Friday, July 3, 2009

အာဏာရှင်စနစ် သံသရာမှ လွတ်မြောက်ရေး

ဗြိတိသျှခေတ် ပထမကျောင်းသားသပိတ်အပြီး ၁၉၃၀ ၀န်းကျင်ကာလက ဗမာအမျိုးသားနိုင်ငံရေး အင်အားစု များ အလွန် စည်းလုံးညီညွတ်ခဲ့ကြသည်၊နိုင်ငံလုံးဆိုင်ရာ ဗမာအသင်းချုပ်ကြီး သို့မဟုတ် ဂျီ စီ ဘီ အေ ခေါ် ၀ံသာနုလှုပ် ရှားမှုအမျိုးသား ညီညွတ်ရေး တပ်ပေါင်းစုကြီးအတွင်းမှာ စည်းလုံးမှု ညီညွတ်မှုမှ အလွန်တရာ အင်အားကောင်းခဲ့ပါသည်။

မဆလခေတ် ၈၈ ကျောင်းသားအရေးအခင်းအပြီးမှာလည်း ပြည်သူလူထုတရပ်လုံးမှာ စည်းလုံးညီညွတ်မှု အင်အား အကောင်းဆုံးဖြစ်ခဲ့ပါသည်၊အောက်ခြေလူတန်းစား ရပ်ကွက်/ကျေးရွာ အဆင့်မှာပင် လုံခြုံရေး၊စားဝတ်နေရေး တို့ကို စည်းစည်းလုံးလုံး ဖြေရှင်းခဲ့ကြသည်အထိဆိုတာ သိကြဦးမှာပါ။စစ်တပ်က အာဏာသိမ်းပြီး န၀တခေတ်ရောက် လာတော့လဲ ညီညွတ်ဆဲဆိုတာ ၁၉၉၀ ရွေးကောက်ပွဲမှာ သက်သေပြခဲ့တာ တနိုင်ငံလုံးမက တကမ္ဘာလုံးအသိပဲ ဖြစ်ပါ သည်။
ဗြိတိသျှခေတ် နိုင်ငံရေးအင်အားစုများ တပ်ပေါင်းစုကြီးအတွင်းမှာ စည်းလုံးညီညွတ်မှုအင်အားကောင်းခြင်း သည်ပင်လျှင် ဗြိတိသျှ ကိုလိုနီတို့အတွက် ကြောက်မက်ဖွယ်ရာ ဖြစ်ခဲ့ပြန်သည်။
န၀တခေတ်မှာလည်း စည်းလုံးညီညွတ်သော လူထုရဲ့ ထောက်ခံမှု အင်အားအများဆုံးရခဲ့သော NLD နဲ့ အတိုက်အခံ နိုင်ငံရေးအင်အားစုများသည် န၀တ တို့အတွက် သွေးပျက်ဖွယ်ရာ ကြောက်စရာ ဖြစ်လာခဲ့တော့သည်၊ တကယ်တော့ ရွေးကောက်ပွဲတွင် အတိုက်အခံ ပါတီ အနိုင်ရခြင်းသည် နိုင်ငံ့တရားဥပဒေအတိုင်း နိုင်ငံ့ဝန်ထမ်းခဲ့သော လက်ရှိ အာဏာရပါတီအတွက် ကြောက်စရာ မဟုတ်သလို တိုင်းပြည် ချောက်ထဲကျရန် လက်နှစ်လုံးအလိုမှာ ကယ်တင်ပေးခဲ့ ပါသည် ဆိုသော စစ်တပ်အတွက်လည်း ကြောက်စရာမဖြစ်နိုင်ပါ။
သို့သော်...
တိုင်းပြည် ချောက်ထဲကျရန် လက်နှစ်လုံးလောက်အလိုအထိ တွန်းကာ တိုင်းပြည်ကို လက်နက်နဲ့ထောက်ပြီး တိုင်းပြည်ထဲက လူထုကို မင်းတို့ မလှုပ်နဲ့ လှုပ်ရင်ချောက်ထဲကျမယ်ဆိုတဲ့ ပုံစံနဲ့ ကယ်တင်ရှင် စစ်တပ်အတွက်တော့ ဧရာမ ကြောက်စရာကြီးပေါ့၊အဓိကကတော့ အရေးအခင်းကာလအတွင်း လူထုအပေါ် လူမဆန်စွာ ရက်စက်ယုတ်မာခဲ့တဲ့ စစ်ထောက်လှန်းရေးအုပ်စုနဲ့ ပြည်သူကို ရန်သူလိုသဘောထား ချေမှုန်းခဲ့သော သတ်မတော် သတ်မှူးကြီးများ နောက်တ ခါ အာဏာသိမ်းပြီးချိန်ကစလို့ ရွေးကောက်ပွဲကာလအထိ လက်နက်နဲ့အာဏာကို ဥပဒေအဖြစ် ကျင့်သုံးခဲ့သော ဘိုယုတ် မာချီးတွေအဖို့ လောလောဆယ် အနိုင်ရပါတီကို လွှတ်တော် ခေါ်ပေးလိုက်ရင်...လွှတ်တော်က လက်စားချေ ဥပဒေပြဋ္ဌာန်းလိုက်ရင်... စတဲ့ အကြောက်လွန်အတွေးတွေနဲ့ ၀ဋ်မှာ အမြဲ၊ ငရဲမှာ အပ ဆိုသည်ကြောင့်လည်း.... ငရဲအတွက် အပယိကသဘောနဲ့ နောက်ထားပြီး၊၀ဋ်မှာ အမြဲ မဖြစ်အောင် အာဏာမြဲအောင် လုပ်ပါတော့သည်။
ဗြိတိသျှကိုလိုနီတို့သည် မိမိတို့ နယ်ချဲ့ အာဏာမြဲစေရန်အတွက် ဗမာအမျိုးသားအင်အားစုကြီးကို နည်းမျိုးစုံဖြင့် ဖြိုခွဲရန် လုပ်ဆောင်ခဲ့သည့်...
တက်ကြွလှုပ်ရှားသူများကို ဖိနှိပ်ချုပ်ချယ်မှုမျိုးစုံဖြင့် ဖြိုခွဲ၍၊ပျော့ညံ့သူတွေကိုတော့ အခြေအမြစ်မရှိတဲ့ အပေါ်ယံ လိုက်လျောချက်များဖြင့် ဖြားယောင်းသွေးဆောင်ကာ အက်ကြောင်းများဖြစ်ပေါ်စေပြီး နောက်ဆုံး ဒိုင်အာခီ ခေါ် ပူးတွဲ အုပ်ချုပ်ရေးဆိုတဲ့ မြေပုံချပြလိုက်တဲ့အခါမှာတော့ အမျိုးသားတပ်ပေါင်းစုကြီးအတွင်းမှာ ခွဲရေး/တွဲရေး တို့ဖြင့် သွေးကွဲ ကာ မရေမရာ တွေဝေနေကြချိန်မှာပဲ ကုလားဗမာအဓိကရိုဏ်းကို ထပ်မံဖန်တီးခဲ့သည့် နည်းအတိုင်း...
တက်ကြွလှုပ် ရှားသောအမတ်များနှင့် ပါတီဝင်များကို စွပ်စွဲမှု မျိုးစုံဖြင့် နှစ်ရှည်ထောင်ချ ဖိနှိပ်ချုပ်ချယ်မှုမျိုးစုံဖြင့် ဖြိုခွဲ၍၊ပျော့ညံ့သူတွေ ကိုတော့ တရားမ၀င် အခွင့်အရေးတွေနဲ့ စီးပွားရေးလုပ်ပိုင်ခွင့်များဖြင့် ဖြားယောင်းသွေးဆောင်ကာ အက်ကြောင်းများဖြစ်ပေါ်စေပြီး လက်တွဲဝန်းရံ အမျိုးသားညီလာခံ ကနေ လမ်းပြမြေပုံ ခုနစ်ချက် ဆိုပြီး နအဖကိုလိုနီတို့ လိုက်လုပ်ခဲ့လေသည်။
ပူးသတ်နည်းလမ်းစဉ်ဟု ဗြိတိသျှကိုလိုနီအလိုကျ ဒိုင်အာခီ အုပ်ချုပ်ရေး ဥပဒေပြုကောင်စီ မှာ လက်တွဲပါဝင်ခဲ့သော ၂၁ဦးပါတီ ကြွေးကြော်ခဲ့သည့် နည်းတူ အမျိုးသားညီလာခံမှာ လက်တွဲဝန်းရံမှ ကိုယ်ပြောချင်တာ ပြောလို့ရမှာ ကိုယ်လိုချင်တာ တောင်းဆိုလို့ရမှာ လို့ ကြွေးကြော်ခဲ့တဲ့ ပြည်သူ့ဆန္ဒသစ္စာဖောက် အမတ်တွေနဲ့ လူမျိုးသစ္စာဖောက် တိုင်းရင်းသားကိုယ်စားလှယ်များ ငြိမ်းခေါင်းဆောင်များလည်း နအဖ ညီလာခံမှာ လက်တွဲဝန်းရန်ခဲ့လေပြန်သည်။
၂၁ဦးပါတီရဲ့ ဒိုင်အာခီ ဥပဒေပြကောင်စီတွင်း လုပ်ရပ်များကို လက်ညှိုးထိုးပြပြီး “ဘယ့်နှယ်လဲ...ပူးသတ်ဆရာ ကြီးများ...ကောင်စီဝင်ပြီး ဒိုင်အာခီမျိုး ဖြုတ်မယ်ဆိုသော်လဲ မျိုးမပြုတ်ဘဲ ခင်ဗျားတို့သာ ပြုတ်နေပါပကောလား၊ ခင်ဗျားတို့က ပူးမသတ်နိုင်ဘဲ၊ခင်ဗျားတို့သာ အသတ်ခံနေရပါပကောလား” စသည်ဖြင့် သရော်ခံခဲ့ရသလို...
ပြည်သူ့ဆန္ဒသစ္စာဖောက် အမတ်များနဲ့ လူမျိုးသစ္စာဖောက် တိုင်း/ငြိမ်းများလည်း “(အခြေခံ ဥပဒေထဲမှာ) ပြောချင်တာ ပြောမရပဲ ခေါင်းပဲညှိတ်နေရတဲ့အတွက် အဖော်လို့အခေါ်ခံနေရ (အဖော် ဆိုတာ မြန်မာတီဗွီမှာ ကြော်ငြာ တဲ့ ပုတ်သင်ညို တံဆိပ် ကွန်ဒွန် ပါ၊ ခေါ်သင့်ပါတယ် သူတို့လည်း နအဖအတွက် ကာကွယ်ပေးတာပဲ)၊တောင်းဆိုချင် တာ တောင်းမရပဲ ပေးတဲ့ ဒုစရိုက် လုပ်ငန်းလုပ်ခွင့်ကိုယူ ဒုစရိုက်ခေါင်း ကြွေးတဲ့ အရိုးအရင်းလေးပဲ စား နေရလို့ ခွေးသူတောင်းစား” တီးတိုး ပြောင်လှောင်တာ ခံရပါသည်။
၂၁ဦးပါတီရဲ့ ဒိုင်အာခီ အုပ်ချုပ်ရေးဥပဒေ ထောက်ခံရေး စည်းရုံးပွဲတွေကို ဗြိတိသျှကိုလိုနီက အပြည့်အ၀ ကူညီသလို...
ကြံ့ဖွတ်ရဲ့ ညောင်နှစ်ပင်အခြေခံဥပဒေ ထောက်ခံရေး စည်းရုံးပွဲတွေကို နအဖကိုလိုနီက အပြည့်အ၀ ကူညီရုံမက ဦးဆောင်ခဲ့သည်။
ဒိုင်အာခီ အုပ်ချုပ်ရေးဥပဒေ မထောက်ခံရေး စည်းရုံးပွဲတွေကို ဦးဆောင်ခဲ့တဲ့သံဃာတော်များကို သင်္ကန်း ချွတ် ထောင်ချ၊မျိုးချစ်ဗမာများစွာကိုလည်း ထောင်ချခဲ့သလို...
ညောင်နှစ်ပင်အခြေခံဥပဒေ ကန့်ကွက်ရေး စည်းရုံးခဲ့သော သံဃာတော်များနဲ့ ကျောင်းသားခေါင်းဆောင်များ တိုင်းပြည်ကောင်းစားရေး လှုပ်ရှားသူများကို ညှင်းပန်းနှိပ်စက် နှစ်ရှည်ထောင်ချခဲ့သည်။
ဗြိတိသျှကိုလိုနီလက်ထက်က ဗမာပြည်လွတ်လပ်ရေး အတွက် တနိုင်ငံလုံးကို ဦးဆောင်နိုင်သည့် ဗိုလ်ချုပ်အောင်ဆန်းကို ငါးကျပ်တန် ၀ရမ်းထုတ်ကာ နိုင်ငံရေး သိက္ခာချခဲ့သလို နအဖကိုလိုနီတို့လဲ ဒေါ်အောင်ဆန်း စုကြည်ကို တိုင်းပြည် တည်ငြိမ်အေးချမ်းမှုကို ဖျက်ဆီးသူ တိုင်းပြည် ဆူပူအောင် လုပ်သူအဖြစ် သိက္ခာပျက်စေရန် နေ အိမ်မှာ ချုပ်နှောင်ရုံမက ဗိုလ်ချုပ်အောင်ဆန်းကို စစ်အတွင်းမှာ ဂျပန်သူလျှို ကုလားကြီးကို သုတ်သင်ခဲ့သည်ကို သထုံခရိုင် ပေါင်မြို့နယ် သဲဖြူချောင်းရွာ လူသတ်မှုအဖြစ် တရားစွဲဆိုထောင်ချရန် စီစဉ်ခဲ့သည့် အဓိပ္ပါယ်မဲ့လုပ်ရပ်ကဲ့သို့ အိမ်ခြံဝက အော်ပြီးပြန်လှည့်ခဲ့ရသော ကုလသမဂ္ဂ ကိုယ်စားလှယ်ထက် ပိုပေါကြောင်နိုင်သော နိုင်ငံခြားသားတယောက် က နိုင်ငံတော်လုံခြုံရေး အိမ်လုံခြုံရေး တာဝန်ရှိသူတို့ကို ကျော်ဖောက် အိမ်ထဲရောက်သည့်ကိစ္စဖြင့် မတရားချုပ်နှောင်ခံ ထားရသော ဒေါ်အောင်ဆန်းစုကြည်ကို နအဖကိုလိုနီတို့က တရားစွဲဆိုထောင်ချရန် စီစဉ်နေသည်။
ဗြိတိသျှကိုလိုနီလက်ထက်က ဒိုင်အာခီ ခေါ် ပူးတွဲအုပ်ချုပ်ရေး စနစ်သည် ယခု နအဖတို့၏ တပ်နှင့်ပြည်သူ လက်တွဲကူ စနစ်အတိုင်းဖြစ်သည်၊ကဏ္ဍအသီးသီး ဌာနအသီးသီးရဲ့ အဓိကနေရာနေရာတွေမှာ တပ်ကနေရာယူထားပြီး ကျန်သည့် ကိုယ်အား ဉာဏ်အားဖြင့် လုပ်ကိုင်ရမည့်နေရာတွေမှာ ပြည်သူတွေကိုထားအုပ်ချုပ်သည့်စနစ်မျိုးဖြစ်သည်။
ထို့ကြောင့် ထိုအခါက မျိုးချစ် ဗမာ သံဃာတော်များနှင့်လူထုက ဟုမ္မရူး ခေါ် ဗမာပြည်မှာ ဗမာလူထုက သဘောတူ ကြည်ဖြူစွာ ထောက်ခံတဲ့ ဥပဒေနဲ့ ဗမာ အုပ်ချုပ်သည့် လုံးဝလွတ်လပ်ရေးအတွက် တောင်းဆိုတိုက်ပွဲ ၀င်ခဲ့ကြသလို…
ယခုလည်း နအဖကိုလိုနီစစ်အာဏာရှင်အုပ်ချုပ်ရေးစနစ်ကို တွန်းလှန်တိုက်ဖျက်ပြီး ပြည်သူ့ဆန္ဒနှင့်ရွေး ချယ် သော ဒီမိုကရေစီ စနစ် ပေါ်ထွန်းရေးအတွက် တိုက်ပွဲဝင်ကြရမည်။
ဒီမိုကရေစီတိုက်ပွဲရှည်ကြာလာသည့်အခါ ဒီမိုကရေစီတိုက်ပွဲကို ငြီးငွေ့လာကာ ဒီမိုကရေစီရလည်း ကိုယ်လုပ်မှ ကိုယ်စားရမှာပဲ ဒီတော့ ကိုယ့်အလုပ် ကိုယ်လုပ်တာပဲကောင်းတယ်ဆိုပြီး တိုက်ပွဲအတွက် စိတ်ပျက်သွားသူများမှာ အမှန်တော့ ဒီမိုကရေစီစနစ်သဘောကို နားမလည်၍ဖြစ်သည်။ ဒါကြောင့် ၁၉၄၅ ခုနှစ်၊ သြဂုတ်လ စတုတ္ထအကြိမ်မြောက် နိုင်ငံခေါင်းဆောင်များ အစည်းအဝေးတွင် မြွက်ကြားသည့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်း ကောက်နှုတ်ချက်
ကို သိရှိနားလည်စေရန် တင်ပြအပ်ပါသည်။
“ယခုအခါမှာ ငြိမ်းချမ်းရေးကို အဖျက်ဆီးဆုံးဝါဒဟာ ဖက်ဆစ်ဝါဒဖြစ်လို့ ဒီဝါဒ ကမ္ဘာမှာ ဘယ်နေရာမှာဖြစ်ဖြစ် ရှိနေရင် စစ်ဖြစ်ဦးမှာမို့လို့ ဒီဝါဒ ပပျောက်အောင် လုပ်ဖို့လိုတယ်။ ဒီတွင်လားဆိုရင် မဟုတ်သေးဘူး။ ဒီဝါဒမျိုးဟာ သူတို့ပြည်မှာလည်း တိုင်းသူပြည်သားတွေကို ချုပ်ချယ်တယ်။ ကမ္ဘာမှာလည်း အင်မတန် ရိုင်းစိုင်းသေးနုပ်တဲ့ လူမျိုးရေးဝါဒကို လက်ကိုင်ထားပြီး ပိုပြီးချုပ်ချယ်ဖို့ ရည်ရွယ်ချက်ရှိတယ်။ ကမ္ဘာမှာလည်း ကမ္ဘာ့လွတ်လပ်ရေးကို ထိခိုက်တယ်။ ကမ္ဘာ့လွတ်လပ်ရေးကို ထိခိုက်လို့ရှိရင် ကမ္ဘာ့လွတ်လပ်ရေး မရှိနိုင်ဘဲ ဖြစ်သွားမယ်။ ကမ္ဘာ့လွတ်လပ်ရေး မရှိရင် ဗမာ့လွတ်လပ်ရေးဆိုတာလည်း မရှိနိုင်ဘူး။ ဒါကြောင့် ဖက်ဆစ်ဝါဒ ကမ္ဘာမှာ ပပျောက်ရေးကို ကျနော်တို့ ရည်ရွယ်ချက်ထဲမှာ ထည့်ထားတယ်။ ကမ္ဘာမှာ အဲဒီ ၀ါဒမျိုးကို တိုက်ဖျက်မယ့်သူတွေနဲ့ အမြဲပူးပေါင်းပြီး အခွင့်အာဏာရတိုင်း ဆောင်ရွက်ဖို့ပဲ။အထူးသဖြင့် ကျနော်တို့ တိုင်းပြည်မှာ ဒီဝါဒမျိုး လုံးဝမရှိနိုင်အောင် လုပ်ရမယ်။ အာဏာရှင်ဝါဒ၊ လူမျိုးအချင်းချင်း မုန်းတီးရေးဝါဒ၊ ဂျပန်ပြည်မှာလို စစ်ကသာ လွှမ်းမိုးရမယ်ဆိုတဲ့ စစ်ဖက်အာဏာရှင်စနစ်၊ သက်ဦးဆံပိုင် ရှင်ဘုရင်စနစ်၊ အဲဒီဝါဒမျိုး အငယ်စားဖြစ်တဲ့ ပဒေသရာဇ် မြို့စား ရွာစားဝါဒ၊ အထက်ကသာခန့်ထားပြီး တိုင်းသူပြည်သား ဆန္ဒအရ မဟုတ်ဘဲ တိုင်းသူပြည်သားတွေနဲ့ ကင်းကွာပြီး မင်းစိတ်ပေါက်တဲ့ အရာရှိတွေ ချယ်လှယ်တဲ့ စနစ်ဆိုးတစ်မျိုး ရှိနေရင် အများပြည်သူတို့ဆန္ဒနဲ့ လုပ်ကိုင်ရတဲ့ ဒီမိုကရေစီဝါဒ ခေတ်မစားနိုင်တဲ့ ဖက်ဆစ်ဝါဒ ဆင်တူယိုးမှားတွေ ပေါ်လာနိုင်တယ်။ ဒီ ၀ါဒမျိုးပေါ်လာရင် တိုင်းသူပြည်သားတွေဟာ လွတ်လပ်ရေး ဆိုတာကို မရနိုင်တော့ဘူး။ဒါကြောင့် ကျနော်တို့ဟာ ဒီမိုကရေစီဝါဒကိုသာ ခေတ်စားအောင် လုပ်ရမယ်။ ဒီမိုကရေစီဝါဒသာ လွတ်လပ်ရေးနဲ့ ဆီလျော်တယ်။ ဒီဝါဒသာ ငြိမ်းချမ်းရေးကို အားပေးတယ်။ အဲဒါကြောင့် ဒီဝါဒကိုသာ ကျနော်တို့ ရည်ရွယ်ရမယ်။ နောက် လွတ်လပ်စွာ ဖော်ပြခွင့်၊ စည်းရုံးခွင့်၊ အစည်းအဝေးခေါ်ခွင့်နှင့် စီတန်းလမ်းလျှောက်ခွင့်၊ လွတ်လပ်စွာ တွေးတောခွင့်နှင့် ကိုးကွယ်လိုရာဘာသာ ကိုးကွယ်ခွင့်၊ တရားနှင့်မညီသော အဖမ်းအဆီး အချုပ်အနှောင်မှ ကင်းလွတ်ခွင့်၊ ကိုယ်ရေးလွတ်လပ်ခွင့်၊ ကိုယ့်အိမ် ကိုယ့်ယာနှင့် နေထိုင်ခြင်းကို မတရားသဖြင့် နှောင့်ယှက်ခြင်းမှ ကင်းလွတ်ခွင့်၊ လူတိုင်း ပညာသင်ကြားနိုင်ခွင့်၊ အခမဲ့ ဆေးဝါးအကူအညီ ရရှိခွင့်၊ မတရားသဖြင့် စီးပွားချုပ်ချယ်မှုများမှ လွတ်ငြိမ်းချမ်းသာခွင့်၊ အလုပ်သမား လယ်သများများရဲ့ အနည်းဆုံးအခွင့်အရေးများကို အစိုးရက စောင့်ရှောက်ပေးခြင်း၊ တိုင်းပြည်တွင် တိုင်းရင်းသားလူမျိုးတိုင်း ကိုယ့်ဘာသာ ကိုယ့်ဓလေ့ ကိုယ့်ယဉ်ကျေးမှုအတိုင်း ဆောင်ရွက်နိုင်ခွင့်၊ အိုစာနာစာ အထိအခိုက် လျော်ကြေး ရန်ပုံငွေ အစရှိသည်တို့ကို အစိုးရကထားပြီး အိုမင်း၍လည်းကောင်း၊ ဖျားနာ၍လည်းကောင်း၊ ထိခိုက်နာကျင်၍လည်းကောင်း၊ အလုပ်လုပ်ချင်သော်လည်း အလုပ်မရနိုင်၍လည်းကောင်း၊ အသက်မွေးဝမ်းကျောင်း မပြုနိုင်စွမ်း ရှိသူများသည် အစိုးရ၏ အထောက်အပံ့ကို ရရှိခွင့်နှင့် ဒီမိုကရေစီ အခွင့်အရေးမျိုးတွေလည်း ရှိရမယ်” ။
အလံ ၀က္ကလိ ကိံ တေ အိမိနာ ပူတိကာယေန ဒိဋ္ဌေန၊ယော ခေါ ၀က္ကလိ ဓမ္မံ ပဿတိ သော မံ ပဿတိ၊ယော မံ ပဿတိ သော ဓမ္မံ ပဿတိ၊ဓမ္မံ ဟိ ၀က္ကလိ ပဿန္တော မံ ပဿတိ၊မံ ပဿန္တော ဓမ္မံ ပဿတိ။(၀က္ကလိသုတ်၊ခန္ဓ၀ဂ္ဂပါဠိ)
ဝက္ကလိ ငါ့ရဲ့ ခန္ဓာကိုယုတ် အကောင်ပုတ်ကို ကြည့်နေရုံနဲ့ ဘာအကျိုးရှိမှာလဲ? ၀က္ကလိ ငါ ဟောထားတဲ့ တရားကို မြင်တဲ့သူဟာ ငါ့ကို မြင်တဲ့သူပဲ၊ငါ့ကို မြင်တဲ့သူဟာလည်း ငါဟောထားတဲ့ တရားကို မြင်တဲ့သူဖြစ်ရမယ်။
မြတ်စွာဘုရား ဟောထားတဲ့ ဘယ်တရားကိုမှ မကျင့်ပဲ ဘုရားရှင်ကိုပဲ အမြဲကြည့်နေတဲ့ ၀က္ကလိဆိုတဲ့ ရဟန်းကို မြတ်စွာဘုရား ပြောခဲ့သလိုဆိုရင်
ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဓာတ်ပုံတွေကိုပဲ ဒီဇိုင်းအမျိုးမျိုးထုတ် ကြည့်နေကြပြီး မိန့်ကြား ချမှတ်ခဲ့တဲ့ လမ်းစဉ်တွေကို မကျင့်သုံးဘူးဆိုရင် ဒီမိုကရေစီ ကြောင်တောင်ကန်းတွေဖြစ်သွားမှာမို့ ဗိုလ်ချုပ် အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ချမှတ်ခဲတဲ့ လမ်းစဉ်တွေကို လက်တွေ့ ကျင့်သုံးပြီး မြင်တတ်ဖို့ လိုအပ်ပါသည်။သို့မှသာ အရှင်ဝက္ကလိ ဘ၀သံရာမှ လွတ်သလို ဗမာပြည်သည်လည်း ကိုလိုနီနယ်ချဲ့စနစ်၊ဖက်ဆစ်စစ် အာဏာရှင်စနစ် သံသရာမှ လွတ်မြောက်နိုင်မည် ဖြစ်ပါသည်။

ဓမ္မဃောသက



0 Comments:

blogger templates | Make Money Online