Friday, December 5, 2008

မုဒွန်းဂုဏ်ရောင် ကျောက်သင်ပုန်းတောင်

ကျောက်တွင်းများ ဖြစ်ပေါ်လာပုံမှာ ၁၉၄၅ ခုနှစ်တွင် ဦးအောင်သိန်း ဆိုသူသည် မုဆိုးမတောင်မှ စီးဆင်းနေသောတောင်ကို စမ်းချောင်းရှိကျောက်ပြားများကို ကောက်ယူပြီး သံပြားနှင့်ခြစ်ကာ ကျောက်သင်ပုန်းကို စတင်ပြုလုပ်ခဲ့သည်။ ထိုအချိန်က စက်မပေါ်သေး၍ လက်ဖြင့်သာ လုပ်ကိုင်ရသဖြင့် တစ်နေ့လဈင် ကျောက်သင်ပုန်း ၅ ချပ်သာ ပြီး၏။ တစ်ဖြည်းဖြည်းနှင့် တစ်ခြားသူများလည်း ယင်းကျောက်မှ ကျောက်သင်ပုန်း ပြုလုပ်ကြကြောင်း သိလာကြသဖြင့် မည်သူမဆို မိမိကြိုက်သည့်နေရာတွင် ကျောက်များကို ခွါယူ၍ စမ်းသပ်ပြုလုပ်ရာမှ ကျောက်သင်ပုန်း ဖြစ်လာသည်။ ၁၉၅၀ ခုနှစ်မှစ၍ ကျောက်များကို ခွါမရတော့ဘဲ တွင်းစတင်တူးဖော်ရာမှ ကျောက်တွင်းများ ဖြစ်လာခဲ့၏။

ကျောက်သင်ပုန်း ပြုလုပ်ပုံအဆင့်ဆင့်မှာ
(၁) ကျောက်တွင်းမှ တူး၍ရသောကျောက်တုံးများကို လုပ်သားများက တွင်းဝရှိ တဲငယ်အောက်သို့ ပို့ဆောင်ပေးရ၏။
(၂) ၄င်းကျောက်တုံးများကို ကျွမ်းကျင်သူ လုပ်သားပိုင်ရှင်တစ်ဦးက ကျောက်သွားခွဲရန် ဓါးဖြင့် ခွဲထုတ်ရသည်။
(၃) ခွဲထုတ်ပြီး ကျောက်ပြားများကို လုပ်သားတစ်ဦးက ကျောက်ညှပ်ကတ်ကြေးဖြင့် အရွယ်အစားအလိုက် ညှပ်ပေးရသည်။
(၄) ကိုက်ညှပ်ရာ၌ ကျောက်သင်ပုန်းအငယ်ဆုံး အရွယ်အစားအထိ၊ ရွေးချယ်ညှပ်ပြီး ကျန်ကျောက်ပြားအားလုံးမှာ ကျောက်တံကျောက်ဖြစ်သွားသည်။
(၅) အရွယ်အစားအလိုက် ညှပ်ပြီးသော ကျောက်သင်ပုန်းကို မည်သူမဆို ဝယ်လိုသူအိမ်အရောက် ကျောက်ချပ် ၁၅၀ ပါတစ်ထမ်းကို ၂ကျပ် ၅၀ပြားနှုန်းဖြင့် ပို့ပေးရ၏။
(၆) ကျောက်ပြားများကို လက်သမားကိုင် ရွေဘော်ဖြင့် ညီအောင်ပါးအောင် ဘောင်နှစ်ဖက်လုံးကို ထိုးပေးရသည်။ ထိုးခမှာ ကျောက်ပြား ၁၀၀ လျှင် ၁၀ ကျပ်နှုန်း ဖြစ်ပါသည်။ အမျိုးသမီးများ အထိုးများ၍ တစ်နေ့လျှင် ၂၀၀ မှ ၃၀၀ အထိပြီးသည်။
(၇) ထိုးပြီး ကျောက်ပြားကို ကျောက်ညှပ်ကတ်ကြေးဖြင့် စတုဂံပုံကျအောင် ညီညာစွာ ညှပ်ပေးရသည်။ ညှပ်ခမှာ ၁၀၀ လျှင် ၁ ကျပ်နှုန်း ဖြစ်သည်။
(၈) ညှပ်ပြီးကျောက်များကို စက်လုပ်သားများ လာရောက်ထမ်းယူပြီး စက်တွင် ချောမောအောင် နှစ်ဖက်ပွတ်လုံးဖြင့် ပွတ်ပေးရသည်။` ကျောက်ပွတ်ခမှာ ၁၀၀ လျင် ၁၂ ကျပ်နှုန်းဖြစ်သည်။ တစ်နေ့ တစ်ဦးလျှင် ၆၀၀ အထိပြီးသည်။ စက်ရှင် ၉ ကျပ် ၅၀ ပြားရ၍ လုပ်သားက ၂ ကျပ် ၅၀ ပြားရသည်။
(၉) ပွတ်ပြီးကျောက်များကို ကလေးများက ဆေးသုတ်ပေးရသည်။ ဆေးသုတ်ခမှာ ၁၀၀ လျှင် ၁ ကျပ်နှုန်းဖြစ်သည်။ သို့ရာတွင် ဆေးမသုတ်မီ ရေဆေး၍ လှမ်းပေးရပါသည်။
(၁၀) အလျား ၂ပေ၊ အနံ ၁ ပေရှိ လျှင်ထိုးထားပြီးသား သစ်သားဘောင်များကို ဘောင်ထိုးသစ်စက်မှ ဘောင်တပ်သူများက ယူပြီး ဘောင် ၂၀၀ လျှင် ကျောက်သင်ပုန်း ၁၀၀ ရသည်။ ဘောင်တပ်ခမှာ ကျောက်သင်ပုန်း ၁၀၀ လျင် ၁၅ ကျပ်နှုန်းဖြစ်၍ တစ်နေ့လျှင်ဘောင် ၂၅၀ ထိ ပြီးနိုင်သည်။
ကိုးကားချက်။ ။ ဒေါ်ခင်မြ(ကထိက)
မော်လမြိုင် ဆရာအတတ်သင်သိပ္ပံ (၁၉၇၈ ခုနှစ်၊ မတ်လထုတ်)
ကျောက်သင်ပုန်းထုတ်လုပ်ပုံအဆင့်ဆင့်ကို မင်းဟွန်းဟကောင်းက မုဒွန်းရွာမှ မိလှသန်းအား ဆက်သွယ်မေးမြန်းထားခြင်း။
ဟွန်းဟကောင်း ။ ။ ကျွန်တော့်နာမည် ဟွန်းဟကောင်း၊ လွတ်လပ်တဲ့ မွန်သတင်းအေဂျင်စီကပါ။ မုဒွန်းရွာမှာ ရှေးနှစ်ပေါင်းများစွာကတည်းက ကျွန်တော်တို့မွန်တွေရဲ့ လက်မှုပညာတစ်ရပ်အဖြစ်နဲ့ ကျော်ကြားခဲ့တဲ့ ကျောက်သင်ပုန်း လုပ်ငန်းအကြောင်းကို ကျွန်တော်မေးမြန်းချင်လို့ပါ။ ဒါ့ကြောင့် ကျောက်သင်ပုန်းထုတ်လုပ်ပုံအဆင့်ဆင့်ကို ရှင်းပြပေးပါခင်ဗျား။
မိလှသန်း။ ။ ဟုတ်ကဲ့ ကျွန်မနာမည် မိလှသန်းပါ၊ ကျွန်မကလည်း ဒီလိုမျိုးဖြေကြားခွင့်ရတဲ့အတွက် လှိုက်လှိုက်လှဲလှဲ ဝမ်းသာမိပါတယ်။ ကျောက်သင်ပုန်းကျောက်တွေကိုတော့ မုဆိုးမတောင်အနီးတစ်ဝိုက်က တောင်တွေမှာ တူးယူရပါတယ်။ မနက်မိုးလင်းတာနဲ့ ကျောက်တူးသမားတွေဟာ တောင်ပေါ်ကိုတက်ပြီး တောင်ပေါ်ရောက်တဲ့အခါမှာ အဲဒီတောင်ပေါ်ကနေပြီးတော့ တစ်ဆင့် ကျောက်တွင်းထဲကို တစ်ခါပြန်ဆင်းရတယ်။ အဲဒီကျောက်သင်ပုန်းကျောက်တွေဟာ အရင်တုန်းက အပေါ်ယံကနေ ခွါယူလို့ရပေမဲ့ အခုဆိုရင် တွင်းတွေအနက်ကြီးတူးပြီးတော့ ယူရတယ်။ တွင်းတွေကလည်း တည့်တည့်တူးလို့မရဘူး၊ စောင်းစောင်းလေး တူးသွားရတယ်။ အဲဒီအောက်ကိုဆင်းလို့ရှိရင် ဖယောင်းတိုင်ထွန်းလို့မရဘူး၊ လေမဝင်လို့လေ။ မီးချောင်းတွေထွန်းပြီးတော့ ဆင်းလုပ်ရတယ်။ အခုတူးနေတဲ့တွင်းကတော့ ပေ ၂၀၀ အထိ နက်တဲ့အတွက်ကြောင့် အောက်ခြေမှာ ရေတွေစိမ့်ဝင်နေတယ်။ အဲဒီရေတွေကို မော်တာတွေနဲ့ စုပ်တင်ရတယ်။ မော်တာ ၄ လုံးနဲ့တောင် စုပ်တင်ရတယ်။ တစ်လုံးထဲဆိုရင် မနိုင်ဘူး။ ရေတွေကုန်လို့ရှိရင် အပေါ်ယံမှာတင်နေတဲ့ နုန်းတွေကို တစ်ခါပြန်ခြစ်ထုတ်ရတယ်။ ခြစ်ထုတ်ပြီးလို့ရှိရင် ကျောက်တွေကို စတူးလို့ရပြီ။ ကျောက်တွေကို အတုံးလိုက်အလွှာလိုက် တူးပြီးတော့ တွင်းအပေါ်ကို တစ်ခါထပ်တင်ရတယ်။ တွင်းထိပ်ကိုရောက်လို့ရှိရင် အဲဒီကျောက်တွေကိုခွဲတဲ့သူတွေ သက်သက်ရှိတယ်။ အလွှာလိုက်အချပ် လိုက်ခွဲပြီးတော့ ပုံစံသွင်းတယ်။ ဆိုက်တွေကိုတော့ ၈လက္မ ၆လက္မ ၇လက္မ စသဖြင့် သူ့အတိုင်းအတာအလိုက် အကြမ်းဖြတ်ပေးရတယ်။ အဲဒါ တွေကိုမှ ရွာကို သယ်ပြန်သွားကြတယ်။ ရွာကိုရောက်လို့ရှိရင် အဲဒီကျောက်အကြမ်းကို လာဝယ်ကြတယ်။ သူတို့ဝယ်ပြီးတော့ ရွေဘော်ထိုးတဲ့သူတွေဆီ ကို ပို့ပေးရတယ်။ ရွေဘော်ထိုးပြီးရင် ကတ်ကြေးနဲ့ လေးဘက်လေးတန်ညီအောင် တစ်ခါပြန်ညှိပေးရတယ်။ အဲဒါပြီးလို့ရှိရင် စက်နဲ့တစ်ခါ ပြန် ချောပေးရတယ်။ အဲဒီကနေ ပြန်လာလို့ရှိရင် ရေနဲ့တစ်ခါ ပြန်ဆေးပေးရတယ်။ ရေဆေးပြီးလို့ရှိရင် ခြောက်အောင်နေပူလှန်းပြီးတော့ ဆေးသုတ်ပေးရတယ်။ ဆေးသုတ်ပြီးလို့ရှိရင် တစ်ခါအခြောက်ခံထားရတယ်။ အဲဒါပြီးရင် ဘောင်သွင်းတဲ့ဆီကို ပို့ပေးရတယ်။ ဘောင်သွင်းပြီးရင် ကော်ပတ်နဲ့ အချောပြန်ကိုင်ရတယ်။ အချောကိုင်ပြီးရင် လေးဘက်လေးတန်ကို သံရိုက်ပေးရတယ်။ ပြီးလို့ရှိရင် သူ့ဆိုက်နဲ့သူ စည်းပြီးတော့ မော်လမြိုင်ကို တင်ပြီးတော့ အဲဒီကတစ်ဆင့် နယ်အသီးသီးကို ဖြန့်ကြတယ်။
ဟွန်းဟကောင်း။ ။ ကျောက်သင်ပုန်းတွေနဲ့ တွဲပြီးတော့သုံးရတဲ့ ကျောက်သံထုတ်လုပ်ပုံ အဆင့်ဆင့်ကိုလည်း ပြောပြပေးပါအုံး။
မိလှသန်း။ ။ ကျောက်တံကတော့ တောင်ပေါ်က ကျောက်ပြားဆိုက် သေးသေးလေးတွေကို သယ်ချလာမယ်။ ဒါပေမဲ့ ကျောက်ပြားတွေက သက်တန်းနုနုလေးတွေကိုပဲ သုံးရမယ်။ မညီလို့ရှိရင် ရွေဘော်ထိုးပေးရတယ်။ ရွေဘော်ထိုးပြီးရင် ရေတစ်ညစိမ်ထားရမယ်။ ရေတစ်ညစိမ်ပြီးရင် ထိပ်နှစ်ဖက်ကို ကော်ပတ်နဲ့ ပြန်ချန်ပေးရတယ်။ အရင်တုန်းက စက်နဲ့ချန်တယ်။ အခုက ကော်ပတ်နဲ့လည်း အဆင်ပြေတဲ့အတွက်ကြောင့် ကော်ပတ်တွေပဲ သုံးကြတယ်။ ကော်ပတ်စားပြီးရင် ၆လက္မ ၈လက္မ ဆိုက်ကို ဖြတ်ပေးရတယ်။ ပြီးလို့ရှိရင် ဆေးပြီးတော့ အခြောက်လှန်းရတယ်။ အခြောက်လှန်းပြီးလို့ရှိရင် အမဲရောင် ဆေးဆိုးပေးရတယ်။ မန္တလေးကို တင်လို့ရှိရင် တစ်ဗူးကို အချောင်းနှစ်ဆယ်စီ ထည့်ပြီးတော့ ပါကင်ပိတ်တယ်။ မွန်ပြည်နယ်မှာပဲ တင်ရောင်းတယ်ဆိုလို့ရှိရင် တစ်စည်းကို အချောင်းတစ်ရာစီ စည်းပြီးတော့ ဖောက်သည်သွင်းတယ်။
ဟွန်းဟကောင်း။ ။ အရင်တုန်းက ဈေးကွက်နဲ့ အခုဈေးကွက် ဘယ်လိုကွာခြားမှု ရှိသလဲဆိုတာကို ရှင်းပြပေးပါအုံး။
မိလှသန်း။ ။ ဈေးကွက်ကတော့ ပုံမှန်ပါပဲ၊ ဒါပေမဲ့ အရင်လိုတော့ မများဘူးပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ အခုက ကျောက်ပြားတွေကလည်း အထွက်နည်းနေတာနဲ့ ကျောက်သင်ပုန်း သုံးစွဲတဲ့သူတွေကလည်း နည်းသွားတော့ ထုတ်ကုန်နဲ့ ရောင်းကုန်က မျှနေတယ်လေ။
ဟွန်းဟကောင်း။ ။ အခုဆိုရင် ကျောက်သင်ပုန်း သုံးစွဲတဲ့သူတွေ နည်းသွားတဲ့အတွက်ကြောင့် နောက်နောင်ဆိုရင် မွန်တို့ရဲ့လက်မှုပညာတစ်ခုဖြစ်တဲ့ ဒီကျောက်သင်ပုန်းလုပ်ငန်းဟာ ပျောက်ကွယ်သွားနိုင်မလား။
မိလှသန်း။ ။ ပျောက်ကွယ်မသွားနိုင်ဘူးလို့ ကျွန်မထင်တယ်၊ ဘာဖြစ်လို့ဆိုတော့ ဒါကို လူတွေက အခုအချိန်အထိ သုံးစွဲနေကြလို့လေ။ တစ်ချို့ကျတော့ အိမ်မှာဂဏန်းတွက်ဖို့အတွက် ဒီရွာနဲ့ မွန်ပြည်နယ်မှာရှိတဲ့ မူလတန်းကျောင်းတွေမှာလည်း သုံးစွဲနေကြသေးတယ်။ မြန်မာပြည် အထက်ပိုင်းတွေမှာလည်း တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြသေးတယ်။.

http://www.monnews-imna.com

0 Comments:

blogger templates | Make Money Online