Friday, December 5, 2008

အမျိုးသမီးခေါင်းဆောင်တင်မြှောက်ခြင်းနှင့် ပတ်သက်၍ ဗဟိုကော်မတီဝင် မိစာဍာနှင့် မေးမြန်းချက်

မိရိုင်မရော့
မေး ။ ။ မွန်ပြည်သစ်ပါတီမှာ အမျိုးသမီးတွေကို ခေါင်းဆောင်တင်မြှောက်ဖို့ အခြေနေဘယ် လိုရှိသလဲ။
ဖြေ ။ ။ အမျိုးသမီးတွေက ကိုယ်ခေါင်းဆောင်ဖြစ်ချင်တိုင်းလည်း ဖြစ်လို့မရဘူး။ ပါတီရဲ့ကိုယ် စားလှယ်ပေါ်မှာ မူတည်နေတယ်။ ကိုယ်စားလှယ်အများစုကလည်း ယောက်ျားတွေပဲများ တယ်၊ အမျိုးသမီးဆိုရင် ကျမတစ်ယောက်ပဲရှိတယ်၊ ကိုယ်ကဘယ်လိုပဲ ဖြစ်ချင်ဖြစ်ချင် ကိုယ့် ရဲ့ ကိုယ်စားလှယ်ပေါ်မှာမူတည်နေတယ်၊ ကိုယ့်ရဲ့ကိုယ်စားလှယ်က အမျိုးသမီးတွေကို ခေါင်း ဆောင်တင်ချင်တဲ့ အမြင်တွေရှိမယ်ဆိုရင်ပေါ့၊ ကျမတို့ကလည်း ကျမတို့အမျိုးသမီးအဖွဲ့ကနေ အမျိုးအမီးကို ခေါင်းဆောင်တင်ဖို့ကိစ္စကို တင်ပြဖို့ အစီအစဉ်ရှိတယ်။ (Global System) လို မျိုး လက်ခံနိုင်မလားပေါ့၊ ဗဟိုအလုပ်မှုဆောင်အဖွဲ့တွေက ဒီ (Global System) ကို လက်ခံပေ မယ့်လည်း ဗဟိုကော်မတီဝင်တွေက လက်မခံနိုင်ဘူးဖြစ်နေတယ်။

မေး ။ ။ ဘာကြောင့် အမျိုးသမီးတွေကို ခေါင်းဆောင်တင်ဖို့ သူတို့က လက်မခံနိုင်တာလဲ။
ဖြေ ။ ။ဘာကြောင့်လဲဆိုတော့ သူတို့မြင်ထားတာက အမျိုးသမီးတွေဟာ ရေရှည်မသွားနိုင် ဘူး ဇွဲမရှိဘူး၊ ဝိရိယမရှိဘူး။ ဒါတွေကိုတော့ သူတို့ ၃ နှစ်တစ်ခါ ကျင်းပနေတဲ့ ပါတီရဲ့ ညီလာ ခံမှာ ဆွေးနွေးတာပါ၊ သူတို့ လက်မခံနိုင်တာက အဲဒီညီလာခံ ကျင်းပကတည်းကပေါ့၊ ဒီနှစ်ဆို ၃ နှစ်ပြည့်နေပြီး၊ ဗဟိုကော်မတီအဆင့်ကလည်း လက်မခံနိုင်ဘူး။

မေ ။ ။ ကရင်အမျိုးသားအစည်းရုံးမှာ အမျိုးသမီးအတွင်းရေးမှူးကို တင်မြှောက်လိုက်တာနဲ့ ပတ်သက်ပြီး ဆရာမဘယ် လိုမြင်ပါသလဲ။
ဖြေ ။ ။ ဒီလိုအမျိုးသမီးကို အတွင်းရေးမှူးအဖြစ် တင်မြှောက်လိုက်တာ ကောင်းတယ်လို့ ကျမမြင်တယ်၊ ဘာဖြစ်လို့လဲဆိုရင် သူတို့က အမျိုးသမီးတွေကို မြှင့်တင်ချင်တဲ့အမြင်တွေ ရှိတယ်။ အမျိုးသမီးတွေကလည်း ကျရာကဏ္ဍမှာ တာဝန်ယူနိုင်မယ်။ ပြီးတော့ ကျမအထင် ပေါ့နော် သူတို့ကလည်း အတွေ့အကြုံရှိမယ်၊ အမြင်တွေရှိမယ်။ ဒီလိုမျိုး အမျိုးသမီးတွေကို ရွေးလိုက်တာဟာ ကောင်းတယ်၊ ကျမတို့မွန်မှာလည်း အထက်ကလူတွေ ကရင်အမျိုးသား အစည်းအရုံး (KNU) မှာ ဒီလိုဖြစ်လာပြီးဆိုရင် မွန်မှာလည်း ဒီလိုဖြစ်သင့်တယ်လို့ စဉ်းစားချင် စဉ်းစားလာမယ်။ နောက်ပြီး အမျိုးသမီးတွေကလည်း အားအင်တွေရှိလာမယ်၊ တချို့အမျိုးသ မီးတွေက သူတို့ဝင်ပါချင်နေတယ် ဘယ်အဖွဲ့မဆိုပေါ့၊ ဒီလိုအမျိုးသမီးကို ခေါင်းဆောင်တင် မြှောက်တာဟာ ကျမတစ်ယောက်ထဲသာမက ကျမတို့မွန်အမျိုးသမီးအားလုံးကလည်း ဝမ်းပန်း တသာ ကြိုဆိုလျှက်ပါ။

မေး ။ ။ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့က ဘယ်လို အရည်အချင်းတွေ ရှိဖို့လိုလဲ ပြီးတော့ ဘယ်လို ကြိုးစားရမလဲဆိုတာကို ဆရာမရဲ့အမြင်ကို ပြောပြပေးပါ။
ဖြေ ။ ။ အတွေ့အကြုံရှိရမယ်၊ ပြီးတော့ ကျမတို့အမျိုးသမီးတွေကို ယောက်ျားတွေ ဝေဖန် ထားသလိုမျိုးပဲ၊ တချို့တချို့ဆို အမျိုးသမီးတွေကလည်း အိမ်ထောင်ကျသွားပြီးရင် အချိန်ပြည့် လုပ်မပေးနိုင်တော့ဘူး။ ဒါကြောင့် သူတို့ကလည်း အမျိုးသမီးတွေကို ခေါင်းဆောင်တင်ဖို့ အမြင်းစောင်းလာမယ်။ ကျမပြောချင်တာက ခေါင်းဆောင်တစ်ယောက်ဖြစ်ချင်ရင် အချိန်ပြည့် ကျမတို့ ပေးနိုင်ရမယ်၊ ဝိရိယလည်းရှိရမယ်၊ အမြင်လည်းကျယ်ရမယ်၊ ပြောရဲဆိုရဲရမယ်၊ တိုက်ပွဲဝင်ရဲတဲ့ သတ္တိလည်းရှိရမယ်၊ ဒါမှ သူတို့လည်း အမျိုးသမီးကို လက်ခံလာနိုင်မယ်၊ တာ ဝန်ကျေရုံနဲ့ ဝင်လုပ်ရင်တော့ ဘယ်သူမှ ကိုယ့်ကို ခေါင်းဆောင်တင်နိုင်မှာမဟုတ်ဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အတွေ့အကြုံက အများကြီး အရေးပါတယ်။ ကျမဆိုလိုချင်တာက အနှစ် ၂၀၊ ၃၀ အတွေ့ကြုံရှိရမယ် မဟုတ်ဘူးနော်၊ ထိုက်သင့်သလောက်ရှိရမယ်၊ အမြင်လည်း ကျယ် ရမယ်ပေါ့နော်။

မေး ။ ။ မွန်ပြည်သစ်ပါတီခေါင်းဆောင်တွေက အမျိုးသမီးတွေကို ခေါင်းဆောင်တင်မြှောက်ဖို့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့သဘောထား ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ အမျိုးသမီးခေါင်းဆောင် ဗဟိုကော်မတီအဆင့်ဆိုရင် အခုမှ ကျမတစ်ယောက်ပဲရှိ တယ်၊ သူတို့သဘောထားကိုတော့ ကျမပြောလို့မနိုင်ပါဘူး။ ဒါပေမယ့် ဒီတစ်ပတ်ညီလာခံမှာ ဗဟိုအလုပ်မှုဆောင်၊ ဗဟိုကော်မတီ အဆင့်သုံးဆင့်ရှိတဲ့အထဲမှာ ဗဟိုအလုပ်မှုဆောင်ကော် မတီအဖွဲ့က လွန်ခဲ့တဲ့အပတ်ကလိုမျိုးပဲ ထိုက်သင့်သလောက်တော့ အမျိုးသမီးတွေကို ပါဝင် ခွင့် ပေးမှာပဲလို့ ကျမမြင်တယ်။ ဘာဖြစ်လို့လဲဆိုရင် ကရင်မှာလည်း အမျိုးသမီးတွေကို ခေါင်းဆောင်တင်နေပြီးဆိုတော့လေ။ ဒါပေမယ့် စနစ်တစ်ခု အတည်ဖြစ်ဖို့က ဗဟိုအလုပ်မှု ဆောင်တစ်ခုတည်းနဲ့ မပြီးဘူး၊ ဗဟိုကော်မတီတဆင့်ရှိသေးတယ်၊ သူတို့လက်ခံမှ၊ ပြီးတော့ ညီလာခံလဲရှိသေးတယ်၊ ညီလာခံမှာက ကိုယ်စားလှယ်တွေ အာလုံးထောက်ခံမှ ပါဝင်ခွင့်ရမှာ ကိုယ်စားလှယ်ပေါ်မှာ မူတည်တယ်၊ ပါတီဝင်သက်တမ်းလည်း ပါဝင်နေတယ်။

မေး ။ ။ ညီလာခံမှာ ခေါင်းဆောင်ရွေးချယ်တင်မြှောက်တဲ့နေရာမှာ ဘယ်လိုဥပဒေ မူဝါဒ သတ်မှတ်ချက်တွေရှိပါသလဲ?
ဖြေ ။ ။ မူဝါဒ သေသေချာချာတော့မရှိဘူး။ သတ်မှတ်ထားတာက ပါတီဝင်သက်တမ်း၊ နောက်ပြီး အမျိုးသမီးအဖွဲ့မှာဆိုရင် အမျိုးသမီးအဖွဲ့ကော်မတီ၊ အမျိုးသမီးအဖွဲ့အလုပ်မှုဆောင် ကော်မတီရှိတယ်။ အမျိုးသမီးအလုပ်မှုဆောင်အဖွဲ့က ဗဟိုကော်မတီမှာ ဝင်ရွေးလို့ရတယ်၊ ဥပမာ ပညာရေးဌာနမှာ ပညာရေးကော်မတီရှိတယ်၊ အဲဒီပညာရေးကော်မတီက ဗဟိုကော် မတီမှာ ဝင်ရွေးလို့ရတယ်၊ သာမန်ရုံးဝန်ထမ်းဆိုရင် ဝင်ရွေးလို့မရဘူး။ နောက်တစ်ခုက ခရိုင် ကော်မတီဆိုရင် ညီလာခံမှာ ကော်မတီတစ်ခုခုဖြစ်ထားမှ ဝင်ရွေးလို့ရတယ်၊ တစ်နှစ်နဲ့ တစ်နှစ် ရွေးပုံရွေးနည်းကတော့ အတူတူပဲ၊ တဆင့်ချင်းရွေးမှာပါ။ ဘယ်ကျောင်းနဲ့ပြီးထားတာ တို့ မရှိဘူး။

မေး ။ ။ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ ဘယ်လိုအတွေ့အကြုံ ရှိရမလဲ။
ဖြေ ။ ။ လုပ်သက်အနည်းဆုံး ၅ နှစ်လောက်ရှိရမယ်။ ကော်မတီတစ်ယောက်ဖြစ်ပြီးဆိုက တည်းက လုပ်သက်က ၅ နှစ်ပြည့်ပြီးသားပဲ တချို့ဆိုရင် ၁၀ နှစ်ကျော်လည်းရှိတယ်။ ရှင်းရှင်း ပြောရရင် ကော်မတီဖြစ်ထားတဲ့ လူတိုင်းက ဝင်ရွေးခွင့်ရှိတယ်။

မေး ။ ။ တိုင်းရင်းသားအဖွဲ့အစည်းတွေမှာ ဘာကြောင့် အမျိုးသမီးခေါင်းဆောင်တွေ နည်းရ သလဲ ဆရာမအနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ အမျိုးသမီးတွေက ဟိုးအရင်ကတည်းက ကဏ္ဍအလိုက်ပါဝင်မှုက နည်းနေတာ၊ ပါ ဝင်ပြီးသားလူတွေကလည်း နှုတ်ထွက်လိုက်ကုန်တယ်၊ ဟိုတုန်းက ကျမတို့မွန်ပြည်သစ်ပါတီ မှာလည်း အမျိုးသမီးတွေ အများကြီးရှိတယ်။ ဌာနစုံ၊ ကဏ္ဍစုံမှာ ပါဝင်နေတယ်၊ အခုနောက် ပိုင်း အိမ်ထောင်ကျပြီးတော့ နှုတ်ထွက်လိုက်ကုန်တယ်၊ အမျိုးသမီးတွေက နိုင်ငံရေးလုပ်ငန်း တွေမှာ ပါဝင်ဖို့နည်းနေတယ်။ ပါဝင်လာအောင်လည်း ဆွဲဆောင်နိုင်ဖို့က အရေးကြီးတယ်လေ။ တချို့ဆိုရင်လည်း ဝေဖန်ခံရတာလဲရှိတယ်၊ တိုင်းရင်းသားအဖွဲ့အစည်းအားလုံးမှာ အမျိုးသမီး ခေါင်းဆောင်ဟာ မရှိသလောက်နည်းတယ်၊ ကရင်အဖွဲ့အစည်းမှာပဲ အမျိုးသမီးခေါင်းဆောင် ဆိုတာရှိတယ်။

မေး ။ ။ ဟိုတုန်းက ကရင်အဖွဲ့အစည်းမှာ အမျိုးသမီးဗဟိုကော်မတီကို ရွေးချယ်တင်မြှောက် ပြီးမှ မွန်ပြည်သစ်ပါတီမှာ အမျိုးသမီးဗဟိုကော်မတီကို တင်မြှောက်လိုက်တယ်။ အခုလည်း ကရင်မှာ အမျိုးသမီးအတွင်းရေးမှူးကို တင်မြှောက်လိုက်ပြီဆိုရင် မွန်ပြည်သစ်ပါတီရော ဘယ် လိုအခြေနေ ရှိပါသလဲ။
ဖြေ ။ ။ အတွင်းရေးမှူးဖြစ်ဖို့က နောက်တစ်ဆင့်ရှိသေးတယ်၊ ဗဟိုအလုပ်မှုဆောင်ဖြစ်ပြီးမှ ပြန်ရွေးမယ်၊ ဥပမာ ဗဟိုအလုပ်မှုဆောင် ၉ ယောက်ရှိတယ်၊ အဲဒီ ၉ ယောက်ထဲကမှ အတွင်း ရေးမှူးရွေးမယ်၊ ကိုယ်က အခုမှဗဟိုကော်မတီအဆင့်ပဲ ရှိသေးတယ်။ အတွင်းရေးမှူးမပြောနဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီအဆင့်တောင် မတွေးရဲဘူး။ ဗဟိုကော်မတီတောင်မှ ဟိုး နောက်ဆုံးအဆင့်မှာရှိနေတယ်။

မေး ။ ။ ဆရာမအနေနဲ့ တာဝန်ထမ်းဆောင်လာတာ ၃ နှစ်အတွင်း ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ကျော်ဖြတ်လာခဲ့ရသလဲ။
ဖြေ ။ ။ အခက်အခဲဆိုတာက ကျမက အခုပညာရေးဌာနမှာ တာဝန်ယူရတယ်။ အစကတော့ အမျိုးသမီးအဖွဲ့မှာ ပါဝင်နေတယ်၊ အဲဒီမှာက ဥက္ကဌပေါ့။ ဒါပေမယ့် သူတို့ပြောတာက ဗဟို ပညာရေးဌာနမှာ တာဝန်ယူရပြီးဆိုတော့ အမျိုးသမီးအဖွဲ့မှာ မပါဝင်စေချင်ဘူးတဲ့၊ ဘာကြောင့် လဲဆိုတော့ ပညာရေးဘက်မှာ ပိုပြီးဖိအားပေးလုပ်စေချင်တဲ့သဘောပါ၊ အဲဒီတစ်ချက်က ကျမ အတော်စိတ်မကောင်း ဖြစ်မိတာပေါ့။ ကိုယ်က အမျိုးသမီးဆိုတော့ အမျိုးသမီးအဖွဲ့မှာ အနည်း နဲ့အများ ဝင်လုပ်ချင်တာပဲ။ ဒါပေမယ့် ကျမကို မွန်အမျိုးသမီးအဖွဲ့အစည်းက အကြံပေးတဲ့အ နေနဲ့ အဖွဲ့ရဲ့နာယကအဖြစ်ခန့်လိုက်တယ်။ အခက်အခဲကတော့ အများကြီးပဲ ပညာရေးဆိုတာ အပေးသက်သက်ပဲလေ အဓိကက ငွေပဲ၊ ဘုံငွေမရှိရင် အလုပ်မဖြစ်ဘူး၊ ငွေရဖို့ကလည်း ကျမ တို့ကို ထောက်ပံ့ပေးနိုင်တဲ့လူကပေးမှ ကျမတို့အလုပ်ကိုလည်း သူတို့လက်ခံနိုင်မှဖြစ်မယ်၊ တချို့ ကိစ္စဆိုရင် ကျမတို့ကလုပ်ပေးချင်နေတယ် ငွေမရှိတော့ ဘယ်လိုမှ လုပ်လို့မရဘူးဖြစ်နေ တယ်။ အကြီးမားဆုံး အခက်အခဲကတော့ ငွေပဲလေ။

မေး ။ ။ ပြီးတော့ ပညာရေးဌာနမှာ ဘယ်လိုအောင်မြင်မှုတွေ ရရှိနေသလဲ။
ဖြေ ။ ။ အခက်အခဲတွေကြားကနေ ကြိုးစားပြီး လုပ်ဆောင်သွားမယ်ဆိုလို့ရှိရင် ကလေးတွေ စာတတ်မြောက်မှုနှုန်း များလာမယ်။ ၁၀ တန်းအောင်တဲ့လူများလာမယ်၊ ဘွဲ့ရတွေလဲ များလာ မယ်၊ အပြင်ဘက်မှာတော့ ထိုက်သင့်သလောက် တချို့က နိုင်ငံတကာ တက္ကသိုလ်တွေကို တက်ရောက်ခွင့်ရလာတယ်၊ ဘယ်လိုပဲအခက်အခဲရှိရှိပေါ့ ကျမတို့ မွန်အမျိုးသားကျောင်းတွေ ရှိလာလို့ အနည်းဆုံး ကလေးတွေ မူလတန်းအဆင့်ထိတော့ တတ်မြောက်လာမှာပဲ။ ဒါက တော့ ကျမတို့ပညာရေးဌာနရဲ့ အမြတ်ပဲပေါ့။

မေး ။ ။ နောက်ဆုံးအနေနဲ့ မွန်အမျိုးသမီးတွေကို ဆရာမ ဘာများ ပြောဆိုချင်ပါသလဲ။
ဖြေ ။ ။ နောက်ဆုံးအနေနဲ့ ပြောချင်တာက ကျမတို့အမျိုးသမီးတွေဟာ ဘယ်အဖွဲ့အစည်း ဘယ်ကဏ္ဍမှာပဲဖြစ်ဖြစ် ပါဝင်လုပ်ဆောင်ကြပါ ကြိုးစားကြပါ။ နိုင်ငံရေးကဏ္ဍမှာလည်း ပါဝင် လုပ်ဆောင်ကြပါ။ ဘာဖြစ်လဲဆိုတော့ ဆုံးဖြတ်ချက် တစ်ခုတစ်ခု ချတော့မယ်ဆိုရင် အဲဒီအဖွဲ့ ထဲမှာ အမျိုးသမီးတွေပါဝင်နေမှ ဆုံးဖြတ်ချတဲ့အခါမှာ သူတို့လည်း အမျိုးသမီးတွေကို သတိရ လာမှာ တခါတလေ အမျိုးသားတွေပဲရှိနေရင် အမျိုးသမီးဘက်ကို သူတို့သတိရလာမှာမဟုတ် ဘူး။ တခါတလေဆိုရင် အမျိုးသားတွေပဲ ဥပဒေအဖွဲ့မှာရှိနေတော့ တချို့အမျိုးသမီးကိစ္စတွေဆို သူတို့ ဘယ်လိုမှ အမျိုးသမီးတွေအပေါ် ကိုယ်ချင်းမစာပေးနိုင်ဘူးလေ။ ဒါကြောင့် ဘယ် လိုပဲပြောပြော အမျိုးသမီးတွေက အခြားအဖွဲ့အစည်းမှာ ပါဝင်မှုများပေးမယ့်လည်း နိုင်ငံရေး ကဏ္ဍမှာ ပါဝင်မှုနည်းနေတယ်။ ကျမပြောချင်တာက အမျိုးသမီးများ နိုင်ငံရေးကဏ္ဍမှာ များများပါဝင်လာနိုင်အောင်ကြိုးစားကြပါလို့ မှာချင်ပါတယ်။

http://www.monnews-imna.com

0 Comments:

blogger templates | Make Money Online