Sunday, July 19, 2009

ဇူလိုင် (၁၉) အထူးအစီအစဉ်

အာဇာနည်နေ့ အမှတ်တရ

ယနေ့ဆိုရင် ၆၂ နှစ်မြောက် အာဇာနည်နေ့ ပြည့်မြောက်တာမို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်များကို ဂုဏ်ပြုတဲ့ အနေနဲ့ တပ်မတော်အရာရှိဟောင်းတစ်ဦးက နအဖရဲ့ သိမ်ဖျင်းတဲ့ လုပ်ရပ်များ အကြောင်း ဆောင်းပါး ပေးပို့ထားရာ စာဖတ်သူများ ဗဟုသုတစေဖို့ ကျွန်တော် ကိုဖိုးတရုတ်က စီစဉ် တင်ပြလိုက်ပါတယ် ခင်ဗျား။

နအဖရဲ့  သိမ်ဖျင်းတဲ့ လုပ်ရပ်

ပေးပို့သူ - တပ်မတော် အရာရှိဟောင်းတစ်ဦး

ကျွန်တော်ဟာ တပ်မတော်မှာ တာဝန်ထမ်းဆောင်နေခဲ့စဉ် အတောအတွင်း စစ်တပ် ရုံးခန်းတွေမှာ ဗိုလ်ချုပ် အောင်ဆန်းဓာတ်ပုံတွေကို ဖြုတ်ခံရတာနဲ့ စပ်လျဉ်းလို့ တပ်ထဲမှာ ကြီးမားစွာ ဂယက်ရိုက်ခတ် ခဲ့တဲ့အကြောင်း ကိုယ်တွေ့ ဖြစ်စဉ်ကို ဦးစွာ တင်ပြချင်ပါတယ်။ ၁၉၉၁ ခုနှစ်ခန့်က ကျွန်တော်ဟာ တိုင်းစစ်ဌာနချုပ်တစ်ခုမှာ တာဝန်ထမ်းဆောင်နေစဉ် ကျွန်တော့်ရဲ့ အထက်အရာရှိတစ်ဦး ကျွန်တော်တို့ ရုံးခန်းထဲ ၀င်လာလို့ ထပြီး အရိုအသေ ပေးလိုက်ပါတယ်။ သူက ''ရှူးတိုးတိုး လောကကြီးက ဆန်းကျယ်ဖို့ ကောင်းတယ်'' လို့ ပြောပြီး နံရံတွင် ချိတ်ဆွဲထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံကို ဖြုတ်ချနေပါတယ်။

ကျွန်တော်တို့က အံ့သြသွားပြီး "အကိုကြီး ဘာလုပ်တာလဲ၊ ဦးနေ၀င်းက သူ့ရဲ့ ဓာတ်ပုံဘဲ ဖြုတ်ပါလို့ သတင်း စာထဲမှာ ရေးထားတာမို့ သူ့ဓာတ်ပုံဘဲ ဖြုတ်သင့်တာပေါ့၊ ဗိုလ်ချုပ်အောင်ဆန်းဟာ တပ်မတော်ရဲ့ ဖခင် ဆိုပြီး ဦးနေ၀င်းကတောင် ပြောဆိုခဲ့တာဘဲ ဦးနေ၀င်းကသူ့ကို မွေးစားဖခင်အနေနဲ့သာ သုံးဖို့တောင် ပြောထားတာ မဟုတ်လား ” လို့ ကျွန်တော်နဲ့အတူ ရှိနေကြတဲ့ အရာရှိတွေ အားလုံးက မကျေမနပ် ပြန်ပြောကြပါတယ်။

ဒီဇာတ်လမ်းရဲ့ အဓိက တရားခံဟာ ဗိုလ်သန်းရွှေဘဲ ဆိုတာ အဲဒီ အထက်အရာရှိက အရိပ်အမြွက်ပြောလို့ သိရပြန်တော့ ကျွန်တော်တို့အားလုံး စိတ်နှလုံးမချမ်းမြေ့ခဲ့တာ ကြုံတွေ့ရပါတယ်။ ဒါ့အပြင် စစ်သမိုင်း ပြတိုက်မှာ ဗိုလ်စောမောင်ရဲ့  ဓာတ်ပုံကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တွေရဲ့  တာဝန် ထမ်းဆောင်မှု မှတ်တမ်းဓာတ်ပုံ နေရာမှာ ချိတ်ခွင့်မပြုခဲ့တဲ့ ဗိုလ်သန်းရွှေရဲ့ သိမ်ဖျင်းတဲ့ စိတ်ဓာတ်ကို သိနေပြီးသားလည်းဖြစ်လို့ စိတ်ပျက် လက်ပျက် ဖြစ်ရုံကလွဲပြီး ဘာမှ မတတ်နိုင်ဘဲ မကျေနပ်စိတ်ကို မြိုသိပ်ခဲ့ကြရပါတယ်။

အဲဒီ ကတည်းက ဗိုလ်သန်းရွှေဟာ အာဏာရူးတဲ့စိတ် စတင် အခြေတည် မွေးဖွားလာခဲ့ပြီ ဆိုတာကို သတိပြုမိကြပါတယ်။ ဒါ့အပြင် တပ်မတော်မှတ်တမ်းရေးရုံး တပ်မှူး ဗိုလ်မှူးကြီး ခင်လတ်ကို သူရဲကောင်း စစ်သည်ဗိမာန်အား ကြီးကြပ် တည်ဆောက်စေပြီး နိုင်ငံတကာမှ လာရောက် လည်ပတ် ကြတဲ့ တပ်မတော် အကြီးအကဲများကို သွားရောက် ဂါရ၀ ပြုခိုင်းတာဟာလည်း သဘာဝ မကျလှကြောင်း၊ သူရဲကောင်း စစ်သည်ဗိမာန် ဆိုတာဟာ ကျဆုံးသွားတဲ့ တပ်မတော်သားတွေကို ဂုဏ်ပြုရည်စူးပြီး လုပ်တာ ဖြစ်ပေမဲ့ ကျဆုံးတာခြင်း အတူတူ ဗိုလ်ချုပ်အောင်ဆန်းတို့လို တုနှိုင်းလို့မမှီ သမိုင်းကြောင်းကြီးမားလှတဲ့ အာဇာနည် ပုဂ္ဂိုလ်ကြီးတွေနဲ့တော့ နှိုင်းယှဉ်ဖို့ မသင့်ကြောင်း ကျွန်တော်တို့ အရာရှိ စစ်သည်များအကြား တီးတိုး ဝေဖန်ခဲ့ကြပါတယ်။

ဗိုလ်သန်းရွှေက ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂုဏ်ဒြပ်ကို မှေးမိန်စေချင်လို့ ဒီဗိမာန်ကို တမင် အသားပေး လုပ်ခိုင်းခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ဗိုလ်သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း နံမည်အား ဖြုတ်ခိုင်းပြီး ဒေါ်စုကြည်လို့ ခေါ်ခိုင်းပါရန် ပြောဆိုခဲ့ကတည်းက အာဏာရူးလှတဲ့ သဘောထား မမှန်ကန်မှုက အထင်းသား ပေါ်လွင်နေပါတယ်။ အခုလည်း ဗိုလ်သန်းရွှေဟာ ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ မွန်မြတ်လှတဲ့ တပ်မတော်ကို ခါးပိုက်ဆောင်ပြီး သိပ်ဖျင်းတဲ့ လုပ်ရပ်များကိုသာ တစိုက်မတ်မတ် လုပ်ကိုင်နေတဲ့ အကြောင်း အလျဉ်းသင့်လို့  တင်ပြလိုက်ရ ပါတယ်။

အာဇာနည်နေ့ ဂုဏ်ပြု “ လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲခဲ့ပုံနဲ့ BIA ဖွဲ့စည်းပုံ အကြောင်း

ဗိုလ်ချုပ်အောင်ဆန်းဟာ ၁၉၄၀ ခုနှစ်ကစပြီး အင်္ဂလိပ်ကို တော်လှန်ဖို့ ဂျပန်နဲ့ ဘာကြောင့် ပေါင်းခဲ့ရ သလဲဆိုတာရယ်၊ နိုင်ငံရေး သက်သက်ဖြင့် အောင်ပွဲမရနိုင်၊ လက်နက်ကိုင် တိုက်ပွဲနဲ့ အထောက်အကူ ပြုမှသာ ပြီးဆုံးနိုင်မှာ ဖြစ်တယ်လို့ ဆုံးဖြတ်ချက် ချနိုင်ခဲ့ပုံတွေကို စာဖတ်ပရိသတ်များအား ဆက်လက် တင်ပြပေး လိုက်ပါတယ်။ လွတ်လပ်ရေးတိုက်ပွဲ ဆင်နွှဲဖို့အတွက် အမျိုးသား လက်နက်ကိုင် စစ်တပ် ထူထောင်ဖွဲ့စည်းရန် အမျိုးသားရေးတာဝန်ဟာ ကျွန်တော်တို့ မျိုးဆက်သစ်တွေ အပေါ် ကျရောက် တာဝန်ရှိတယ်လို့ ရဲဘော် သုံးကျိပ်ဝင် ဗိုလ်ကျော်ဇောက အခုလို ရှင်းပြခဲ့ပါတယ်။

ဗိုလ်ချုပ်တို့ နိုင်ငံခြားထွက်ရတာဟာ ဗမာပြည် ဗြိတိသျှဆန့်ကျင်ရေး ၁၃၀၀ ပြည့်နှစ်(၁၉၃၈-၃၉)အရေးတော်ပုံ အတွေ့အကြုံအရ လွတ်လပ်ရေး တိုက်ပွဲကို လက်နက်ကိုင်တိုက်ပွဲနှင့် ပေါင်းစပ်နိုင်မှ အောင်မြင် နိုင်မယ်ဟု ခေါင်းဆောင်များ သိလာကြတဲ့အတိုင်း မြန်မာအမျိုးသား လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းရန် နည်းပညာနှင့် အကူအညီများ ရယူရန် ပြည်ပထွက်ကြရာမှာ ဂျပန်ကို သွားတာမဟုတ်။

ထိုစဉ်က တရုတ်ပြည်မှာ လက်နက်ကိုင် တော်လှန်နေသော တရုတ်ကွန်မြူနစ် ပါတီ (C.P.C) သို့ သွားကြခြင်း ဖြစ်သည်။ သူတို့ဟာ တရုတ်ကွန်မြူနစ် ပါတီနှင့် အဆက်အသွယ် အလွယ်တကူ ရနိုင်တဲ့ ရှန်ဟဲမြို့သွား သဘောင်္ကို မစောင့်နိုင်ဘဲ ဗြိတိသျှ အဖမ်းခံရမှာ စိုးရိမ်၍ အရင်ရောက်လာသော တရုတ်ပြည် အမွိုင်မြို့သွား သဘောင်္ကိုသာ စီးနင်းသွားကြခြင်း ဖြစ်သည်။

အမွိုင်မြို့တွင် ကူမင်တန်တရုတ်အစိုးရနှင့် ဂျပန်တို့ စိုးမိုးထားရာ နယ်စပ် ပင်လယ်ကမ်းခြေ အနီးတွင် သောင်တင်နေပြီး တရုတ်ကွန်မြူနစ် ပါတီလည်း ရှာမရ၊ အဆက်အသွယ် မရဖြစ်နေစဉ် ငွေကြေးလည်း ကုန်ကျ ကျပ်တည်းလာသဖြင့် ဗမာပြည်ကို လှမ်းပြီး အကူအညီတောင်းရာ ထိုကိစ္စ ဗိုလ်လက်ျာက တိုးတိုးတိတ်တိတ် ငွေကြေးကောက်ခံခဲ့ရ၏။

ဗိုလ်ချုပ်တို့ တပ်ပေါင်းစု ဖွဲ့စည်းထားသော ဗမာ့ ထွက်ရပ်ဂိုဏ်းမှ ဂျပန်ကို လိုလားသော ဒေါက်တာ သိန်းမောင် တို့ သိရှိသွားပြီ (သူဟာ ဂျပန်-မြန်မာ ချစ်ကြည်ရေး အသင်း တည်ထောင်သူဖြစ်တယ်) ၄င်းတို့က အမွိုင်တွင် လျှို့ဝှက် နေထိုင်နေသော လိပ်စာကို ဂျပန်များအား ပေးလိုက်ရာက ဂျပန်များက ဗိုလ်ချုပ်တို့ကို ရှာဖွေ ခေါ်ဆောင်ပြီး ကာနယ်ဆူဇူကီး (နောင်တွင် ဗိုလ်မိုးကြိုး) တို့လက်သို့ ရောက်ရှိ သွားခြင်းဖြစ်သည်။

ဗိုလ်ချုပ်ဟာ ဂျပန်တို့ကို ယုံကြည်ရလောက်အောင် ရိုးအသူမဟုတ်ပါ။ ဂျပန်ကို မယုံကြည်ပါ။ ဂျပန်များက တရုတ်ပြည်မကြီးကို အတိအလင်း အင်အားကြီးစွာဖြင့် ကျူးကျော် တိုက်ခိုက်နေပြီကို မြင်တွေ့နေရပြီ ဖြစ်သည်။ ဗမာပြည်ကိုလည်း နောင် ဂျပန်တို့ ကျူးကျော်သိမ်းပိုက်လိမ့်မယ်လို့ မသဲမကွဲ ယူဆထားသည်ဟု နောက်ပိုင်း ဗိုလ်ချုပ်ရေးတဲ့ စာတန်းများ အရလည်း သိရပါသည်။ သူသည် ဖြစ်ပေါ်လာသော လက်တွေ့ အခြေအနေအရ မလွဲသာလို့ ဂျပန်နဲ့ ပေါင်းလိုက်ရခြင်း ဖြစ်ဟန်ရှိပါသည်။ ဂျပန်တို့ထံမှ ရသမျှ အကူအညီကို လက်ခံပြီးနောက် လက်တွေ့ ဖြစ်ပေါ်လာမှု အပေါ်မှာကြည့်ပြီး တော်သင့်သလို ပြုမူ လှုပ်ရှား ဆောင်ရွက်သွားမည်ဟု သိပ်မရေ ရာသော ဆုံးဖြတ်ချက်အား ချလိုက်ရဟန်တူပါသည်။

BIA တပ်ကြီး ဖွဲ့ပြီ

၆ လက်မ ရှည်သော ဓားမြှောင်ပင် ကိုင်ခွင့်မရခဲ့သည့် မြန်မာအမျိုးသားတို့ အဖို့ လက်နက်ကိုင် တပ်တစ်တပ် ဖွဲ့စည်းတည်ဆောက်ရန်မှာ ထိုစဉ် (၁၉၄၁ခုနှစ်) က စဉ်းစားမရလောက်အောင် ခက်ခဲ ရလောက်အောင် ပြဿနာကြီး တစ်ရပ်ဖြစ်၏။ ထိုရာဇ၀င်သစ်ကို ရေးသားရန် တာဝန် ကျွန်တော်တို့ခေတ်တွင် ကျရောက်နေပါပြီ။

၁၉၄၁ မေလလောက်က ဟိုင်နန်ကျွန်းတွင် စစ်သင်တန်း စပြီး တစ်ပတ်အကြာ လေ့ကျင့်ရေးအတွက် ကိုယ်ပိုင် လက်နက် ရိုင်ဖယ်များကို ဂျပန်ဆရာများက အခမ်းအနားဖြင့် ပေးအပ်ခဲ့ပါသည်။ ကျွန်တော်တို့ လက်နက်စကိုင် ရသောနေ့ ပင်ဖြစ်ပါသည်။ ၀မ်းမြောက်မှုဖြင့် စိတ်လှုပ်ရှားစွာ လက်ခံယူခဲ့သည်ကို မှတ်မိနေပေသည်။

"ဤလက်နက်ဖြင့် နယ်ချဲ့စနစ်ကြီးကို တိုက်ရဖို့သာလျှင် မဟုတ်လော၊ ဤလက်နက်သည် နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်လပ်ရေး လက်နက်ကိုင် တိုက်ပွဲအတွက် မျိုးစေ့ပင်မဟုတ်လော'' ဟု ရေးသားခဲ့ပါသည်။ ကျွန်တော်တို့သည် ဗမာ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရန် လက်မောင်းသွေးဖောက်၍ သစ္စာရေ သောက်ခဲ့ ကြသည်။ လွတ်လပ်ရေး ရသည်အထိ ဆုံးခန်းတိုင် တိုက်ပွဲဝင်သွားမယ်ဟု သစ္စာအဓိဌာန်ပြုခဲ့ကြသည်။ ကျွန်တော့်မှာ များစွာ စိတ်လှုပ်ရှား ကြည်နူးမိပါသည်။

ကျွန်တော်တို့သည် နယ်ချဲ့ကို တိုက်ရေးအတွက် စစ်ပညာလည်း ရရှိခဲ့ကြပြီ။ လက်နက်များလည်း ကိုင်ကြရပြီ။ နောက်ဆုံး ကျွန်တော်တို့ လိုလားချက်ကြီးဖြစ်သော လက်နက်ကိုင် တပ်မတော်ကြီးကို ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်ရာ များစွာ စိတ်ကြည်နူး ခံစားရပါသည်။ မြန်မာဘုရင်များလက်ထက်မှ ကိုလိုနီဖြစ်ခဲ့ရသော နှစ်ပေါင်း (၁၀၀) ခန့်အတွင်း အဆက်ပြတ် နေခဲ့သည့် မြန်မာ့အမျိုးသား တပ်မတော်ကြီးကို တည်ထောင် နိုင်ခဲ့ပြီ။ ကျွန်တော်တို့၏ လွတ်လပ်ရေးတိုက်ပွဲ နောက်ဆုံးအောင်ပွဲအတွက် လက်နက်ကိုင် တပ်ကြီးကို ထူထောင် မိကြပြီး မကြာမီ အောင်ပွဲရလိမ့်မည်ဟု မျှော်မှန်းကာ များစွာ ကြည်နူး အားတက်မိကြပါသည်။

ထို အခမ်းအနားတွင် တက်ရောက်ကြသော စစ်သားသစ် ပရိသတ်များထဲမှ တချို့မှာ သောက်ကြစားကြ ကကြခုန်ကြ အလွန်ပျော်ရွှင်ကြပါသည်။ လူအုပ်တစ်အုပ်သည် ဗိုလ်ချုပ်အောင်ဆန်းအား ၀ိုင်း၍ ထမ်းကြပြီး ကကြ ခုန်ကြသည်။ မြှောက်လိုက် ချလိုက် လုပ်နေကြသည်။ ဗိုလ်ချုပ်မှာလည်း လူအုပ်ကြီးပေါ်တွင် မြောက်လိုက် ကျလိုက် ဖြစ်နေပါတော့သည်။
http://photayokeking.blogspot.com

0 Comments:

blogger templates | Make Money Online