Friday, December 5, 2008

မိဘကျေးဇူးဆပ်ရင်း ဘဝနစ်သူ (အပိုင်း ၁)

ဂျော်ထော
"ဦးလူမုန်းကို သမီးယူမယ်၊ မယားငယ်အဖြစ်ပဲ သတ်မှတ်ပေးပါ၊ ရွှေငွေမပေးနဲ့၊ အဝတ် အစားလည်းမဝယ်ပေးနဲ့၊ သမီးမှာရှိတဲ့ အဝတ်နဲ့ပဲအဆင်ပြေအောင် ဝတ်မယ်၊ ဦးလူမုန်း တစ်ယောက်ပဲ ကြိုက်တဲ့အချိန် သမီးကိုလာတွေ့ပါ၊ အဲဒီလိုပြောပြီး ရှိခိုးတောင်းပန်တယ်၊ သူလက်မခံဘူး" ကွမ်းတမြုံ့မြုံ့ဝါးနေရင်း သူမပြောပြသည်။

သူမကတော့ တနင်္သာရီတိုင်း ကော့သောင်းမြို့မှ ထားဝယ်အမျိုးသမီး ခင်ခင် (နာမည်ရင်းမ ဟုတ်) ထိုင်းနိုင်ငံ မဟာချိုင်တွင်အလုပ်လုပ်ရန် ပွဲစားအကူအညီဖြင့် လာရာမှ အခန်းတစ်ခန်း တွင် အပိတ်ခံရပြီး အလုပ်ရှာပွဲစားခေါင်းဆောင်နှင့် ၄င်းတို့အပေါင်းအပါတစ်စု၏ အဓမ္မမုဒိမ်းပြု ကျင့်ခြင်း အကြိမ်ကြိမ် ခံရခြင်းကြောင့် သူမကို တရားဝင် မယားငယ်အဖြစ် သတ်မှတ်ပေးရန် ပွဲစားတစ်ဦးကို တောင်းပန်ခဲ့ပုံကို ပြန်လည်ပြောပြခြင်း ဖြစ်သည်။


မဟာချိုင်မြို့ ထိုင်းယူနီယံကုမ္ပဏီမှ အလုပ်သမားများနေသည့် တိုက်ခန်းတစ်ခန်းတွင် (၅) ရက်အကြာ အပိတ်ခံရသည့် ကာလအတွင်း ငရဲကျနေသည်နှင့်မခြားဟု ပြောသည်။ အဘယ် ကြောင့်ဆိုသော် ထို (၅) ရက်အတောအတွင်း တစ်နေ့လျှင် အနည်းဆုံး တစ်ကြိမ် မုဒိမ်းကျင့် ခြင်းကို ခံရသည်ဟု ဆိုသည်။ တစ်နေ့လျှင် တစ်ယောက်တည်းဖြင့် နှစ်ကြိမ်လာပြီး မုဒိမ်းကျင့် ခြင်း၊ တစ်ရက်တည်းတွင် နှစ်ယောက်လာပြီး အဓမ္မပြုတာကိုလည်း ခံခဲ့ရသည်ဟု ခင်ခင်က ပြောသည်။

"အခုမှ စိတ်နည်းနည်းချမ်းသာလာတယ်၊ ဟိုအခန်းထဲမှာ အပိတ်ခံရတဲ့အချိန်ဆို ငရဲလိုပဲ" ဟု သူမကို တွေ့သည့်အချိန်တွင် လှောင်ပိတ်ခံထားရသည့်နေရာမှ ထိုင်းလူမှုအဖွဲ့အစညှ်းတစ်ဖွဲ့ ဖြစ်သော ရတ် (က်) ထိုင်းအဖွဲ့က ကယ်ထုတ်လာပြီး ၎င်းတို့ရုံးတွင် စောင့်ရှောက်ထားခြင်းဖြစ် သည်။

ရက် (က်) ထိုင်း၏နယ်မြေတာဝန်ခံ ဦးအောင်မင်းက မိန်းမတစ်ဦး၏ ဖုန်းဆက်သတင်းပေးမှု ကြောင့် စက်တင်ဘာလကုန် မနက် (၇) နာရီတွင် ဘန်ကောက်မြို့မှ ထိုင်းပုလိပ်တို့က ပွဲစား (၄) ဦး ကိုဖမ်းဆီးခဲ့ပြီး ခင်ခင်ကို ကယ်ထုတ်လာသည်ဟု ပြောသည်။

ဦးအောင်မင်းက မဟာချိုင်တွင် မြန်မာအမျိုးသမီးတို့ကို ပွဲစားကတမျိုး၊ အလုပ်သမားချင်း မိန်းကလေးများကို မတရားပြုသည့်ကိစ္စကို မကြာခဏ ကြားနေရသည်။ သို့သော် အများစုမှာ ဒီအတိုင်းသာ တိတ်ဆိတ်နေကြပြီး၊ အနည်းကျည်းမျှသာ ၄င်းတို့အဖွဲ့သို့လာပြီး အကူအညီ တောင်းကြသည်ဟု ဆိုသည်။ လာရောက်တိုင်ကြားသည့်လူများသာ ၄င်းတို့က ကူညီနိုင် သည်။ အမှုများစုမှာ မြန်မာပြည်သားအချင်းချင်း ဖြစ်သည့်အမှုက များသည်ဟု ပြောသည်။ သူမ၏ အမှုမှာ အလိုမတူထိန်းချုပ်ထားမှု၊ ရောင်းစားမှု၊ အုပ်စုအ လိုက်မုဒိမ်းကျင့်မှုတို့ဖြစ် သည်ဟု ပြောပါသည်။

ရက် (က်) ထိုင်းအဖွဲ့အတွက် အမှုလိုက်ပေးနေသော ရှေ့နေက ၂၀၀၈ ခုနှစ်အောက် တိုဘာ လအထိကို အဖွဲ့ကိုလာတိုင်သည့် မုဒိမ်းမှု (၃၀) ခန့်ရှိမည်ဟု ဆိုပါသည်။

ခင်ခင်အမှုလိုက်ရှေ့နေမှ ဆေးစစ်ထားသည့်အဖြေထွက်လာပါက ထိုင်းနိုင်ငံတွင် သူမဘယ် နှစ်လအကြာ နေရမည်ကို ခန့်မှန်းနိုင်မည်ဟု ဆိုပါသည်။ ၄င်းအမှုကိုလည်း ရုံးတင်ထားဆဲ ဖြစ်သည်ဟု ပြောပါသည်။

ထိုင်းနိုင်ငံတွင်မနေလိုတော့ဘဲ မိဘဆီကိုသာ ပြန်ချင်သည်ဟု ခင်ခင်က ဆိုသည်။ သူမ အဖြစ်က မိဘနှင့်မိသားစု၏ ဆင်းရဲကြပ်တည်းမှုကို မကြည့်ရက်သည့်အတွက် မိမိလုပ် အားခ ဝင် ငွေဖြင့် ကူညီချင်သည့်အတွက် ထိုင်းနိုင်ငံ မဟာချိုင်တွင် အလုပ်လုပ်ရာမှ ရက်သတ္တပတ် (၂) ပတ်အတွင်း ဒုက္ခအမျိုးမျိုးကို ရင်ဆိုင်တွေ့ကြုံရပါသည်၊၊ ထိုရက်သတ္တ (၂) ပတ်အတွင်း (၂) ရက်လုံး အလိုမတူ အဓမ္မပြုခြင်းသာခံရပြီး ထမင်းမစားရသည့်ရက်များ ရှိသကဲ့သို့ အနှိပ် ခန်းဟုခေါ်သည့် ပြည့်တန်ဆာရုံတွင် ဘတ် (၅၀၀၀) တစ်ခါ၊ ဘန်ကောက် မြို့တွင် အိမ်ဖော်အဖြစ် ဘတ် (၄၀၀၀) တစ်ခါ ရောင်းစားခံရသည်ဟု ကွမ်းဝါးနေရင်းမှ နောက်ထပ် ကွမ်းတစ်ယာကို ပါးစပ်ထဲထည့်ငုံရင်း ခင်ခင်က ပြောသည်။

အောက်တိုဘာ ၁၂ ရက်နေ့ မနက် (၄) နာရီတွင် ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့ ထိုင်းယူနီယံ ကုမ္ပဏီတွင် အလုပ်လုပ်ကြသည့် မြန်မာအလုပ်သမားများနေသည့် တိုက်ခန်းသို့ရောက်ပြီး မိနစ်ပိုင်းအကြာတွင် လူမုန်းဟုခေါ်သည့် ပွဲစား၏ မုဒိမ်းကျင့်ခြင်းကို ခံရသည်ဟု ခင်ခင်က ဆိုပါသည်။

"မနက် (၄) နာရီ အဲဒီအခန်းကိုရောက်တော့ သမီးတို့ ရေသောက်မုန့်စားကြတယ်၊ ဟို (ကော့သောင်းမြန်မာနယ်စပ်) ကနေ (အောက်တိုဘာ ၁၁ ရက်) မနက် (၆) နာရီကထွက် လာတာ ဘာမှလည်း မစားရဘူး၊ သမီးက လန်းလန်းဆန်းဆန်းဖြစ်အောင်ဆိုပြီး ရေချိုး လိုက်တယ်၊ အဲဒီမှာ ဦးလူမုန်းက ကလေးမအိပ်ဖို့ စောင်လာယူတဲ့၊ သမီးသွားယူတော့ သူ သမီးကိုဆွဲချတယ်၊ ပါးစပ်ပိတ်ပြီး သမီးကို မုဒိမ်းကျင့်တယ်၊ အဲဒီအချိန်ဆို သမီးသူငယ်ချင်းက မုန့်စားပြီးအိပ်ပျော်နေပြီး၊ မနက်မိုးလင်းတော့ နယ်စပ်ကနေခေါ်လာတဲ့ ကင်းမွှန် ဆိုတဲ့လူ ရောက်လာတယ်၊ သမီးသူ့ကို ပြောပြတယ်၊ သူဂရုမစိုက်ဘူး" ဟု ဆိုသည်။ အသက် (၃၀) ဝန်းကျင်ရှိ လူမုန်းသည် သူမတို့ (၂) ဦးကို စောင့်ကြည့်နေသည့် ပုဂ္ဂိုလ်ဖြစ်သည်။

ခင်ခင်၏ ပြောပြချက်အရ သူမ၏သူငယ်ချင်း (၁၄) နှစ်အရွယ်မိန်းကလေးကိုလည်း ကင်း မွှန်၊ လူမုန်းတို့က မုဒိမ်းကျင့်လိုက်သေးသည်ဟု ဆိုပါသည်။

"ကင်းမွှန်ရောက်တဲ့နေ့မှာ လူမုန်းက စားစရာမုန့်သွားဝယ်မယ်၊ သမီးကို လိုက်ခဲ့ဆိုပြီး ခေါ် သွားတယ်၊ အဲဒီအနီးနားမှာပဲ၊ လမ်းလျှောက်ရင်း လူမုန်းကဖုန်းပြောနေတယ်၊ မုန့်ဝယ်ပြီး သမီးအရင်အိမ်ပြန်နှင့်မယ်လို့ပြောတော့ လူမုန်းက မပေးသွားဘူး၊ သမီးသူငယ်ချင်း အတွက် စိတ်ပူတယ်၊ လူမုန်းသမီးကို အတင်းတားတယ်၊ သမီးမုန့်တွေပစ်ပြီး အတင်းပြန်လာတယ်၊ အခန်းရောက်တော့ သမီးသူငယ်ချင်းကပြောတယ်၊ ကင်းမွှန်က သူ့ကို အဲဒီလို လုပ်တယ်ပေါ့"။ ထို့နောက် သူမတို့ (၂) ဦးကို လူစုခွဲလိုက်သည်ဟု ခင်ခင်က ပြောသည်။

၎င်းနောက် အောက်တိုဘာ (၁၃) ရက်နေ့တွင် ကိုဇော်ဟုခေါ်သည့် လူက ၂ ကြိမ်၊ (၁၄) ရက် နေ့တွင် လူမုန်းက ၁ ကြိမ်၊ (၁၅) ရက်နေ့တွင် ထမင်းပို့ယောင်ဆောင်သည့် ကိုယ်ခန္ဓာဝဝနှင့် အမျိုးသားက မနက်ပိုင်းတွင် (၁) ကြိမ်၊ ကိုဇော်က (၁) ကြိမ်၊ ယင်းညနေတွင်လည်း ကိုယ် ခန္ဓာဝဝနှင့်လူမှ နောက်ထပ် (၁) ကြိမ်လာရောက် မုဒိမ်းကျင့်ရာတွင် မေ့ချင်သလိုလိုတောင် ဖြစ်သွားသည်ဟု ခင်ခင်ကပြောပါသည်။ နောက်တနေ့တွင် လူမုန်းက အဓမ္မကျင့်ဖို့ ကြံနေစဉ် မှာပင် လူတစ်ယောက်က တံခါးလာခေါက်ပြီး သူမကို အပြင်ထုတ်ခေါ်သွားပြီး မဟာချိုင်မြို့ရှိ အနှိပ်ခန်းဆိုင်တစ်ဆိုင်ကို ပို့ပါသည်။ ၎င်းဆိုင်ရှင်က သူမရှေ့တွင်ပင် လူမုန်းကို ဘတ်ငွေ (၅၀၀၀) ပေးလိုက်သည်ဟု ခင်ခင်ကပြောသည်။

"နာမည်ကသာ အနှိပ်ခန်း တကယ်တော့ အဲဒါဖာဆိုင်ပဲ၊ သမီးကို အဲဒီမှာ (၂) ရက်ထား ပြီးဟို အခန်းကို ပြန်ခေါ်သွားတယ်၊ အခန်းပြန်ရောက်တော့ စိုးပိုင်ဆိုတဲ့လူ (အသက် ၄၀) ကျော် လောက်) က လာစော်ကားတယ်၊ အကူအညီတောင်းရမယ့်လူကလည်းမရှိ၊ အခန်းနဲ့ မတိမ်းမ ရိမ်းမှာ သူတို့စောင့်နေတယ်၊ ထွက်ပြေးလို့လည်းမရ" ဟု ဆိုသည်။

အနှိပ်ခန်းဟု ခေါ်သည့် ပြည့်တန်ဆာဆိုင်ကပြန်လာပြီး (၃) ရက်အကြာတွင် ခင်ခင်ကို မဟာ ချိုင်မြို့ရှိ ဆွယ်ဆန်းဟုခေါ်သည့် နေရာကိုခေါ်သွားပြီး ထားဝယ်လင်မယား ပွဲစားအိမ်ကို ပို့ပြန်သည်။ ထိုနေရာတွင် မြန်မာပြည် အထူးသဖြင့်ကော့သောင်းဒေသမှလာသော လူများ အလုပ်မရခင်တွင် ထိုလင်မယားအိမ်တွင် တည်းနေကြသည်ဟု ခင်ခင်ကပြောသည်။

"အဲဒီမှာ လူအများကြီးနဲ့ နေတာထမင်းလည်းစားရတယ်၊ စိတ်ထဲမှာလည်းပျော်တယ်၊ သမီး သူ့ကို ပြောပြတယ်၊ သမီးကို ကင်းမွှန်ဆီကနေဝယ်လိုက်ပါလား၊ သူများလိုပဲ သမီးကိုအလုပ် ရှာပေး၊ ပိုက်ဆံကြေတဲ့အထိ သမီးအလုပ်လုပ်ပြီး ဆပ်မယ်လို့ သမီးသူတို့ကို တောင်းဆို တယ်၊ ကင်းမွှန်က သမီးကို နယ်စပ်ကနေခေါ်လာတဲ့အတွက် ကင်းမွှန်ကပဲ သမီးကို ပိုင်တယ် သူတို့က အဲလိုပြောတယ်"။

ထိုလင်မယားအခန်းတွင် (၃) ရက်ကြာပြီးနောက် ကင်းမွှန်ပြန်ရောက်လာပြီး လူအများရှေ့တွင် သူမကို ဖာသည်မ၊ ပြဿနာမ ဟုဆဲဆိုသည်ဟု ခင်ခင်က ပြန်ပြောသည်။

ထိုအခါ ခင်ခင်က "ဦးခေါ်လို့ ရောက်လာတာ၊ မီးဖာသည်မဖြစ်တာ ဦးနစ်နာသွားလား၊ မီးနေရာ မှာ ဦးညီမသာဖြစ်ရင် ဘယ်လိုဆုံးဖြတ်မလဲ" ဟု သူမ ပြန်မေးတော့ ကင်းမွှန်ဘာမှ ပြန်မပြော ချေ။

သူမကို (ယူနီယံဟု ခေါ်သည့်နေရာ) အရင်ထားခဲ့သည့်အခန်းကို ကင်းမွှန်ပြန်ခေါ် သွားသည်။ ထိုအခန်းတွင် (၃) ရက်ကြာနေရပြန်သည်။ ထိုရက်အတွင်း စိုးပိုင်၊ လူမုန်းနှင့် ထွန်းကိုဆိုသည့် လူတို့က လာရောက်စော်ကားပြန်သည်။ ၎င်းနောက် သူမကို ဘန်ကောက်တွင် တစ်လ ၃၀၀၀ အိမ်ဖော်သွားလုပ်ရန် ထွန်းကိုက ထိုင်းအမျိုးသမီးတစ်ယောက်ဆီကို မဟာချိုင်မြို့၏ တက်(စ်) ကိုလိုတပ်(စ်) တွင် လွှဲပြောင်းလိုက်ပြီး ဘတ်ငွေ (၄၀၀၀) ကို လက်ခံယူသည်ဟု ခင်ခင်က ပြောသည်။

ဘန်ကောက်တွင် မနက် (၅) နာရီ ထအလုပ်လုပ်ရပြီး ည (၉) နာရီထိုးမှ နားရသည်၊၊ အစား အစာကိုလည်း အိမ်ရှင်က စားသောက်ပြီး ပန်ကန်တွင် ကျန်နေသည်မှ စားရသည်။ ထိုအိမ် တွင် (၂) ရက်သာကြာသည်။ ထိုင်းအမျိုးသမီးက ခင်ခင်ကို သူမ လက်ထဲကိုထည့်လိုက်သည့် ပုဂ္ဂိုလ်က လာပြန်ခေါ်လိမ့်မည်ဟု ထိုင်းစကားဖြင့်ပြောသည်ကို ရနောင်းတွင်အလုပ်လုပ်ဖူး သည့် ခင်ခင်က တစ်လုံးစနှစ်လုံးစသာ နားလည်သည်။ သို့သော် ထိုင်းအမျိုးသမီးက ခင်ခင်ကို မဟာချိုင်ကို ပြန်ခေါ်သွားသည်မဟုတ်ပဲ ဘန်ကောက်မြို့ရှိ လူစည်ကားသည့်တနေရာတွင် ထားခဲ့သည်။ ညနေစောင်းလာသော်လည်း သူမကို မည်သူကမျှ လာမခေါ်ပေ။ ဗိုက်ကလည်း စာ ပိုက်ဆံကလည်းမရှိ၊ ထိုင်းစကားလည်း မပြောတတ်သည့် ခင်ခင်က အဝတ်တစ်ထုပ် ဖြင့်ငိုပြီး လမ်းပေါ်တွင် လျှောက်သွား နေခဲ့သည်။

ထိုအချိန်မှာပင် ပုလိပ်တစ်ယောက်ကို တွေ့သဖြင့်သူမသည် ဘတ်မရှိသည့်သူဖြစ်ပြီး၊ သူမ ကိုဖမ်းရန် ခင်ခင်က ငိုပြီးလက်နှစ်ဖက်ကမ်းပေးလိုက်သည်။

"မီးမှာသွားစရာ၊ လာစရာမရှိတော့ဘူးလေ၊ ပုလိပ်ဖမ်းလို့ အချုပ်ခန်းရောက်ရင် ထမင်းစား ရတယ်၊ အိပ်ဖို့နေရာရှိတယ်" ဟု ပြောသည်။

သို့သော်လည်း ပုလိပ်ကမဖမ်းဘဲ သူ့ဘေးမှာရှိနေသည့် ရွှေတွေအများကြီးဝတ်ထားသည့် အမျိုးသမီးက ထမင်းစားပြီးပြီးလား၊ ဘယ်မှာအလုပ်လုပ်လဲ စသဖြင့်မေးသည်။ ခင်ခင်က အိမ်ပြန်ချင်တယ်ဟု ငိုပြီးသူမကို ပြောသည်၊ ထိုအမျိုးသမီးက ဘတ် ၂၀၀ ပေးပြီး ထမင်းဝယ် စားဟု ပြောသည်။ ခင်ခင်က ထိုင်းစကားတစ်လုံးစ နှစ်လုံးစဖြင့် မဟာချိုင် သွားမည်ဟု ပြော သည့်အတွက် သူတို့က တက္ကစီ တစ်စီးကိုခေါ်ပေးသည်၊ ခင်ခင်က ထိုင်းနိုင်ငံတွင် သူမ သိ သည့်လူဟူ၍ လူမုန်းတို့အုပ်စုသာရှိသည်ဟုပြောသည်။ သူမတွင် လူမုန်း ဖုန်းနံပါတ်ရှိသည်။ တက္ကစီဒရိုင်ဘာကို အကူအညီတောင်းပြီး လူမုန်းကိုဖုန်းဖြင့် ကားပေါ်တွင် "နင်တို့ ငါ့ကိုယ် လည်းဖျက်ဆီးတယ်၊ လမ်းမှာလည်းပစ်ထားတယ်၊ နင်တို့ဆီကို ငါပြန်လာပြီး" ဟု ကွမ်းတံ တွေးထွေးစဉ် ခင်ခင်က ပြောသည်။

စာရေးသူမှာ မနက် (၁၀) နာရီဝန်းကျင်မှ ခင်ခင်နှင့်မိတ်ဖွဲ့ရင်း သူမပြောသည်ကို ရေးမှတ်နား ထောင်နေရင်းမှ နေ့လည်မွန်းတည့်ချိန်ပင်ရောက်နေသည်ကို ယခုမှသတိထားမိသည်၊ ခင်ခင် ဆံပင်ဆေးဆိုးနေသည့် ရုံးခန်း၏ အပြင်ဘက်ဝရန်တာကလေးတွင်ထိုင်ပြီး စကားပြောနေ သည့်အတွက် တိုက်ခတ်လာသောလေကြမ်း၏ အနည်းငယ်ညှီသော အနံ့ကို ရှုရှိုက်မိမှ ရတ်(က်) ထိုင်းရုံးသည် ကမ်းနားတွင်ရှိသတိထားမိပါတော့သည်။ မနက်ပိုင်းရုံးကို ဆိုင်ကယ် ဖြင့်အလာတွင် ငါး၊ ပုစွန်ခြင်းတို့ဖြင့်အလုပ်ရှုပ်နေသော နက်ပြာရောင်ဝတ်စုံ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဖြင့် အလုပ်ရှုပ်နေကြသော အလုပ်သမားတစ်စုကို မျက်မှန်းတန်းမိသော်လည်း ပင်လယ်ကမ်းနားဖြစ်နေမှန်း မသိလိုက်ပေ၊ ယခုမှပင် စက်လှေကြီးတို့၏ ထိပ်ပိုင်းကို လှမ်းမြင် နေရပါသည်၊ ခုတ်မောင်းနေသော စက်လှေသံ သဲ့သဲ့ကိုလည်းကြားလိုက်ရသည်။

ဘန်ကောက်ကနေ မဟာချိုင်ကို ဘယ်အချိန်ပြန်ရောက်သလဲဟု မေးရာ ည (၁၂) နာရီ ဟု ခင်ခင်က ပြောသည်၊၊ "အဲဒီအခန်းကို ပြန်ရောက်တော့ (၂) ရက်လုံးလုံး၊ ထမင်းလာမကျွေး ဘူး၊ မီးလေဗိုက်အရမ်းဆာတော့ ရေပိုက်ကရေကိုသောက်တယ်၊ ဘုရားရှိခိုးတယ်"၊၊ ထိုကဲ့သို့ သူမဒုက္ခဖြစ်နေစဉ်မှာ တနေ့မနက်တွင် အခန်းတံခါးခေါက်သဖြင့် တံခါးဖွင့်ရာ အမျိုးသမီးတစ် ဦးက သူမကို လူမုန်းရှိလားဟု မေးသည်၊၊ လူမုန်းမရှိသည့်အတွက် အမျိုးသမီးကပြန်လှည့် သွားရာ ခင်ခင်က နောက်ကနေလိုက်ကြည့်ပြီး အမျိုးသမီးဝင်သွားသည့်အခန်းကို မှတ်ထား လိုက်သည်။ ဘေးပတ်ဝန်းကျင်ကိုလိုက်ကြည့်ရာ လူမုန်းက လူတစ်ယောက်နှင့်စကားပြော နေသည်ကို တွေ့သည်ဟု ခင်ခင်ကပြောသည်။ နောက်တနေ့ လူမုန်းက သူမဆီကိုလာရာ ထမင်းဝယ်စားရန် ဘတ်ငွေ (၄၀) ပေးခဲ့သည်။ လူမုန်းထွက်သွားပြီးနောက် ခင်ခင်က အမျိုးသ မီးအခန်းကို သွားပြီးသူမအကြောင်းကို ပြောပြရာ အမျိုးသမီးက ရတ်(က်) ထိုင်း လူမှုအဖွဲ့အ စည်းက ဦးအောင်မင်းကို ဆက်သွယ်ပြီး ခင်ခင်ကို ပွဲစားတို့၏လက်မှ ကယ်ထုယ်လာ ခဲ့သည်။

ခင်ခင် ထွက်မပြေးခင်တွင် စိုးပိုင်ဆိုသည့်လူက ထိုအခန်းတွင် ခင်ခင်ကို အခမဲ့နေခွင့်ပြုမည်။ သူတို့ တစ်လဘတ် (၆၀၀၀) ပေးမည်။ အခန်းတွင်နေပြီး လိင်အလုပ်သမဖြင့် လုပ်စားရန် သူမ ကို ပြောသည်ဟု ခင်ခင်က ပြောသည်။ ခင်ခင်က စိုးပိုင်မယားငယ် သတ်မှတ်ပါက စိုးပိုင်တစ် ဦးအနေဖြင့် လာတွေ့သည်ကို သူမလက်ခံမည်၊ စိုးပိုင်ပြောသလိုမျိုးမလုပ်နိုင်ဟု ဆိုသည်။
http://www.monnews-imna.com

0 Comments:

blogger templates | Make Money Online