Tuesday, July 21, 2009

တိုကျိုတွင်ကျင်းပပြုလုပ်ခဲ့ကြသည့် ၆၂ နှစ်ပြည့်မြောက် အာဇာနည်နေ့အထိမ်းအမှတ်


ယနေ့(ဇူလိုင်လ ၁၉ ရက်)တွင် ကျရောက်ခဲ့သည့် ၆၂ နှစ်ပြည့်မြောက် အာဇာနည်နေ့အဖြစ် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာ့ဒီမိုအရေးလုပ်ဆောင်နေကြသူများမှ ကောင်းမှုကုသိုလ်ပြုပွဲများ၊ ဟောပြောပွဲများနှင့် သမိုင်းဝင်ကျောက်တိုက်စိုက်ထူရာဒေသသို့ အမှတ်တရဂုဏ်ပြုခရီးထွက် ခြင်းများ ပြုလုပ်ခဲ့ကြကြောင်းသိရှိရပါသည်။

ဦးစွာပထမအဖြစ် ကျဆုံးသွားခဲ့ကြသည့် မြန်မာ့လွတ်လပ်ရေးဗိသုကာဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းပြည်အာဇာနည်(၉)တို့အတွက်ရည်စူး၍ ကောင်းမှုကုသိုလ်ပြုဆွမ်းကပ်လှူတန်းခြင်း၊ ရေစက်ချတရားနာခြင်းအစီအစဉ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ-ဂျပန်ဌာနခွဲ)မှဦးစီးပြီး တိုကျိုမြို့အနောက်ဘက်Naka Itabashiအရပ်ရှိ မြန်မာဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြကြောင်းသိရှိရသည်။
နံနက် ၁၀း၀၀ နာရီမှ နေ့လယ် ၁း၀၀ အထိပြုလုပ်ခဲ့သော အဆိုပါကောင်းမှုကုသိုလ်ပြုပွဲသို့ ဂျပန်နိုင်ငံအခြေစိုက် မြန်မာ့ဒီမိုအဖွဲ့အသီးသီးမှတက်ရောက်ခဲ့ကြသည်။



၆၂ နှစ်ပြည့်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲအစီအစဉ်ကိုတော့ ဂျပန်နိုင်ငံအခြေစိုက် ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း(ဂျပန်)မှ ဦးစီးပြီး `၁၉ ဇူလိုင် မမေ့နိုင်`ခေါင်းစည်းဖြင့်ပြုလုပ်ခဲ့ကြသည်။

အဆိုပါဟောပြောပွဲအစီအစဉ်ကို နံနက် ၉း၀၀ နာရီမှ နေ့လယ် ၁၂း၀၀ နာရီအထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး တိုကျိုမြို့ မြန်မာလူမျိုးအများစု စုဝေးနေထိုင်ရာ ဂျပန်နိုင်ငံရောက် တိုင်းရင်းသားညီအကိုမောင်နှမများမှ ၄င်းတို့လေ့လာသိရှိထားသမျှကို ပြောခဲ့ကြကြောင်းသိရှိရသည်။

မြန်မာ့ပြည်ဗြိတိသျှကိုလိုနီနယ်ချဲ့လက်အောက်မှ လွတ်မြောက်ဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ရဲဘော်သုံးကျိပ်တို့ကို စစ်ပညာသင်ပေးခဲ့သည့် ဗိုလ်မှူးကြီးဇူစူးကီး(မြန်မာအမည် ဗိုလ်မိုးကြိုး)နေရပ်ဖြစ်သည့် ဟာမမတ်စူမြို့တွင်တည်ရှိသည့် `ဂျပန်-မြန်မာချစ်ကြည်ရေးတည်မြဲပါစေ`ကျောက်စာတိုင်သို့ ဂျပန်နိုင်ငံရှိ မြန်မာဒီမိုသမားများမှ သွားရောက်ဂုဏ်ပြုကြခြင်းနှင့်၊ အာဇာနည်နေ့အထိမ်းအမှတ် ဆွေးနွေးဟောပြောခဲ့ကြကြောင်းလည်း သိရှိရသည်။

အဆိုပါခရီးစဉ်ကို ဂျပန်နိုင်ငံအခြေစိုက် မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်နှင့် မြန်မာအမျိုးသမီးသမဂ္ဂ(ဂျပန်ဌာနခွဲ)တို့မှ ဦးဆောင်၍ သွားရောက်ခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရှိရပါသည်။

သတင်းရေးသားပေးပို့သူများ-
နန်းအိမွန်ချစ်၊ ဖြိုးဝေ

မှတ်တမ်းဓါတ်ပုံပေးပို့သူများ-
စိုးအောင်ဝင်း(NLD-LA JB)၊ ကိုမောင်မောင်ကြီး

http://www.moethaukkye.co.cc/

0 Comments:

blogger templates | Make Money Online