Friday, December 5, 2008

ဘုရားသုံးဆူဒေသ၏ ပြောင်းလဲလာသော ပင်တိုင်စီးပွားရေးများ

သူရိန်
၂၀၀၀ ခုနှစ်ဝန်းကျင်လောက်မှစပြီး တစ်စထက်တစ်စ ယိမ်းယိုင်လာခဲ့သော ဘုရားသုံးဆူဒေသ၏ အပေါ်ယံစီးပွားရေးရပ်တည်မှု အခြေမခိုင်တော့သည်ကို နားလည်သဘောပေါက်လာကြသည့် အတွေး အခေါ်ရှိသူများ၊ ငွေရှင်ကြေးရှင်များတို့သည် အပေါ်ယံစီးပွားရေးလုပ်ငန်းများကို အရှိန်အဟုန်လျှော့ချကာ တာရှည်ရပ်တည်နိုင်မည့် လုပ်ငန်းကြီးတစ်ခုဖြစ်သည့် ဥယျာဉ်ခြံစိုက်ပျိုးရေးလုပ်ငန်းများကို ပင်တိုင်စီးပွားရေးလုပ်ငန်းအဖြစ် ပြောင်းလဲကာ လုပ်ကိုင်လာခဲ့ကြပြီဖြစ်သည်။

ပြောင်းလဲလုပ်ကိုင်လာခဲ့ကြသည့် ဥယျာဉ်ခြံစိုက်ပျိုးရေးလုပ်ငန်းများတွင် သာမန်နှစ်ရှည်ပင်များဖြစ်သည့် အုန်း၊ ကွမ်းသီး၊ လိမ္မာ်၊ သရက်၊ ကျွဲကော စသည့် အပင်အမျိုးအမည်များသာမက ရွှေဖြူဟုခေါ်သည့် ရာဘာပင်များကို အဓိကထား၍ စိုက်ပျိုးလာခဲ့ကြရာ ယခုအခါတွင် ဘုရားသုံးဆူဒေသ ပတ်ဝန်းကျင်တွင် ဖြစ်ထွန်းပြီး ရာဘာခြံများနှင့် စိုက်ပျိုးစ ရာဘာခြံများမှာ နေရာအနှံအပြားတွင် တွေ့မြင်နေရပြီဖြစ်သည်။

ရာဘာပင်များကို မြေအနေအထား ရွေးချယ်စရာမလိုဘဲ စိုက်ပျိုးနိုင်ခြင်းကြောင့် ငွေကြေးမပြည့်စုံသူများက မိမိတို့ ပိုင်ဆိုင်သမျှမြေရိုင်းများကို မိမိတို့ခွန်အားနှင့် တတ်နိုင်သမျှ တစ်နိုင်တစ်ပိုင် စိုက်ပျိုးသူများရှိသလို ငွေကြေးအင်အားဖြင့် ရနိုင်သမျှမြေရိုင်းများကို ဝယ်ယူပြီး မျိုးကောင်းမျိုးသန့်များကို စိုက်ပျိုးကာ ရာသီအလိုက် ဓာတ်မြေသြဇာများ အသုံးပြုခြင်း ဌားရမ်ထားသော အလုပ်သမားများအင်အားဖြင့် စိုက်ပျိုးရေးနည်းစနစ်များနှင့်အညီ စိုက်ပျိုးခြင်းတို့ကို အပြိုင်အဆိုင် လုပ်ကိုင်နေကြပြီ ဖြစ်သည်။

ထိုကဲ့သို့ အပြိုင်အဆိုင် စိုက်ပျိုးလာခဲ့ကြခြင်းကြောင့်လည်း ဘုရားသုံးဆူပတ်ဝန်းကျင် ဒေသရှိ တောတောင်မြေရိုင်းများမှာ အဆမတန် တန်ဖိုးမြင့်တက်လာခဲ့ပြီ ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်နှစ်တာဝန်း ကျင်ကာလက မြေရိုင်းတစ်ဧကလျှင် ဘတ်ငွေငါးရာကျော် ခြောက်ရာခန့်သာရှိသော်လည်း ယခုအခါတွင် မြေရိုင်းဈေးနှုန်းများမှာ တစ်ဧကလျှင် အနည်းဆုံး ဘတ်ငွေ ငါးထောင်နှင့် တစ်သောင်းဝန်းကျင်ကြားတွင် ရှိနေကြောင်း ရာဘာပိုင်ရှင်တစ်ဦးက ပြောသည်။

ဘုရားသုံးဆူဒေသတွင် စိုက်ပျိုးသည့် ရာဘာပျိုးပင်များကို ထိုင်းနိုင်ငံမှတဆင့် မှာယူရကြောင်းကိုလည်း ရာဘာခြံစိုက်ပျိုးသူ ကိုဝင်းက ပြောသည်။ "ရာဘာပျိုးပင်တွေကို ထိုင်းကမှာယူရတယ်။ ပျိုးပင်နှစ်မျိုးရှိတယ်။ ပျိုးပြီးသား အရွက်ထွက်နေတဲ့ အပင်နဲ့ အရွက်မထွက်သေးတဲ့အပင်ပဲ၊ အရွက်မထွက်သေးတဲ့ပျိုးပင်ကို ပြန်ပြီးတော့ ပျိုးယူရတယ်။ ဒီအတိုင်းပဲ စိုက်လို့ရတယ်။ အရွက်ထွက်ပြီးသားပျိုးပင်ကတော့ စိုက်ရုံပဲ ဈေးကလည်းကွာတယ်။ အရွက်ထွက်ပြီးသားအပင် တစ်ပင်ကို (၁၈) ဘတ်ကနေ ၂၅ ဘတ်အထိ ပေးဝယ်ရတယ်။ အရွက်မထွက်သေးတဲ့ အပင်တစ်ပင်ကို ခုနှစ်ဘတ်လောက်ပေးရ တယ်။ ထိုင်းမျိုးတွေဆိုတော့ စမ်းသပ်ထားပြီးလည်းဖြစ်တယ်။ အရည်အသွေးလည်းကောင်း တယ်။ ကျနော်တို့ မိဘလက်ထက်တုန်းကတော့ ကျနော်တို့ဒေသမှာ သာမန်မျိုးတွေပဲ စိုက်ကြတာများတယ်။ အခုဆိုရင်တော့ သူတို့ဆီမှာလည်း ထိုင်းမျိုးတွေကို စိုက်နေကြပြီ" ဟု၎င်းခြံပိုင်ရှင်က ဆက်ပြောသည်။

ရာဘာခြံစိုက်ပျိုးခြင်းဆိုသည်မှာ အပြောလွယ်သလောက် တကယ့်လက်တွေ့ကျကျ စိုက်ပျိုးသည့်အခါများတွင် အခက်အခဲများစွာရှိကြောင်းကိုလည်း နောက်ထပ် ရာဘာစိုက်ပျိုးသူတစ်ဦးက ပြောသည်။ ၄င်းက "ရာဘာခြံစိုက်တယ်ဆိုတာ ငွေရှိတဲ့လူတွေကျတော့ အခက်အခဲမရှိပေမယ့် ကိုယ့်ခွန်းကိုယ့်အားနဲ့ လုပ်ရတဲ့လူတွေကျတော့ အခက်အခဲတွေအများကြီးပဲရှိတယ်။ စစိုက်တာနဲ့ အစေးလှီးလို့ရတဲ့ အချိန်အထိ အနည်းဆုံး ခြောက်နှစ်လောက်အချိန်အတွင်းမှာ ငွေအား၊ လူအား အင်မတန်လိုတယ်။ အပင်ငယ်သေးတဲ့အချိန်မှာ ပိုပြီးတော့ လုံ့လစိုက်ရတယ်။ အဓိက ဖျက်ဆီးပစ်နိုင်တာကတော့ မီးပဲ၊ မီးမလောင်နိုင်အောင် အထူးဂရုစိုက်ရတယ်" ဟု ဆိုသည်။

ရှေးယခင်ကာလများကတည်းက ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသများတွင် တိုင်းရင်းသားလူမျိုးများက ရာဘာခြံစိုက်ပျိုးခြင်းလုပ်ငန်းကို အောင်မြင်စွာ လုပ်ကိုင်လာခဲ့ကြပြီး အကျိုးစီးပွားများ ဖြစ်ထွန်းလာခဲ့သည်ဟုလည်း လေ့လာသူတစ်ဦးက ဆိုသည်။ သို့သော် ယခုမျက်မှောက် ခေတ်ကာလလောက် စိုက်ပျိုးရေးနည်းပညာနှင့် နည်းစနစ်များ ထွန်းကားမှုမရှိခြင်း၊ မျိုးကောင်းမျိုးသန့် များရှားပါးခြင်း၊ ရာဘာပင်များ ဖွံ့ဖြိုးမှုနှောင့်နှေးခြင်း၊ အစေးထွက်နှုန်း နည်းပါးခြင်းတို့နှင့် ကြုံတွေ့ခဲ့ကြရပြီး ယခုကာလတွင် ခေတ်မှီသည့် စိုက်ပျိုးရေးနည်းစနစ်များနှင့် မျိုးကောင်းမျိုးသန့်များသာမက ဓာတ်မြေသြဇာ အမျိုးမျိုးတို့ကိုပါ အသုံးချလာကြခြင်းကြောင့် စိုက်ပျိုးမှုကြာမြင့်သည့် နှစ်ကာလခြင်းတူညီသော်လည်း ရာဘာအစေးထွက်နှုန်းမှာ အလွန်တရားကွာခြားကြောင်းကိုလည်း ထိုလေ့လာသူကပင် ဆက်၍ ပြောသည်။

ဘုရားသုံးဆူမြို့ စတည်ခဲ့သည့် ကာလကတည်းက ဘုရားသုံးဆူဒေသဝန်းကျင်တွင် ရာသီထွက်နှစ်ရှည်ပင် ဥယျာဉ်များကို စိုက်ပျိုးခဲ့ကြသော်လည်း ယခုနှောင်းပိုင်းတွင် ရာဘာခြံစိုက်ပျိုးသူများပြား လာခြင်းကြောင့် ဈေးကွက်မတွင်တော့သည့် ၄င်းနှစ်ရှည်ပင်များကို ခုတ်လှဲကာ ကမ္ဘာ့ဈေးကွက်တွင် ဝင်ဆံ့နိုင်မည့် ရာဘာပင်များကို အစားထိုးစိုက်ပျိုးလာကြပြီ ဖြစ်ကြောင်းကိုလည်း ဘုရားသုံးဆူမြို့နယ် ချောင်းဆုံကျေးရွာမှ ခြံသမားတစ်ဦးက ပြောသည်။

နှစ်ကာလများ ရာစုခေတ်များ မည်မျှပင် ပြောင်းလဲသွားစေကာမူ ရာဘာစိုက်ပျိုးမှုနှင့် ရာဘာဈေးနှုန်း များမှာ လျှော့ကျသွားမည် မဟုတ်ကြောင်းကိုလည်း ဘုရားသုံးဆူမြို့ပေါ်ရှိ ရာဘာစိုက်ပျိုးသူတစ်ဦးက ဆိုသည်။ ၄င်းက "ခေတ်တွေပြောင်းလဲလာလေ သိပ္ပံပညာတွေ ထွန်းကားလာတာနဲ့အမျှ လူ့အသုံးအဆောင်ပစ္စည်းတွေက များလာလေပဲ။ အဲဒီပစ္စည်းတွေထဲမှာ ရာဘာကို အသုံးမပြုရတဲ့ပစ္စည်ဆိုလို့ မရှိသလောက်ဘဲ။ သူ့ခေတ်နဲ့သူ့အခါ ရာဘာဈေးတွေက မြင့်တက်လာလေပဲ။ ဒါကြောင့် ရာဘာစိုက်တဲ့ အလုပ်ဟာလည်း ဘယ်တော့မှ တိမ်ကောသွားမှာမဟုတ်ဘူး" ဟု ၄င်းခြံသမားက ဆိုသည်။

ဘုရားသုံးဆူဒေသတွင် ရာဘာစိုက်ပျိုးသူ များပြားလာခြင်းနှင့် ဆက်စပ်၍ စိုက်ပျိုးရေးနှင့် စီးပွားရေးသမား တစ်ဦးကလည်း ဤကဲ့သို့ ဝေဖန်ပြောဆိုသည်။ "ဘုရားသုံးဆူဒေသမှာ ရာဘာစိုက်တဲ့လူတွေ များလာတယ်။ သူလည်းရာဘာ၊ ငါလည်းရာဘာ ဖြစ်ကုန်ပြီ၊ အကျိုးစီးပွားဖြစ်မယ့် နှစ်ရှည်ပင် စိုက်တာခြင်းအတူတူ လူအများက သတိမထားမိတာ တစ်ခုရှိတယ်။ ဘာလဲဆိုတော့ သစ်မွှေးပင်ပဲ။ ရာဘာလို ဒုက္ခခံပြီးစိုက်ရင် ပိုပြီးတော့ အကျိုးရှိမယ်လို့ထင်တယ်။ ဘာကြောင့်လဲဆိုတော့ အခုလောလောဆယ် မှာတောင် ထိုင်းမှာသစ်မွှေးတစ်ကီလိုကို ဘတ်တစ်သောင်းငါးထောင်လောက် ရှိတယ်ဆိုတော့ သစ်မွှေးတစ်ပင်ဟာ ဘယ်လောက်ထိ တန်ဖိုးရှိတယ်ဆိုတာ စဉ်းစားကြည့်ပေါ့" ဟု ဝေဖန်ပြောဆိုသည်။

သစ်မွှေးကို ထိုင်းနိုင်ငံ တစ်ခုတည်းသာမကပဲ ကမ္ဘာ့နိုင်ငံအသီးသီးကလည်း အသုံးပြုကြကြောင်းကိုလည်း ထိုသူက ဤသို့ဆက်ပြောသည်။ ရှားပါးပစ္စည်းများတွင် သစ်မွှေးသည်လည်း တစ်ခုအပါ အဝင်ဖြစ်ကြောင်းနှင့် သစ်မွှေးပင်များ ပေါက်ရောက်သည့် ဒေသများမှာလည်း မြန်မာပြည်အထက်ပိုင်း တောင်တန်းဒေသများနှင့် မြန်မာပြည်အောက်ပိုင်း တနင်္သာရီဒေသများရှိ တောကြီးများတွင်သာ ပေါက်လေ့ရှိကြောင်း သစ်မွှေးစိုက်ပျိုးခြင်းကို ထိုင်းနိုင်ငံ ချင်းမိုင်ဒေသများတွင် စတင်နေပြီဖြစ်ကြောင်း ထို့ကြောင့် ဒေသစီးပွားရေး ကြာရှည်တည်တံ့ရန် ရာဘာခြံများသာမက သစ်မွှေးခြံများကိုပါ စိုက်သင့်ကြောင်း ၄င်း၏စီးပွားရေးအမြင်များကို ရှင်းလင်းပြောဆိုသည်။

၂၀၀၀ ခုနှစ်နောက်ပိုင်း ပြောင်းလဲလာခဲ့သော ဒေသခံပင်တိုင်စီးပွားရေးအဖြစ် စိုက်ပျိုးလာကြသည့် ရာဘာခြံများသည် ဒေသတွင်းရှိ တောတောင်များ မြေရိုင်းများပါမကျန် ပြည့်နှက်နေလျှက်ရှိရာ ယခုအ ခါတွင် ဧကပေါင်းသောင်းချီ၍ စိုက်ပျိုးထားကြသည့် ရာဘာစိုက်ခင်းများသည် ဘုရားသုံးဆူဒေသဝန်း ကျင်တွင် စိမ်းလန်းစိုပြေစွာဖြင့် အောင်မြင်နေပြီဖြစ်သလို နောက်လာမည့် အနာဂတ်အတွက်လည်း သစ်မွှေးပင်များကိုပါ ထပ်မံ၍ စိုက်ပျိုးသင့်ကြောင်း ရေးသားတင်ပြလိုက်ရပေသည်။

http://www.monnews-imna.com

0 Comments:

blogger templates | Make Money Online