ဗမာနိုင်ငံဖွား ကရင်တိုင်းရင်းသားညီအကို ဒကာ ဒကာမအပေါင်းတို့…
ဘုန်းကြီးတို့ ဗမာနိုင်ငံမှာ အများစု ကိုးကွယ်ကြတာ ဗုဒ္ဓဘာသာဖြစ်ပါတယ်၊ယနေ့ ဗုဒ္ဓဘာသာဆိုပြီး ကိုးကွယ် နေကြတဲ့ ၀ါဒကို တည်ထောင်ခဲ့တာ ပြောတိုင်းဖြစ်၊လိုတိုင်းရလို့ ဂေါတမ နွယ်ဖွား သိဒ္ဓတ္ထအမည်ရ မင်းသားဖြစ်ပါတယ်။
သူမြင်နေ တွေ့နေရတဲ့ မြင်ကွင်းမှန်သမျှဟာ လူကြီးလာမယ်ဆိုမှ ဟိုကဒီက ငှါးပြီးပြင်ဆင်ထားတာမဟုတ် တဲ့ အမှန်အကန်တွေနဲ့ စီစဉ်ထားတဲ့ အိဋ္ဌာရုံမြင်ကွင်းတွေချည်းပါပဲ၊ဒီအစီအစဉ် အားလုံးဟာ စကြာဝတေးမင်းဖြစ်စေချင် တဲ့ ဖခင်ကြီးနဲ့ပြည်သူတို့ရဲ့ ဆန္ဒကြောင့်ပါ၊အခုလို မလုပ်မနေရဆိုတဲ့ အမိန့်အာဏာကြောင့် မဟုတ်ပါဘူး။
ဆန္နဆိုတဲ့ ပီအေ နဲ့ နှစ်ယောက်ထဲ အက်စ်ကော့ တွေနဲ့ လမ်းခွဲသွား တဲ့ တနေ့မှာတော့ ခါးကုံးချိနဲ့နေတဲ့ လူအိုတယောက်ကိုတွေ့လိုက်ရာက လောကမှာဒါမျိုးတွေရှိပါလား၊တခြားဘာတွေရှိသေးလဲလို့ ဖုံးကွယ်မှုရဲ့ အခြားတ ဖက်မှာ ထပ်ရှာဖွေတော့ သူနာ၊သူသေ၊ရဟန်းဆိုတာထပ်တွေ့လိုက်ရတဲ့အခါမှာ စည်းစိမ်၊အာဏာဆိုတာ ဆင်းရဲခြင်း ဆိုတဲ့ သဘာဝအမှန် တရားတွေကို ခဏတာ ဖုံးကွယ်ထားတဲ့အရာတွေပဲ၊အမှန်တကယ် ဆင်းရဲခြင်းရှိရင် အဲဒီဆင်းရဲခြင်းရဲ့အကြောင်းကဘာလဲ၊အဲဒီအကြောင်းရင်းကို ရှင်းနိုင်တဲ့ နည်းလမ်းကဘာလဲ၊အဲဒီအကြောင်းရင်းကို ရှင်းနိုင်မှ ဆင်းရဲခြင်းက လွတ်ကင်းမယ်လို့ ယုံကြည်ပြီး စည်းစိမ်အာဏာ အားလုံးကို စွန့်ခွာပြီး လွတ်လပ်ရေး(မောက္ခ)အတွက် တောထဲထွက်ခဲ့တယ်။
အဲဒီအခါမှာတော့ ယုံကြည်ချက်တူတဲ့ ကောဏ္ဍည၊၀ပ္ပ၊ဘဒ္ဒိယ၊မဟာနာမ်၊အဿဇိ တို့လည်းလိုက်ခဲ့ပါတယ်၊ အချိန်ကြာလာတော့ မောက္ခမဂ္ဂဆိုတဲ့ လွတ်လပ်ရေးလမ်းစဉ်နဲ့ ပတ်သက်ပြီး သဘောထားကွဲပြားလို့ လမ်းခွဲခဲ့ကြတယ်၊ ဒါဟာ သဘာဝမို့ သဘာဝကိုနားလည်သူတို့အနေနဲ့ ရန်မမူပဲ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် ဆက်လျှောက်ခဲ့ကြပေမဲ့ ရည်မှန်းချက်ပန်းတိုင်ကတော့ အတူတူမို့ နောက်ဆုံး စကြာဝတေးမင်း စည်းစိမ်၊မာရ်နတ်သမီးတော်တွေနဲ့ ဖြားယောင်းမှု ကို ကြံ့ကြံ့ခံကာ လက်နက်မျိုးစုံနဲ့တိုက်ခိုက်တဲ့ မာရ်နတ်စစ်တပ်ကို တွန်းလှန်ပြီး ဗုဒ္ဓဖြစ်လာတဲ့ ရဟန်းဂေါတမ က ကောဏ္ဍည၊၀ပ္ပ၊ဘဒ္ဒိယ၊မဟာနာမ်၊အဿဇိ တို့နဲ့ စတင်တည်ထောင်ခဲ့တဲ့ ဘုရား၊တရား၊သံဃာ ရတနာသုံးပါးနဲ့ ပြည့်စုံတဲ့ ဗုဒ္ဓဘာသာ ဖြစ်ပါတယ်။
အဲသလို ဗုဒ္ဓဘာသာကို ကိုးကွယ်သူ အများစုဖြစ်ကြတဲ့ ဗမာပြည်ရှိ ကရင်အများစုကလည်း ဗုဒ္ဓဘာသာတွေ ပဲ ဖြစ်ပါတယ်။
ဗမာနိုင်ငံဖွား ကရင်တိုင်းရင်းသားညီအကို ဒကာ ဒကာမအပေါင်းတို့…
မဲဆောက်ဆေးရုံပေါ်ရောက်မှ ငြိမ်းချမ်းရေးစကား ပြောနိုင် ဆိုတဲ့ သတင်းနဲ့ ဓာတ်ပုံကို မြင်ရတော့ ဘုန်းကြီး စိတ်ထဲမှာ အရမ်းကို နာကြင်စွာ ခံစားရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ဘုန်းကြီးဆီမှာ ပညာရင်နို့သောက်စို့သွားကြတဲ့ ကရင် စာသင်သားတွေများစွာပါဝင်ခဲ့ပါတယ်၊အများစုမှာ ကိုရင်ကြီး၊ရဟန်းငယ်ဘ၀ အလတ်တန်းအောင်ပြီး အကြီး တန်းနဲ့ ခွဲခွါခဲ့ရတာများပါတယ်၊အဲဒီအရွယ်တွေမှာ သူတို့တွေရဲ့ စိတ်ထဲမှာ ကရင်လူမျိုးနဲ့ကရင်ပြည်နယ်ကို ကာကွယ်ရန် စိတ်အားထက် သန်လေ့ ရှိကြတာတွေ့ရပါတယ်။
စာသင်စာချ ခွဲခွါရတာ ဓမ္မတာမို့ သူတို့တတွေနဲ့ ခွဲခွါခဲ့ရတာကိုလည်း ဘယ်လိုမှ မခံစားခဲ့ရပေမယ့်၊ ၁၉၉၉ခုနှစ် မှာ ကရင်ပြည်နယ်ကိုအလည်ရောက်ပြီး တပည့် အများစုရှိရာ နောင်ကမြိုင်ရွာကို အခြေပြုလို့ တပည့်တွေရဲ့ရွာတွေကို လိုက်လည်ရင်း တပည့်ဟောင်းတွေကို မေးကြည့်တဲ့အခါမှာ တချို့က ကေအင်ယူထဲ၊တချို့က ဒီကေဘီအေထဲရောက်နေ ကြတဲ့အကြောင်းသိတော့ သူတို့ရဲ့မိသားစုတွေနဲ့ သူငယ်ချင်းတွေကို “ဒီကောင်တွေတော့ကွာ... နအဖက သူတို့ဆီ ကျည်ဆံမရောက်အောင် ကရင် အချင်းချင်း တိုက်နေအောင် လုပ်ထားတဲ့ လှဲ့ကွက်ထဲမှ ၀င်ရသလားကွာ”လို့ ပြောမိတော့ အားလုံးက တွေဝေပြီးစဉ်းစားနေတာ ပြန်မြင်ယောင်မိတယ်၊တိုက်ဆိုင်စွာပဲ နောင်ကမြိုင်ရွာ ဘုန်းကြီးကျောင်းကို မြိုင်ကြီးငူ သုဇန၊ သူ့ ပီအေ ဒေါ်အေး ဆိုသူ နဲ့ သေနတ်ကိုထားတဲ့ သူ့ နောက်လိုက် ပစ္ဆာသမဏ ကိုရင် ရဟန်းတွေနဲ့ တပ်သားအချို့ လာရောက်စည်းရုံးတာနဲ့လဲ ကြုံခဲ့ရလေတော့ တပည့်တွေရဲ့နောင်ရေးတွေးပြီး ပြန်ခါ နီးမှာ “မင်းတို့ကရင်လူမျိုး၊ကရင်ပြည်နယ်တခုထဲ မဟုတ်ဘူး ငါတို့နိုင်ငံ လူထုအားလုံး မဖွံ့ဖြိုးမတိုးတက်အောင် ကမ္ဘာမှာ လူရာမ၀င်အောင်လုပ်နေတဲ့ နအဖ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ရမဲ့ အချိန်မှာ ငါ့တပည့်တွေ အချင်းချင်းတိုက်တာ မမြင်ပါရစေနဲ့လို့ ငါဆုတောင်းတယ်ကွာ” လို့ မှာခဲ့မိသေးတယ်။
တကယ်တော့ နအဖ စစ်အာဏာရှင်တွေဟာ တိုင်းရင်းသားပြည်သူ လူထုတရပ်လုံး ယားလို့မှ မကုတ်အားအောင် ဆိုသလို ခံစားရတဲ့ ဒုက္ခကိုဒုက္ခလို့ စဉ်းစားချိန်မရအောင် နှိပ်စက်ထားပြီး မင်းတို့ အခုလိုဖြစ်နေတာ ဘယ်သူ့ကြောင့်...ဆိုပြီး အကြောင်းရင်းပျောက်အောင် အာဏာ ပါဝါ ပြည်သူ့ဘဏ္ဍာတွေနဲ့ မတရားဖုံးအပ်ထားလို့ ဗုဒ္ဓဘာသာရဲ့ ပန်းတိုင် သစ္စာလေးခိုင်ကို ဖျက်ဆီးကာ စစ်အာဏာရှင်စနစ် အမှောင်ထုအောက်မှာ ညီအကိုချင်း သတ်ဖြတ်အောင် လုပ်ထားတာပါ၊နောက်ပြီးနအဖဟာ ဘာသာရေးခုတုံးလုပ်ပြီးခွဲတဲ့နည်း မတရားမှု ဒုစရိုက်လုပ်ငန်းတွေ ကို အခွင့်အရေးအနေနဲ့ လုပ်ခွင့်ပေးတဲ့ နည်းတွေနဲ့ မင်းတို့ ကရင် လူမျိုးတွေ လူမျိုးတုံးပျက်စီးရေး အတွက်ဆိုတာ အမြန်ဆုံး နားလည် သတိရကြပါလို့ ကေအင်ယူထဲက ကောဝိဒ၊ခေမာဝံသ စသောတပြည့် များနဲ့ ဒီကေဘီအေထဲက စန္ဒရ၊ပညာဝံသ စသော တပည့်တို့ကို အနူးအညွတ် တိုက်တွန်းရင်း ကရင်အချင်းချင်း တိုက်ခိုက်ခြင်း ကင်းရှင်းကြပါစေလို့ ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ်။
ရင်နာစွာဖြင့်
တချိန်က မင်းတို့ရဲ့ စာချဘုန်းကြီး
မရမ်းကုန်းမြို့နယ်၊ရန်ကုန်
Friday, July 3, 2009
တချိန်က ကရင်စာသင်သားတပည့်များသို့
Subscribe to:
Post Comments (Atom)
0 Comments:
Post a Comment