ်အာဏာရှင်စနစ်ဟူသည့် ရောဂါ ဘယ ကပ်ဆိုးကြီးမှကျော်လွှားနိုင်မည်ဖြစ်သည်။တပ်မတော်ကိုပြုပြင်ရန်တပ်မတော်ဂုဏ်သိက္ခာရှိစေရန်တပ်မတော် သည် ပြည်သူလူထု အားကိုးထိုက်သော တပ်မတော်တစ်ရပ်ဖြစ်ရန် အတွက် တပ်မတော် တွင်း မှ ရွပ်ရွပ်ချွံချွံ ကိုယ်ကျိုးစွန့် ပြောင်းလဲရဲမှသာလျှင်ဖြစ်ပေတော့မည်။

ထိုကဲ့သို့တပ်မတော်မှပြည်သူလူထုဖက်ရပ်တည်သောဗိုလ်ချုပ်ကြီးများတပ်မှူးများမှစတင်၍စစ်ဆင်ရေးဆင်နွှဲလျှင် ပြည်သူလူထုနှင့်တကွအားလုံးသောတိုင်းရင်းသားအင်အားစုများဒေါ်အောင်ဆန်းစုကြည်နှင့်ကျောင်းသားခေါင်းဆောင်များအပါအ၀င် အတိုက်အခံအင်အားစုများကလည်း ထိုတော်လှန်သော မြန်မာ့တပ်မတော်နှင့်အတူ တသံထဲ တသွေးထဲ ၀ိုင်းဝန်းပါဝင် လက်တွဲမည်မှာမုချဖြစ်သည်။

မြို့ တော်လမ်းမများပေါ်တွင် ပြည်သူလူထု အင်အားစုကြီးအား ရင်ဘောင်တန်း လှံစွပ်ထိုးကာ ချေမှုန်းသတ်ဖြတ်သည်ထက် ၊ မြို့ အသီးသီးမှလမ်းမကြီးများတွင် တပ်မတော်သားများ သေနတ်လွယ်ကာ စစ်သီချင်းဆိုချီတက်ကြပြီးပြည်သူလူထုက ပန်းကုံးများ စွပ်ကာ ပြည်သူ့ တပ်မတော်သား အမေ့ သား ဆိုသည့် ၀မ်းသာ မျက်ဝန်း မျက်ရည်စွန်းပြီး ပွေ့ ဖက်ကြိုဆိုသည့် မြင်ကွင်းသည် တပ်မတော်သားတို့ ၏ နှလုံးစိတ်ဝမ်းအတွက် ပိုမို လိုလားအပ်သောအရာမဟုတ်ပါသလော။

ထို့ အပြင် မိမိတို့ပြည်သူလူထု သည် နိုင်ငံခြား တိုင်းပြည်များထွက်ကာ ကျွန်ခံရသည့်ဘ၀မှကင်းဝေးပြီး အေးချမ်းသာယာစွာ မိမိတို့ တိုင်းပြည်အား ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ၀ိုင်းဝန်းထူထောင်ပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးအားဒီမိုကရေစီရှိရှိ ၊ ငြိမ်းငြိမ်းချမ်းချမ်း၊ ပြည်သူလိုလားသော ဖွဲ့ စည်းပုံအခြေခံဥပေဒဖြင့် ပြည်သူရွေးကောက်သော အစိုးရက တိုင်းပြည် ဖွံ့ဖြိုးအောင်မြင်သာယာရေးဦးဆောင်ကာ တပ်မတော် မှ စွမ်းစွမ်းတမံ တိုင်းပြည် ကာကွယ်ရေးလုပ်ငန်းများအားကျက်သရေရှိရှိ ဆောင်ရွက်ခွင့်အတွက် ကျနော်တို့တွင် အချိန်ရှိနေပါသေးသည်။

ထိုအချိန်အား အကျိုးရှိရှိ ညီညီညာညာ တက်ညီလက်ညီ အသုံးချကာ လှပသာယာသည့် အနာဂတ် မြန်မာနိုင်ငံတော်အတွက် သန်းရွှေဂိုဏ်းနှင့် စစ်အာဏာရှင်စနစ်အား ပြည်ဖုံးကားအပြီး ချကြပါစို့ လား။


အောင်ချမ်း


http://komoethee.blogspot.com

0 Comments:

blogger templates | Make Money Online