Friday, December 5, 2008

မော်လမြိုင်ဈေးကြီး (အောက်ဈေး) တစ်ခုလုံး မီးလောင်





လွတ်လပ်သောမွန်သတင်းအေဂျင်စီ
မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ဈေးကြီး (အောက်ဈေး) မှာ ယနေ့ ညနေ ၆ နာရီခွဲလောက်မှ စတင်၍ ရေပေါ်စားသောက်ဆိုင် မီးလောင်ရာမှ ဈေးကြီးတခုလုံး ကူးစက်ပြီး လောင်ကျွမ်းသွားခဲ့သည်ဟု မော်လမြိုင်မြို့ရှိ ဆိုင်ခန်းပေါင်း ၄ ဆိုင် မီးလောင်ခံရသည့်ဆိုင်ရှင်တစ်ဦးက ပြောသည်။

ညနေစောင်း ၆ နာရီခွဲမှ လောင်သောမီးသည် ည ၈ နာရီခွဲတွင် ဈေးကြီးတစ်ခုလုံး လောင်ကျွမ်းသွားခဲ့သည်။ ယခုမီးလောင်သွားသောဈေးမှာ သံလွင်မြစ်ကမ်းနဘေးတွင် တည်ရှိပြီး အောက်ဈေးဟု လူသိများသည်။


"မီးလောင်သွားတာ ဆိုင်တဆိုင်မှ မကျန်ဘူး၊ အကုန်လုံးကို လောင်သွားတာ၊ ကျမတို့ ဆိုင် ၄ ဆိုင်တောင် ပါသွားတယ်" ဟု ၄င်းဆိုင်ရှင်က ပြောသည်။ ၄င်း၏ ပြောပြချက်အရ ယခုမီးလောင်သွားခဲ့သော မော်လမြိုင်အောက်ဈေး ဆောက်လုပ်ပြီးချိန်မှစ၍ ထိုဈေးတွင် သင်္ကန်းပရိက္ခရာများကို ရောင်းချခဲ့သည်မှာ ယခုဆိုလျှင် အနှစ် ၂၀ ခန့်ရှိပြီဟု ဆိုသည်။

မီးစတင်လောင်သည်နှင့် တစ်ပြိုင်နက် မီးသတ်ကားများ ရောက်လာသော်လည်း ထုံးစံအတိုင်းပင် ကားသာပါလာပြီး ရေမပါခဲ့ချေ။ မီးစတင်လောင်သည့်အချိန်မစ၍ှ မီးကို ငြိမ်းသတ်ခဲ့ပါက ယခုကဲ့သို့ ဆုံးရှုံးခြင်းမရှိဟု ၄င်းဆိုင်ရှင်က ဆိုသည်။ အခြားမီးသတ်ကားများ ရောက်ရှိလာချိန်တွင် မီးမှာအရှိန်ပြင်း၍ ထိုမီးကို မငြိမ်းသတ်နိုင်တော့ချေ။

ထိုအောက်ဈေးရှိ ဆိုင်ခန်းတစ်ခန်း၏ပေါက်ဈေးတန်ဖိုးမှာ အနည်းဆုံး သိန်း ၂၅၀ ခန့်ရှိပြီး နေရာကောင်းသည့် ဆိုင်ခန်းများမှာ သိန်း ၃၀၀ နှင့်၄၀၀ ကြားတွင်ရှိသည်။

"မြစ်ကမ်းနဘေးမှာရှိတော့ လေကလည်းတအားတိုက်တယ်။ မီးသတ်ကားတွေ ဝင်နိုင်သ လောက်ဝင်တာပဲ။ ဒါပေမယ့် မီးအရှိန်က တအားကိုပြင်းတယ်" ဟု အခြားဆိုင်ရှင် တစ်ဦးက ပြောသည်။

ဈေးကြီးအတွင်းရှိ ဆိုင်အားလုံးမှာ မီးလောင်သွားပြီး အနီးအနားရှိ အချို့အိမ်များအား မီးကူးခြင်း ရှိမရှိမှာ တိတိကျကျ မသိရှိရသေးပေ။
http://www.monnews-imna.com

0 Comments:

blogger templates | Make Money Online