Wednesday, December 24, 2008

ဗိုလ်ချုပ်ရူးကြီး သန်းရွှေ၏ စိတ်ကို အဓိပ္ပါယ်ဖော်ကြည့်ခြင်း

အောင်ဇော်

http://www.irrawaddy.org
မြန်မာနိုင်ငံတွင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ခေါင်းဆောင်များကို ကြီးလေးသည့် ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်းကြောင့် လူအများက ပြစ်တင်ဝေဖန် ရှုံ့ချခဲ့ကြသည်။ သို့သော်လည်း ဤဖြစ်ရပ်များက မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပေါ် လာမည့် အကြီးအကျယ် နှိပ်ကွပ်နှိမ်နင်းမှုများ၏ အစပျိုးလည်း ဖြစ်နိုင်သည်။ ဗိုလ်ချုပ်သန်းရွှေက ၂၀၁၀ ခုနှစ် ရွေး ကောက်ပွဲမတိုင်မီတွင် သူ့ကိုပြစ်တင်ဝေဖန်နေသူအားလုံးကို နှုတ်ပိတ်၍ ထောင်ထားထည့်ထားရန် ရည်ရွယ်နေသည်။

သူ၏ အားနည်းချက်ဟု ဆိုရလေမလား၊ အားကောင်းချက်ဟု ဆိုရလေမလားမသိ။ ယခုဖိနှိပ်နေမှုများသည် ဗိုလ်ချုပ်သန်း ရွှေက လာမည့် ရွေးကောက်ပွဲတွင် သူကို အတိုက်အခံပြုလာမည့် ရန်ဟူသမျှကို အမြစ်ဖြုတ်ချေမှုန်းပစ်မည်ဟု သံန္နိဌာန်ချ ထားကြောင်း သူ့ကိုဆန့်ကျင်ဝေဖန်နေသူများကို သိသာစေခဲ့သည်။

သူ၏ ခေါင်းဆောင်မှုကို ဝေဖန်မေးခွန်းထုတ်လာသူများကို မတန်တရာ ထောင်ဒဏ်များ ချပစ်သည့် ရည်ရွယ်ချက်ကို တစုံ တဦးက အဓိပ္ပါယ်ဖော်၍ ရနိုင်သော်လည်း၊ ဗိုလ်ချုပ်သန်းရွှေက မည်သို့ စိတ်ကူးကြံစည်နေသည်ကို ဖတ်နိုင်ရန်မှာ ခက်ခဲ လှသောအလုပ်ဖြစ်သည်။ သူနှင့် အနီးကပ်နေရသည့် အရာရှိများကပင် အလားတူ ၀န်ခံပြောဆိုခဲ့ကြဖူးသည်။

သူက ကြိုတင်စီစဉ်ထားသည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့ခြင်းကြောင့် ဖြစ်လာရသည့် ဗိုလ်ချုပ်ကြီး၏ ဒေါသကို အတိုက်အခံခေါင်းဆောင်များဖြစ်သည့် ကိုမင်းကိုနိုင်၊ ကိုမင်းဇေယျ၊ ကိုဂျင်မီတို့ ခံစားခဲ့ကြရ သည်။ သတင်းရင်းမြစ်များ၏ အဆိုအရ လွန်ခဲ့သည့်နှစ်အတွင်းက ဗိုလ်ချုပ်သန်းရွှေက အရာရှိအချို့ကို တာဝန်ပေး၍ ထိန်းသိမ်းထားသည့် လှုပ်ရှားသူ ခေါင်းဆောင်များကို ၂၀၁၀ ရွေးကောက်ပွဲနှင့် မေလတွင် ကျင်းပခဲ့သည့် ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ တီးခေါက်စုံစမ်းစေခဲ့သည်ဟု ဆိုသည်။ အများစုက စစ်အစိုးရ အဆိုပြုထားသည့် ကိစ္စ ၂ ခုစလုံးကို ပယ်ချခဲ့ ကြသည်။

စစ်အစိုးရကို ဆန့်ကျင်နေကြသူများက ယခုလို နှိပ်ကွပ်နှိမ်နင်းနေမှုများ ဆက်လက်မြင့်မားလာဖွယ် ရှိသည်ဟု မြင်နေ ကြသည်။ သူတို့က စစ်အစိုးရတွင် ဖမ်းဆီးထိန်းသိမ်းရမည့်သူများကို စာရင်းပြုစုထားရှိပြီး ဖြစ်သည်ဟု ဆိုကြသည်။ ဤသို့ ဖမ်းဆီးခံရမည့်သူများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များလည်း အပါအ၀င် ဖြစ်သည်။ ဗိုလ်ချုပ်သန်းရွှေ က အတိုက်အခံဟူသမျှကို ၂၀၁၀ ရွေးကောက်ပွဲကျင်းပသည့်အချိန်တွင် အိမ်အကျယ်ချုပ်သော်လည်းကောင်း၊ ထောင် တွင်းသော်လည်းကောင်း ထား၍ အကျဉ်းချထားလိုသည်။

အတိုက်အခံများကို ထောင်သွင်းထားရုံမျှဖြင့် မကျေနပ်နိုင်ပါ။ ဗိုလ်ချုပ်သန်းရွှေက စိတ်ဓါတ်စစ်ဆင်ရေးနည်းဖြင့် စိတ်ဓါတ် ကျိုးကြေပျက်သုဉ်းအောင် ဆောင်ရွက်လိုပုံလည်း ရသည်။ ဖမ်းဆီးထားသည့် အတိုက်အခံအများစုကို အင်းစိန်ထောင် အတွင်း ခုံရုံးတင်စီစဉ်ခဲ့သော်လည်း သူတို့ကို ထောင်ချပြီးသည်နှင့် ဝေးလံခေါင်သီသည့် ထောင်များသို့ ခွဲ၍ ပို့ခဲ့သည်။ သူတို့၏ မိသားစုများ၊ မိတ်ဆွေများနှင့် ဝေးရာသို့ နှင်စေခဲ့သည်။

ဤသို့ အတိုက်အခံခေါင်းဆောင်များကို ထောင်ချပြီး အထီးကျန်ဖြစ်စေရန် ဝေးလံသည့် ဒေသများသို့ ပို့ခဲ့သည့် ရက်စက် လွန်းလှသော အမိန့်မှာ ယခင်က တပ်မတော် စိတ်ဓါတ်စစ်ဆင်ရေး အရာရှိဟောင်းတဦး ဖြစ်သူ ဗိုလ်ချုပ်သန်းရွှေနှင့် သူ နှင့်နီးစပ်သော ခေါင်းမာဂိုဏ်းသား ၀န်ကြီးများထံမှ လာသည်ဟု ဆိုကြခြင်းမှာ ဖြစ်တန်ရာ ရှိပါသည်။ စစ်အစိုးရ၏ သတင်း ရင်းမြစ်များက ပြောကြရာတွင် နောက်ထပ်ဖမ်းခံရရန် ရှိသည့် နိုင်ငံရေးအတိုက်အခံများစရင်းနှင့်အတူ သူတို့ကို မည်သည့် ထောင်သို့ ပို့လွှတ်ချုပ်နှောင်ရမည်ကိုပါ ဖော်ပြထားသည်ဟု ဆိုကြပါသည်။

သို့သော် ကန့်လန့်နိုင်လှသည့် အဖြစ်မှာ အတိုက်အခံများကို ရက်စက်ကြမ်းကြုတ်စွာ ချေမှုန်းခြင်းအားဖြင့် ဗိုလ်ချုပ်သန်း ရွှေက မြန်မာပြည်သတင်း ကမ္ဘာက အရေးစိုက်လာအောင် ပြုခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ အဖြစ်အပျက်များက သတင်း ဌာနများက အာရုံစိုက်မခံရသည်မှာ၊ တိတ်ဆိတ်နေခဲ့သည်မှာ အတန်ကြာမြင့်နေခဲ့ပြီးမှ ယခုသတင်းများ ပေါ်ပေါက်လာ ခြင်း ဖြစ်သည်။ ယခုတကြိမ်တွင်လည်း အနောက်နိုင်ငံများက မြန်မာစစ်အစိုးရကို ပြစ်တင်ဝေဖန်သံများနှင့် ကြွက်ကြွက်ညံ နေခဲ့ပြန်သည်။

သို့သော်လည်း ဤသို့ အာရုံစိုက်ခံရမှုက နေပြည်တော်အပေါ်တွင် ကြာကြာဝဲမနေနိုင်ကြောင်း ဗိုလ်ချုပ်သန်းရွှေက ကောင်း ကောင်း သိထားပါသည်။ နိုင်ငံတကာရှိ ခေါင်းဆောင်များက မြန်မာနိုင်ငံ၏ ရှေ့မတိုးနောက်မဆုတ်သာ နိုင်ငံရေးအခြေ အနေအပေါ် စိတ်ကုန်လက်ကုန်ဖြစ်နေကြကြောင်း သူက သိထားပါသည်။

အချို့သော ပညာအိုးကွဲများက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ရွေးကောက်ပွဲ မရှိသည်ထက်စာလျှင် တခုခုရှိသည်က ကောင်း သည်ဟု ပြောဆိုထောက်ခံမည့်သူများ ရှိနေကြောင်းလည်း သူက ကောင်းကောင်းသိထားပါသည်။

၂၀၁၀ ရွေးကောက်ပွဲက မုချကျင်းပဖြစ်လိမ့်မည် ဖြစ်သည်ဟု အနောက်တိုင်သံတမာန်တဦးက မိမိကို မကြာသေးမီက ပြောပါသည်။ မေလက ကျင်းပခဲ့သည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကဲ့သို့ပင် ဗိုလ်ချုပ်သန်းရွှေ အလိုကျ ၎င်း၏ အလိုတော်ရိ များနှင့် နီးစပ်သူများ အနိုင်ရလေအောင် မဲလိမ်မဲညစ်ကြဦးမည် ဖြစ်သည်။

အတိုက်အခံများနှင့် အနောက်နိုင်ငံများက လာမည့် ၂၀၁၀ ရွေးကောက်ပွဲရလဒ်ကို လက်ခံကြမည် မဟုတ်သည်ကို ဗိုလ်ချုပ်သန်းရွှေက တွက်ဆထားမိပါသည်။ သို့သော်လည်း စစ်အစိုးရကို ထောက်ခံပြောဆိုမည့်သူများ၊ အခွင့်ကောင်း စောင့်နေသူများ၊ မြန်မာ့အရေး စောင့်ကြည့်လေ့လာနေသူများ၊ တက်ကြွလှုပ်ရှားသူများနှင့် အချို့သော မသဲကွဲေ၀၀ါးနေ သည့် အစိုးရမူဝါဒချမှတ်သူများ ၀ါရှင်တန်၊ ဘရပ်ဆယ်နှင့် ဘန်ကောက်တွင် တွေ့ဆုံညှိနှိုင်းနေကြကြောင်းလည်း သူက သတိပြုမိနေပါသည်။ ဤဆွေးနွေးပွဲများတွင် ၂၀၁၀ ရွေးကောက်ပွဲ အကြောင်းအရာကို အလေးထားစဉ်းစားနေကြပါ သည်။

အချို့သော ပညာအိုးကွဲဆိုသူများက စစ်အစိုးရနှင့် ဒီမိုကရေစီအရေး လှုပ်ရှားမှု၊ ဖိနှိပ်သူနှင့် ဖိနှိပ်ခံရသူကို ခွဲခြားမမြင်မိ ကြတော့ကြောင်းကိုလည်း ဗိုလ်ချုပ်သန်းရွှေက ကောင်းစွာ သတိပြုမိလိမ့်မည် ဖြစ်သည်။

ထို့အပြင် ပြည်ပရှိ အတိုက်အခံလှုပ်ရှားမှုက မညီညွတ်နိုင် အကွဲကွဲအပြားပြား ဖြစ်နေကြသည်ကိုလည်း ဗိုလ်ချုပ်သန်းရွှေ က သိထားနိုင်သည်။ နိုင်ငံရပ်ခြား ရန်ပုံငွေများအပေါ် မှီခိုနေကြရပြီး တခါတရံ ပိုက်ဆံပြတ်၍ နေကြသည်ကိုလည်း သိ ထားနိုင်သည်။ ထိုမျှမက တိုင်းရင်းသားအပစ်အခတ်ရပ်စဲရေး အဖွဲ့များနှင့် အပစ်မရပ်သေးသည့် တိုင်းရင်းသားလက်နက် ကိုင်တပ်များလည်း ချိနဲ့အားနည်းနေပြီး မဟာဗျူဟာ မရှိကြကြောင်း သူသိထားနိုင်သေးသည်။

ဗိုလ်ချုပ်သန်းရွှေနှင့် သူ၏စစ်အစိုးရက အခြားတဖက်တွင်လည်း သဘာဝဓါတ်ငွေ့ရောင်းချရငွေများဖြင့် ထပ်မံကြွယ်ဝဖို့ ရှိ နေသေးသည်။ ရရှိလာသည့်ဝင်ငွေများနှင့် တရုတ်နှင့် ရုရှားနိုင်ငံများထံမှ လက်နက်များ ထပ်မံတိုးတက်၍ ၀ယ်ယူဖြည့် တင်းနိုင်သေးသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းများက မဝေဖန် မစောကြောဘဲ ထောက်ခံပံ့ပိုးပေးနေသမျှ ဗိုလ်ချုပ်သန်းရွှေ အနေနှင့် သူ၏အာဏာကို ပြိုင်မည့်သူမရှိဟုလည်း ဘ၀င်ရောက်နေနိုင်သေးသည်။

ဤအခြေအနေတွင် ကုလသမဂ္ဂက မည်သို့ရပ်တည်နေပါသနည်း။ ဗိုလ်ချုပ်သန်းရွှေက ယခုအချိန်သည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းလာရောက် လည်ပတ်ရန်အတွက် အခြေခံကိစ္စများ ပြင်ဆင်ရမည့်အချိန်ဟု လည်း သိထားပါသည်။ သို့သော်လည်း သူက ယခုအချိန်တိုင် ကုလသမဂ္ဂအကြီးအကဲ လာရောက်မည့်ကိစ္စကို နည်းနည်း မျှ စိတ်ဝင်စားဟန် မပြသေးပါ။

ဘန်ကီမွန်းအနေနှင့် အကယ်၍ မြန်မာနိုင်ငံသို့ ရောက်လာခဲ့ပါက မျှော်လင့်ထားနိုင်သည်မှာ မြန်မာနိုင်ငံ၏ ရှုပ်ထွေးရှည် လျားလှသည့် သမိုင်းကြောင်း ပို့ချချက်ကို ကြားရနိုင်သည်။ ပြင်ဆင်ထားသည့် ရွေးကောက်ပွဲကိစ္စ၊ တိုင်းရင်းသားအရေး ကိစ္စနှင့် မညီညွတ်ဖြစ်နေရမှုများကို ကြားရနိုင်ပါသည်။ စစ်တပ်က ဤသို့အနေအထားကြောင့် မဖြစ်မနေ ဗဟိုမဏ္ဍိုင်နေရာ ကို ယူထားရကြောင်း ရှင်းပြချက်များလည်း သေချာကြားရလိမ့်မည် ဖြစ်ပါသည်။ အကယ်၍ ဘန်ကီမွန်းက ရှည်လျားလှ သည့် တကိုယ်တော်မိန့်ခွန်းကို နားထောင်ရန် ပြင်ဆင်ထားပါက၊ သူတို့အလိုကျ လိုက်မည်ဆိုပါက ဗိုလ်ချုပ်သန်းရွှေ၏ အထူးဧည့်သည်တော်အနေနှင့် နေပြည်တော်သို့ ဖိတ်ကြားမည်မှာ မုချဖြစ်သည်။

မကြာသေးမီက ထူးထူးဆန်းဆန်း ဗိုလ်ချုပ်သန်းရွှေက ကုလသမဂ္ဂ အထူးသံကိုယ်စားလှယ် အီဗရာဟင် ဂမ်ဘာရီကို မြန်မာပြည်သို့ ဖိတ်ခေါ်ခဲ့ပြန်သည်။ သို့သော်လည်း သံတမာန်ရပ်ကွက်များ အဆိုအရ မစ္စတာဂမ်ဘာရီက သူ၏ ရာထူး တာဝန်မှ အနားယူရန် တိတ်တဆိတ်စဉ်းစားနေသည်ဟု ဆိုသည်။ ဤသတင်းနှင့်ပတ်သက်၍ သေချာတိကျသည့်အတည် ပြုချက်များ မရရှိသေးပါ။

ကုလသမဂ္ဂက မစ္စတာဂမ်ဘာရီနေရာကို အစားထိုးနိုင်မည့် အခြားသံတမာန်တဦးကို အရှေ့တောင်အာရှ နိုင်ငံများဆီမှ ရှာဖွေကောင်း ရှာဖွေနေနိုင်ပါသည်။ ဗိုလ်ချုပ်သန်းရွှေက တွက်ထားသည်မှာ မစ္စတာဂမ်ဘာရီက မြန်မာနိုင်ငံသို့ လာလည် သည့် အကြိမ်ရေများလေလေ၊ အထူးသံ၏ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ တန်ဖိုးပိုကြီးကြီး ပေးရလေ ဖြစ်ပါသည်။

သူ့အတွက် အချိန်သိပ်မကျန်တော့ကြောင်း သိထားသည်နှင့်အညီ အသက်အရွယ် အိုမင်းမစွမ်းရှိနေပြီဖြစ်သည့် ဗိုလ်ချုပ် သန်းရွှေက ထက်မြက်ဆဲဖြစ်နေနိုင်သော်လည်း ပို၍ စိတ်သောကရောက်နေနိုင်သည်။ စိုးရိမ်ကြောက်ရွံ့စိတ်များလည်း လွန် လွန်ကဲကဲ ရှိနေနိုင်သည်။ သူက နိုင်ငံတော်ကို အုပ်ချုပ်နေသည့်ပုံကို သဘောမတွေ့ကျသည့် ဂဏှာမငြိမ်ဖြစ်နေကြသော အချို့ စစ်ဗိုလ်များ ရှိနေကြောင်းလည်း သူက သိထားပါသည်။ အတိတ်က သူဖြုတ်ထုတ်ရှင်း လုပ်ထားသည့်ကိစ္စများက ယခုတိုင် သူ့ကိုခြောက်လှန့်နေဆဲ ရှိနိုင်ပါသည်။ ဖြစ်နိုင်သည်မှာ အိပ်မပျော်သောညများပင် ရှည်ရှည်လျားလျား ရှိနေနိုင်ပါ သေးသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်က ဗိုလ်ချုပ်သန်းရွှေကို ဆေးစစ်ခွင့် ရခဲ့သည့် စင်္ကာပူဆရာဝန်များ၏ ရောဂါဖော်ချက်ကို သိရ မည်ဆိုပါက အမှန်တကယ် စိတ်ဝင်စားဖွယ်ပင် ဖြစ်ပါသည်။ အတည်မပြုနိုင်သောသတင်းများအရ တုနှိုင်းမရှိ ခေါင်းဆောင် ကြီးတွင် ကင်ဆာနှင့် သွေးတိုးရောဂါ ခံစားနေရသည်ဟု ဆိုကြပါသည်။ သို့သော် လောင်းကြေးစားကြေး ပြောလိုက်ချင် သော ကိစ္စရှိပါသေးသည်။ စင်္ကာပူဆရာဝန်များ ထုတ်ဖော်ပြောရန် မ၀ံ့ဖြစ်နေရသည့် ကိစ္စမှာ ဗိုလ်ချုပ်သန်းရွှေအနေနှင့် ရူးသွပ်နေသည်ဟူသည့် အချက်ပင် ဖြစ်ပါတော့သည်။

အောင်ဇော်ရေးသားသည့် Reading Than Shwe's Disturbed Mind ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။



0 Comments:

blogger templates | Make Money Online