Friday, December 5, 2008

အပစ်အခတ်ရပ်စဲရေးပုံစံအသစ်လော၊ အပစ်ရပ်အဖွဲ့အစည်းတို့၏ နိဂုံးလော

စစ်အစိုးရသည် နိုင်ငံတကာနှင့် ကုလသမ္မဂအဖွဲ့အစည်းတို့၏ မည်သည့်ဖိ အားပေးမှုကို ဂရုမစိုက်ပဲ ၄င်းတို့ချမှတ်ထားသည့် နိုင်ငံရေးလမ်းပြမြေပုံ (၇) ချက်အတိုင်း လာမည့် (၂၀၁၀) ခုနှစ်တွင် ရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်ပေသည်။ ရွေးကောက်ပွဲပြီးသည့်အခါ စစ်ခေါင်းဆောင်များအနေဖြင့် နိုင်ငံရေးအာဏာကို ဆက်လက်ထိန်းသိမ်းထားမည်သာ ဖြစ်လေသည်။

သို့ရာတွင် (၂၀၁၀) ခုနှစ် ရွေးကောက်ပွဲမတိုင်မီ နအဖစစ်အစိုးရအနေဖြင့် ဖြေရှင်းရန် ပြဿနာတရပ်ရှိသေးသည်။ ထိုပြဿနာကား တိုင်းရင်းသားအပစ် အခတ်ရပ်စဲရေးအဖွဲ့အစည်းများအား နေရာချထားရေးကိစ္စပင်ဖြစ်လေသည်။ စစ်အစိုးရအနေဖြင့်၊ တပ်မတော်မှတပါး အခြားသော လက်နက်ကိုင်အဖွဲ့အစည်း တို့အား မထားရှိလိုပေ။ တချိန်တည်းတွင်လည်း အပစ်အခတ်ရပ်စဲရေး တိုင်းရင်းသားများတောင်းဆိုသော အမျိုးသားအခွင့်အရေးတို့ကို မပေးအပ်လိုပေ။ တချိန်တည်းတွင် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် နိုင်ငံရေးပြဿနာကို တရားဝင် မဖြေရှင်းလိုပေ။

တိုင်းရင်းသား အပစ်အခတ်ရပ်စဲရေး အဖွဲ့အစည်းများအကြား ကြားရှိနေမည့်သတင်းတရပ်အရ စစ်အစိုးရအနေဖြင့် ''အပစ်အခတ်ရပ်စဲရေးပုံစံသစ်'' တရပ်ကို တီထွင်ကာ ထိုအပစ်အခတ်ရပ်စဲရေးအဖွဲ့များနှင့် အလေးအယူလုပ်သည့် အခြေအနေရှိပေသည်။ တိုင်းရင်းသားလက်နက်ကိုင် အင်အားအဖွဲ့အစည်း များအနေဖြင့် ၄င်းတို့၏ အခွင့်အရေးမရမချင်း လက်နက်ကိုစွန့်လွတ်မည်မဟုတ်ဟု အယူအဆကြောင့်၊ အပစ်အခတ်ရပ်စဲရေးအဖွဲ့အစည်းများအပေါ် ၄င်းတို့လက်နက်အား အပ်နှင်းရန် (သို့မဟုတ်) လက်နက်ချရန် တောင်းဆိုမည်မဟုတ်ပေ။

အပစ်အခတ်ရပ်စဲရေးပုံစံသစ်ကို စစ်အစိုးရမှ ရှမ်းပြည်မြောက်ပိုင်းတွင် အခြေစိုက်နေသည့်မိုင်းလားဒေသ အပစ်အခတ်ရပ်စဲရေးအဖွဲ့နှင့် စတင်အကောင်အထည် ဖော်နေပြီဖြစ်သည်။ စစ်အစိုးရ၏ ကိုယ်စားလှယ် ''ဗိုလ်ချုပ်ရဲမြင့်'' မှ မိုင်းလားဒေသ အပစ်အခတ်ရပ်စဲရေးအဖွဲ့အခေါင်းဆောင်များနှင့် တွေ့ဆုံကာ လာမည့်ရွေး ကောက်ပွဲတွင် ခေါင်းဆောင်များအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် တိုက်တွန်းခဲ့ပေသည်။ ခေါင်းဆောင်များလည်း သဘောတူခဲ့သည်။ သို့ရာတွင် မိုင်းလားအပစ် အခတ်ရပ်စဲရေးအဖွဲ့၏ လက်နက်ကိုင်တပ်အား လက်နက်ချရန် စစ်အစိုးရမှ မတောင်းဆိုခဲ့ပေ။ ထိုလက်နက်ကိုင်တပ်အား ပြုပြင်ပြောင်းလဲရန်နှင့် နေရာချထားသည့်ကိစ္စအား ဆောင်ရွက်ရန် ဗိုလ်ချူပ်ရဲမြင့်မှ ပြောဆိုခဲ့ပေသည်။

အချို့သောတိုင်းရင်းသား အပစ်အခတ်ရပ်စဲရေးခေါင်းဆောင်များအနေဖြင့် စစ်အစိုးရမှ ချဉ်းကပ်လာသည့် ''အပစ်အခတ်ရပ်စဲရေးပုံစံအသစ်'' အား လက်ခံလိုသည့် သဘောရှိနေပေသည်။ ၄င်းတို့တွက်ဆသည့်ကား မိမိတို့လိုချင်သည့်နိုင်ငံရေး အခွင့်အရေးတချို့ကိုလည်း ရမည်။ မိမိတို့၏ လက်နက်ကိုင်တပ်ကိုလည်း ဖျက်သိမ်းရန် မလိုသည့်အတွက် စစ်အစိုးရမှ ကမ်းလှမ်းလာသည့် ထိုအပစ်အခတ် ရပ်စဲရေးပုံစံအသစ်အား သဘောကျကောင်းကျမည် ဖြစ်ပေသည်။

အချို့သောတိုင်းရင်းသား အပစ်အခတ်ရပ်စဲရေးခေါင်းဆောင်များသည် စစ်အစိုးရနှင့်အတူ ပူးပေါင်းပြီး စီးပွားရေး၊ လုပ်ကိုင်ခဲ့သည်မှာ နှစ်ပေါင်းအတန်ကြာပြီ ဖြစ်သည့်အတွက် လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဥပြိုင်ပြီး ၄င်းတို့၏ အကျိုးစီးပွားအား ကာကွယ်ရန်အခွင့်ကောင်းဟု ယူဆသူများလည်း ရှိနိုင်ပေသည်။ ထို့အပြင် စစ်အစိုးရ၏ လမ်းညွှန်မှုအောက်တွင် မိမိတို့၏ လက်နက်ကိုင်တပ်ကို ထားရှိကာ ခါးပိုက်ဆောင်တပ်အဖြစ် စစ်အစိုးရမှ လက်ခံလာနိုင်ရန် ကြိုးပမ်းမည် ဖြစ်သည်။

ဤနေရာတွင် မိမိတို့၏ အမျိုးသားအခွင့်အရေးအတွက် ရာစုနှစ်ပေါင်းများစွာ အသက်သွေးစတေးပြီး လက်နက်ကိုင်ဆင်နွဲလာသည့် အပစ်အခတ်ရပ်စဲရေး အဖွဲ့အစည်းများ မည်သို့သောအဆုံးအဖြတ်ကို ပေးမည်နည်း။ အပစ်အခတ်ရပ်စဲရေးပုံစံအသစ်ကို လက်ခံမည်လော။ လက်ခံမည်ဆိုပါက စစ်အစိုးရမှ အထိုက်အလျောက်ခွဲပေးသည့် နိုင်ငံရေးနှင့်စီးပွားရေး အခွင့်အရေးတချို့ကို ရရှိမည်ဖြစ်ပေမည်။ မိမိတို့၏ လက်နက်ကိုင်တပ်ဖွဲ့အား စစ်အစိုးရ၏ ပြပြင်ပြောင်းလဲဖွဲ့စည်းမှုကို လက်ခံရပေမည်။

ဤကား အပေးအယူပင်ဖြစ်ပေသည်။ ထိုအပစ်အခတ်ရပ် စဲရေးပုံစံအသစ်အား လက်မခံပါက ပြန်လည်ပစ်ခတ်ရပေမည်။ မည်သို့ပင်ဆိုစေ၊ အမျိုးသားလွှတ်မြောက်ရေးအတွက် သန္နိဌာန်ချ တိုက်ပွဲဝင်လာသည့် အပစ်အခတ်ရပ်စဲရေးအဖွဲ့အစည်းများအတွက် (၂၀၀၉)ခုနှစ်တွင်ဆုံးဖြတ်ချက်တခုကိုပေးအပ်ရမည်ဖြစ်ပေသည်။

http://www.monnews-imna.com

0 Comments:

blogger templates | Make Money Online