Friday, December 5, 2008

မုဒုံမြို့ ဆေးရုံဝင်းရှိ ၀န်ထမ်းအိမ်ယာအတွင်း နောက်ထပ် မီးလောင်မှုတစ်ခု ဖြစ်ပွား

လွတ်လပ်သောမွန်သတင်းအေဂျင်စီ
ဒီဇင်ဘာလ ၃ ရက် နေ့လယ် ၁၂ နာရီ မိနစ်သုံးဆယ်ခန့်တွင် မွန်ပြည်နယ်မုဒုံမြို့ ပြည်သူ့ဆေးရုံဝင်း၌ လျှပ်စစ်ဝါယာကြိုး ရှော့ဖြစ်ပွားမှုကြောင့် ဆေးရုံဝန်ထမ်းအိမ်ယာ တစ်လုံးကို မီးစွဲလောင်ခဲ့သည်။

မီးမှာ မိနစ်သုံးဆယ်ခန့် လောင်ကျွမ်းခဲ့သည်ဟု မျက်မြင်သက်သေတဦးက ပြောသည်။ မီးစတင်လောင်ကျွမ်းသောအချိန်သည် ဝန်ထမ်းများနေ့လယ်စာ စားချိန်ဖြစ်သည့် အတွက် ဝန်ထမ်းအားလုံးသည် ဆေးရုံထဲတွင် ရှိနေခဲ့ကြသည်။

ဆေးရုံဝင်းကို မီးလောင်သောအချိန်တွင် အစိုးရမီးသတ်ဌာနမှ မီးသတ်ကားများ အချိန်မှီမရောက်လာသော်လည်း ဆေးရုံဝင်းအနီးတွင် နေထိုင်သောအရပ်သားများ လာရောက်ပြီး မီးကိုဝိုင်းဝန်း ငြိမ်းသတ်ခဲ့သည့်အတွက် မီးမှာငြိမ်းသွားခဲ့သည်။

''မီးလောင်တာကတော့ မိနစ်သုံးဆယ်လောက်ရှိမယ်၊ အိမ်နီးနားတွေ ဝိုင်းပြီးငြိမ်းလို့ မီးကငြိမ်းသွားတာ၊ မီးသတ်အဖွဲ့ကတော့ မီးငြိမ်းပြီးမှ ရောက်လာတယ်'' ဟု မုဒုံမြို့ခံ မျက်မြင်သက်သေတစ်ဦးက ပြောသည်။

ဆေးရုံဝင်းအနီးရှိ အရပ်သားများက လောင်ကျွမ်းနေသောမီးကို အချိန်မှီ သတ်နိုင်ခဲ့သောကြောင့် နေအိမ်မှာထိခိုက်မှုမရှိဘဲ နေအိမ်အတွင်းပစ္စည်းများသာ လောင်ကျွမ်းခဲ့သည်ဟု မျက်မြင်သက်သေက ပြောသည်။

''အိမ်ကတော့ ဘာမှဖြစ်မသွားပါဘူး၊ အိမ်ထဲမှာ ရှိတဲ့ပစ္စည်းတွေပဲ လောင်သွားတာ၊ ပစ္စည်းတွေကတော့ ဘာမှမကျန်တော့ဘူး " ဟု ပြောသည်။

မီးသတ်ဌာနနှင့် မုဒုံဆေးရုံသည် ကားဖြင့်သွားလျှင် ၃ မိနစ်ခန့်သာ ကြာသော်လည်း မီးသတ်များက မီလောင်ရာအဆောက်အဦးဆီသို့ အချိန်မှီမရောက်လာခဲ့ပါ ဟု မျက်မြင်သက်သေကပြောသည်။

မုဒုံမြို့ထဲတွင် မီးသတ်ကားများရှိသလို မြို့နှင့် သုံးမိုင်ခန့်ဝေးတဲ့ ညောင်ကုန်း ကျေးရွာမှာလည်း လွန်ခဲ့လကပဲ မီးသတ်ကားအသစ်ကို သိန်း ၁၅၀ ကျပ်နှင့် အာဏာပိုင်တွေက ရွာသားဆီမှာ ပိုက်ဆံကောက်ပြီး ဝယ်ယူထားခဲ့သည်ဟု ကြားသိရသည်။
http://www.monnews-imna.com

0 Comments:

blogger templates | Make Money Online