Sunday, December 21, 2008

ညီညွှတ်ရေး

ပုထုဇဉ် တို့၏ စိတ်သည် ကုသိုလ် တစ်လှည့် အကုသိုလ် တစ်လှည့် ဖြစ်လေ့ ရှိသည်။ ဆင်ခြင်ဥာဏ် ကို ရှေ့သွားပြု၍ မထိန်းသိမ်း နိုင်လျင် အကုသိုလ် စိတ်များက လွှမ်းမိုး သွားနိုင်သည်။ "ပညာ ယ န ဘဝေ ဋ္ဌာနံ- ပုထုဇဉ် တို့၏ ဘ၀၌ ပညာသည် ပြဋ္ဌာန်းခြင်း" မရှိဟု အဆို ရှိသည့် အတိုင်း ပုထုဇဉ်တို့ ၏ စိတ်သန္တန်၌ ခံစားချက် က ပညာထက် ပိုအရေးပါ၏။

မြတ်စွာဘုရား လက်ထက် ကောသမ္ဗီပြည် ဃောသိတာရုံ ကျောင်းတိုက်၌ သီတင်းသုံးနေတော်မူသော ကောသမ္ဗီ ရဟန်းများ သည်လည်း ဤနည်းနှင်နှင် ပင် ဖြစ်သည်။ သူတော်ကောင်း တရား ကို လေ့လာနေသော ပုဂ္ဂိုလ်များ ဖြစ်ပါလျက် စိတ်သဘောချင်း မတိုက်ဆိုင် သောအခါ သေးငယ်သော ကိစ္စလေး ကို အကြောင်းပြု၍ ငါ မှန်သည် သူ မှားသည် ငြင်းခုန် ကြတော့၏။ ၀ိနည်းဓိုရ် ဆရာတော် များနှင့် ဓမ္မကထိက ဆရာတော်များ တစ်ဖက်ဆီ ငြင်းခုန်ကြခြင်းဖြစ်သည်။

ဤကား မာန၏ လှည့်စားမှုတည်း။ မာနသည် သာသူ ကိုလည်း ယှဉ်သည်။ ရွယ်တူ ကိုလည်း ယှဉ်သည်။ နိမ့်သူ ကိုလည်း ယှဉ်သည်။ မာန၏ အလှည့် အစား ခံရသောအခါ ဖြစ်ပေါ်လာသော စိတ်နေ စိတ်ထားသည်ကား ငါသာလျင် မှန်၏။ တစ်ဖက်သားမှာ မှားယွင်းသည် ဟူ၍ ဖြစ်သည်။ ထိုအခါ မာနကြောင့် တစ်ဖက်သားကို ပြစ်မှားလိုသော ဒေါသစိတ် ဖြစ်ပေါ်လာသည်။

မြတ်စွာဘုရား သည် သံဃာများ၏ ငြင်းခုန်ခြင်း ပြေပျောက် စိမ့်သောငှာ ကိုယ်တော်တိုင် ကြွရောက်၍ ဆုံးမတော်မူ၏။ ကောသမ္ဗီ ရဟန်းများကား ငြင်းခုန်ခြင်းကို မလျှော့။ ဒေါသ မာန်မာန တို့ ကြီးကျယ်ခမ်းနား လာသော အခါ ဘုရားကို ဘုရားဟု မမြင်တော့။ တရားကို တရားဟု မမြင်တော့။ အမှား ကိုလည်း အမှားဟု မမြင်တော့။ ၀ိနည်းဓိုရ် ဆရာတော် များကလည်း မိမိတို့ ပြောသည့် စကားသာလျင် သစ္စာနှင့်ညီသည်ဟု ထင်ကြသည်။ အခြား ပုဂ္ဂိုလ်များ ပြောသော စကားများမှာ သစ္စာနှင့် မညီဟု ထင်ကြသည်။ ဓမ္မကထိက ဆရာတော် များကလည်း မိမိတို့ ပြောဆိုသော စကားများ ကသာ သစ္စာနှင့် ညီသည်၊ အခြား ပုဂ္ဂိုလ်များ ပြောသော စကားများမှာ သစ္စာနှင့်မညီ ဟု ထင်ကြပြန်သည်။ စင်စစ် ဆရာတော်များ၏ ငြင်းခုန် စကားများကား ဒေါသ မာန်မာနကို အခြေခံသော စကားများဖြစ်သဖြင့် မည်သို့မျှ သစ္စာမထိုက်။ သမ္ဖပ္ပလာပ စကားများ( အချည်းနှီး အကျိုး မဲ့သော စကားများ)သာ ဖြစ်တော့သည်။

ဆရာတော်များ နှစ်ဖွဲ့လုံးသည်ကား မာန တည်းဟူသော ကိလေသာ နှောင့်ယှက်သဖြင့် ဘုရား အဆုံးအမ ကိုလည်း မနာယူတော့။ တရားအဆုံးအမကိုလည်း မနာယူတော့။ ရှက်ရ ကြောက်ရ ကောင်းမှန်းလည်း မသိတော့။ အကုသိုလ် စိတ်ချည်းသာ ဖြစ်တော့သည်။

သံဃာများ ၏ ငြင်းခုန်မှု မရပ်သော အခါ မြတ်စွာ ဘုရားသည် ပါလိလေယျက တောအုပ်သို့ တစ်ပါးတည်း ကြွသွားတော်မူ၏။ ဆိုဆုံးမ ခက်သော ပုဂ္ဂိုလ်များအတွက် ဥပေက္ခာတရား သည်သာ သင်ခန်းစာ အပေးနိုင်ဆုံး ဆရာဖြစ်ချေသည်။ မြတ်စွာဘုရား တောသို့ ကြွသွားပြီး အတန် ကြာသော အခါ ကောသမ္ဗီပြည် ရဟန်းတို့သည် ဆွမ်းကွမ်း အခက်အခဲနှင့် စတင် ကြုံတွေ့ ရတော့သည်။ ဒါယကာတို့ ကလည်း အကြည်ညို လျော့ပါး လာသည် ။ သူတော်ကောင်း များကလည်း ကဲ့ရဲ့ကြသည်။ အားကိုး မေးလျှောက်စရာ မြတ်စွာဘုရား ကလည်း ဥပေက္ခာ ဒဏ်တပ်၍ တောသို့ ကြွသွားတော် မူခဲ့ပြီ။ အဖြစ်သနစ် များကား ဆိုးလွန်းလေစွ။

ဆရာတော် များလည်း မာနကို လျှော့လာရသည်။ မာနကို လျှော့သည်နှင့် တစ်ပြိုင်နက် ငြင်းခုန်လိုစိတ် လျော့လာတော့သည်။ ပြဿနာကို ယထာဘူတ ကျစွာ မြင်လာတော့သည်။ ထိုအခါမှ မိမိတို့အား ပြဿနာဟူ၍ စတင် လှုံ့ဆော်သော အကြောင်း အရာသည် စင်စစ် ပြဿနာမဟုတ်။ ကိလေသာ အလှည့်အစား ကြောင့် အထင်မှားမှူသာ ဖြစ်ကြောင်း သိမြင် လာသည်။ မိမိတို့အတွက် အဓိက ပြဿနာ သည် အို၊ နာ၊ သေ၊ သံသရာ ဘေးသာ ဖြစ်ကြောင်း သိမြင်လာသည်။ ထိုအခါ ဆရာတော် များသည် ရဟန်းတရား ကို ပြန်လည် ကျင့်ကြံ ကြသည်။

ရဟန်း တရားကို ပြန်လည် အားထုတ်၍ တရားသဘော များကို သိမြင်သော အခါ မာနများ ပိုမို ကျဆင်းလာပြီး အချင်းချင်း ပိုမို ညီညွတ် လာသည်။ မြတ်စွာဘုရား ကို ပြန်လည် ပင့်ဆောင်ရမည့် တာဝန်ကို ထမ်းဆောင် ရမည် ဟူ၍ လည်း သိမြင် လာကြသည်။ ဆရာတော် များသည် ၀ါကျွတ်ချိန် ထိကို တမျှော်မောမော စောင့်ဆိုင်း ကြရသည်။ ၀ါကျွတ်သော အခါ ဆရာတော် များသည် မြတ်စွာဘုရား သီတင်းသုံး နေတော်မူသော ပါလိလေယျ တောအုပ်သို့ လိုက်သွားပြီး အမှားများကို ၀န်ချတောင်းပန်သည်။ ဤကား ပဋ္ဋိဃ သံယောဇဉ်ကို ခုတ်ဖြတ်ခြင်း သဘောဖြစ်၍ ဤသို့ တောင်းပန်ခြင်း၏ ကျေးဇူးကား ဥပနိဿယ ပစ္စည်း၏ သတ္တိဖြင့် ရဟန်းတော်များအား မဂ်ဥာဏ် ရအောင်ပင် အကျိုးပြုသည်။

ရင့်ကျက်ပြီး မာန်မာန ကျဆင်းပြီး ဖြစ်သော တပည့်သားများ ဖြစ်သော ကောသမ္ဗီ ရဟန်းများကို မြတ်စွာဘုရားက ဤသို့ ဆုံးမတော်မူသည်။

"ရဟန်းတို့. ..ရင့်ကျက်၍ သီလ သမာဓိ ပညာ ရှိသော အဆွေ ခင်ပွန်းကောင်း ရှိလျင် ထို အဆွေ ခင်ပွန်းနှင့် အတူတကွ နေထိုင်အပ်သည်။ သီလ သမာဓိ ပညာ ရှိသော အဆွေခင်ပွန်းကို ရှာမတွေ့လျင်ကား တစ်ဦးတည်းသာ နေအပ်သည်။ သူမိုက် နှင့်ကား အတူတကွ မနေအပ်။ မပေါင်းသင်းအပ်။"

ဂါထာအဆုံး၌ ခန္ဓာဥာဏ်စိုက် ၍ တရားနာ နေသော ကောသမ္ဗီ ရဟန်းငါးရာသည် ရဟန္တာများ ဖြစ်တော်မူ၏။

နောင်အခါ ကောသမ္ဗီ ငြင်းခုံပွဲနှင့် ပတ်သက်၍ သာဝတ္ထိပြည် ဇေတ၀န် ကျောင်းတော်၌ မြတ်စွာဘုရားက ဤသို့ ဟောကြား တော်မူသည်။

"ဤလောက၌ ငါတို့သည် တစ်နေ့တွင် မုချ သေဆုံးရမည်ဟူ၍ မသိကြကုန်သော သူမိုက်တို့ အတွက် ငြင်းခုံကွဲပြား ခိုက်ရန်များခြင်းသည် မပြေငြိမ်း။
ထိုသို့သိသော ပညာရှိတို့ အတွက်ကား၊ ထိုသို့သိခြင်းကြောင့် ခိုက်ရန် ဖြစ်ပွား ငြင်းခုန် ကွဲပြားခြင်းသည် ပြေငြိမ်းကုန်သည်။"

သေခြင်း တရားကို အဖန်ဖန် အောက်မေ့သော "မရဏာ နုဿတိ ကမ္မဋ္ဌာန်း" ဖြင့် မာနကို ဖျောက်ဖျက် ပြေငြိမ်း စေနိုင်သည်။ အကြောင်း တိုက်ဆိုင်တိုင်း ကာယကံ ၀စီကံ မနောကံ အသွင်ဖြင့် ထင်ရှား ဖြစ်ပေါ် လာတတ်သော မာနတရား သည်ကား မဂ်ဥာဏ် ဖိုလ်ဥာဏ်၏ အတားအဆီး၊ ညီညွတ်ခြင်း ၏ အကြီးမားဆုံး အန္တရာယ်ကြီး ဖြစ်ပေတော့ သတည်း။ ။



ကိုးကား
ဓမ္မပဒ-ဦးရွှေအောင်

http://www.ahlataya.blogspot.com

0 Comments:

blogger templates | Make Money Online