Saturday, July 18, 2009

အခွင့်အရေးအာမခံချက်ပိုမိုအားကောင်းသောဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းသစ်ကို မြန်မာအတိုက်အခံများ ထပ်မံရေးဆွဲ(ဧပြီလ ၂၆ ရက်၊ ၂၀၀၇ ခုနှစ်။)

စောရန်နိုင်။

တိုင်းရင်းသားများ နှင့် အမျိုးသမီးများ၏ အခွင့်အရေးကို ပိုမိုကာကွယ်ပေးနိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေ မူ ကြမ်းသစ် တရပ်ကို ပြည်ပရှိ နိုင်ငံရေးအတိုက်အခံ အဖွဲ့များပူးပေါင်း ဖွဲ့စည်း ထားသော ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (မူကြမ်း) ရေးဆွဲရေး နှင့် ညှိနှိုင်းမှုကော်မတီ က ရေးဆွဲပြီးစီးပြီ ဖြစ်ကြောင်း ထုတ်ပြန်သည်။


ယင်းဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်နယ်များအလိုက်အခြေခံပြီး ရေးဆွဲထားသည့်အတွက် တိုင်းရင်းသားများ ၏ အခွင့်အရေးများကို ကာကွယ်ပေးနိုင်ရန် ရည်ရွယ်ထားကြောင်း ဥပဒေ မူကြမ်းရေးဆွဲရေးကော်မတီ၏ အတွင်း ရေးမှူး ဦးသိန်းဦး က ယခုလို ပြောသည်။

“တိုင်းရင်းသားလူမျိုးစုလေးတွေရှိတယ်၊ ဥပမာ ရှမ်းပြည်နယ်မှာကြည့်မယ်ဆိုလို့ရှိရင် ရှမ်းထဲမှာမှ တချို့ ပအိုးဝ် တို့၊ ပလောင်တို့၊ ၀တို့၊ လားဟူတို့ ကိုးကန့်တို့ အဲလိုရှိတာပေါ့၊ သူတို့တွေ ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်တွေ ဘယ်လိုဖန်တီးမလဲဆိုတဲ့ဟာတွေရယ်၊ အဲ့ဒီထဲမှာ သိပ်ပြီးတော့ လူနည်းနေတဲ့ လူနည်းစုလေးတွေရှိတယ်၊ ဥပမာ နာဂတို့ အဲဒီဟာမျိုးတွေပေါ့ နော်၊ ကျနော်တို့ ပြည်ထောင်စု အထူးဒေသတွေ သတ်မှတ်ပေးဖို့ ဆိုတဲ့ဟာ မျိုးတွေ၊ အဲ့ဒါတွေကစပြီးတော့ ဒီပြည်နယ်တခုတည်း အတွင်းမှာတောင်မှ တိုင်းရင်းသား လူမျိုးတမျိုးရဲ့ ပြည်နယ် တခုတည်း အတွင်းမှာတောင်မှ အဲလိုလူနည်းစုတွေရဲ့ အခွင့်အရေးတွေ ကာကွယ် ပေးဖို့ဆိုပြီးတော့ အဲ့ဒီဖွဲ့စည်း ပုံအခြေခံ ဥပဒေကို ကျနော်တို့ (modify) (မွမ်းမံ) လုပ်ထား ပါတယ်။”

ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းသည် ယခင်ရေးစွဲခဲ့သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ များထက် အခွင့်အရေး ပိုင်းဆိုင်ရာတွင် တိုးတက်မှုရှိသည်ဟု ဥပဒေမူကြမ်း ရေးဆွဲရေး ကော်မတီ အတွင်းရေးမှူး ဖြစ်သူ ဦးသိန်းဦးက ယခုလို ပြောသည်။

“လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ကိစ္စ တွေပေါ့နော်၊ အဲဒါတွေ ပိုပြီးတော့ ကောင်းမွန်တဲ့ အချက်အလက်တွေ ပေါ် လာတယ်၊ ဥပမာဆိုရင် တီထွင်ဖန်တီးပိုင်ခွင့် နဲ့ပတ်သက်တဲ့ကိစ္စ တွေ ပိုပြီးတော့ အထူးပြုလာတယ်၊ အဲ့ဒီ အပြင် ကျနော်တို့ အမျိုးသမီးများနဲ့ ပတ်သက်တဲ့ကိစ္စတွေ ပိုပြီးတော့ အထူးလုပ်ဆောင် ပေးရမယ့်ကိစ္စတွေ ပေါ်လာ တယ်၊ ထူးခြားချက်ကတော့ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါရမည် ဆိုတဲ့ဟာကတော့ ထူးခြားချက် ပေါ့။”

မြန်မာအတိုက်အခံ တပ်ပေါင်းစုဖြစ်သည့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီက ယခင်ကလည်း ဖွဲ့ စည်းပုံ အခြေခံဥပဒေမူကြမ်းတရပ်ကို ရေးဆွဲခဲ့ဖူးသည်။

ယခုရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပြည်နယ်အသီးသီး. သဘောထားများ ပါဝင် သဖြင့် ပိုမိုကျယ် ပြန့်ပြီး တရားဝင်အတည်ပြုနိုင်ရန်အတွက် ဆက်လက်ကြိုးပမ်းသွားမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး ကောင်မတီ အဖွဲ့ဝင်တဦးဖြစ်သည့် အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု (NDF) မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကပြော သည်။

ယခုဖွဲ့စည်းပုံအခြေခံဥပဒေသည် တရားဝင်အတည်ပြှုမရသော်လည်း သက်ဆိုင်ရာ ပြည်သူ လူထု နှင့် တိုင်းရင်း သား များအကြား အသိပညာပေးသည့် အစီအစဉ်များဖြစ်စေပြီး လက်ရှိ မြန်မာစစ်အစိုးရက ရေးဆွဲနေသည့် ဖွဲ့ စည်းပုံ အခြေခံဥပဒေနှင့် နှိုင်းယှဉ်၍ ဝေဖန်သုံးသပ်နိုင်မည်ဟု ယုံကြည်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကဆက် လက် ပြောသည်။

ဖွဲ့စည်းပုံအခြေခံမူကြမ်း ရေးဆွဲရာတွင် ပါဝင်သည့် တပ်ပေါင်းစု အဖွဲ့အစည်းများမှာ အမျိုးသား ဒီမိုကရေစီ တပ် ပေါင်းစု (NDF)။ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ (NCUB)၊ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမို ကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ( UNLD-LA) ၊ တိုင်းရင်းသားလူမျိုးများကောင်စီ (ENC) ၊ အမျိုးသမီး အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLBနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားလူငယ် ကွန်ကရက် (SYCB)စသည့် အဖွဲ့များ ပါဝင်သည်။
http://www.nmg-news.com

0 Comments:

blogger templates | Make Money Online