Thursday, November 6, 2008

စင်ပြိုင်အစိုးရ ပြုပြင်ဖွဲ့စည်းရန် ဆွေးနွေးမည့် ညီလာခံကျင်းပရေး အမ်ပီယူနှင့်အန်စီဂျီယူဘီသဘောထားကွဲ

ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ (အန်စီဂျီယူဘီ) အား တိုးချဲ့ရေး၊ ပြုပြင်ရေး ဆွေးနွေးမည့် ညီလာခံအား ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (အမ်ပီယူ) က ယခုလ နောက်ဆုံးအပတ်တွင် ကျင်းပလိုသော်လည်း အန်စီဂျီယူဘီက လက်မခံကြောင်း အမ်ပီယူ ဒုဥက္ကဌ ဒေါ်စန်းစန်းက ခေတ်ပြိုင်သို့ ပြောသည်။


ဒေါ်စန်းစန်းက “ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များညီလာခံကို ၂၀၀၈ ခု ဖေဖော်ဝါရီလဆန်းပိုင်းက လုပ်ခဲ့ပါတယ်။ အဲဒီမှာလည်း စင်ပြိုင်အစိုးရကို ပြုပြင်ပြောင်းလဲဖွဲ့စည်းဖို့၊ တိုးချဲ့ဖွဲ့စည်းဖို့ အားကောင်းအောင်လုပ်ဖို့ဆိုတဲ့ ဆုံးဖြတ်ချက်လည်း ရှိနေပါတယ်။ အဲဒီသဘောထားကို ဆွေးနွေးဖို့ ညီလာခံနောက်ဆက်တွဲ ခေါ်ဖို့ရှိပါတယ်။ ပထမတော့ စင်ပြိုင်အစိုးရက စက်တင်ဘာလ ခေါ်မယ်ပြောပါတယ်။ နောက်တခါကျတော့ အောက်တိုဘာလမှာ ခေါ်နိုင်မယ်ပြောပါတယ်။ ခုကျတော့ နောက်နှစ် ဇန်နာဝါရီမှာ လုပ်မယ်ပြောပါတယ်” ဟုပြောသည်။

အဆိုပါညီလာခံ၌ အန်စီဂျီယူဘီကို တိုးချဲ့ဖွဲ့စည်းရန်သာမက ပြီးခဲ့သည့် စက်တင်ဘာလအတွင်း၌ နအဖစစ်အစိုးရ၏ ကုလသမဂ္ဂ ကိုယ်စားလှယ် တရားမ၀င်ကြောင်း အမ်ပီယူ၏ကန့်ကွက်လွှာတင်သွင်းမှု ကို ကုလသမဂ္ဂက လုပ်ထုံးလုပ်နည်းနှင့် မညီဟုဆိုကာ လက်မခံခဲ့ခြင်းနှင့်ပတ်သက်၍လည်း ဆွေးနွေးမည်ဖြစ်ကြောင်း ဒေါ်စန်းစန်းက ပြောသည်။

နအဖစစ်အစိုးရ၏ ကုလသမဂ္ဂ ကိုယ်စားလှယ် တရားမ၀င်ကြောင်း တင်သွင်းမှုကို အန်စီဂျီယူဘီမှ ၀န်ကြီးချုပ် (သို့) သမ္မတ (သို့) နိုင်ငံခြားရေးဝန်ကြီးတဦးဦးကသာလျှင် တင်နိုင်မည်ဟု အမ်ပီယူက ယူဆကြောင်း ဒေါ်စန်းစန်းက ပြောသည်။ ဒေါ်စန်းစန်းပြောဆိုချက်သည် ကုလသမဂ္ဂ ပုဒ်မ ၇ နှင့် ကိုက်ညီမှု ရှိမရှိ အန်စီဂျီယူဘီမှ ၀န်ကြီးတဦးဖြစ်သူ ဒေါက်တာစန်းအောင်ကို ခေတ်ပြိုင်မှမေးမြန်းရာ အမ်ပီယူ ယူဆချက်မှန်ကြောင်း ဒေါက်တာစန်းအောင်ကပြောသည်။

၎င်းက “ကျနော်တို့က ရှိနေတဲ့အစိုးရကို တိုက်တာ။ အဲဒီတိုင်းပြည်က မြန်မာပြည် စင်ပြိုင် အစိုးရကနေ၊ အနိမ့်ဆုံးနိုင်ငံခြားရေးဝန်ကြီးကနေ တောင်းလို့ရတယ်။ နောက် တခုက တခြားနိုင်ငံတခုခုကနေလည်း တောင်းဆိုလို့ရ တယ်။ အဲဒီ နှစ်ခုပဲတင်နိုင်တယ်။ သူပြောတာ ဘောင်ဝင်တာပေါ့” ဟု၎င်းကပြောသည်။

ထိုသို့ဘောင်ဝင်သည်ဟု ဒေါက်တာစန်းအောင်ကပြောသော်လည်း ပထမအကြိမ် ကန့်ကွက်လွှာတင်သွင်းစဉ်က အန်စီဂျီယူဘီလက်မှတ်ထိုးခြင်း အမ်ပီယူနှင့် ပူးပေါင်းခဲ့ခြင်းမရှိပေ။ မည်သည့်အတွက် ပူးပေါင်းဆောင်ရွက်ခြင်းမရှိကြောင်း ခေတ်ပြိုင်က ဆက်မေးရာ ဒေါက်တာစန်းအောင်က-

“အန်စီယူဘီက စလုပ်တာကိုး။ အန်စီယူဘီနဲ့ ကျနော်တို့နဲ့က မဟာမိတ်၊ ဆိုတော့ သူတို့လုပ်မယ်ဆိုရင် တော့လုပ်ပေါ့။ သူတို့မှာ လုပ်ခွင့်ရှိတယ်။ ဒါပေမဲ့ ကျနော်တို့သုံးသပ်ကြည့်တာက မဖြစ်နိုင်ဘူးလို့မြင်တယ်။ သူက စက်တင်ဘာလ (၉) ရက်နေ့မှာ အထွေထွေညီလာခံကို အမီတင်ရတယ်။ အဲဒီတော့ အချိန်အရ လော်ဘီလုပ်ဖို့မလွယ်ဘူး။ နောက်တခုက Credentials Challenge (ကန့်ကွက်လွှာတင်သွင်းမှု) က လောလောဆယ်မှာ အဓိကပြဿနာမဟုတ်ဘူး။ ပြည်တွင်းမှာ ၂၀၁၀ က အဓိကပြဿနာ။ ၂၀၁၀ နဲ့ပတ်သက်ပြီး နိုင်ငံတကာကို ကျနော်တို့က တောင်းဆိုတာက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးပြီးတော့ တွေ့ဆုံဆွေးနွေးရေးလုပ်ပေးဖို့ ဖြစ်တယ်။ ဒီနေ့အထိ အဲဒီသဘောထားပါပဲ” ဟုပြောသည်။

သို့သော် ဒေါ်စန်းစန်းကမူ “ထင်ရှားနေတာကတော့ ၀န်ကြီးချုပ် သို့မဟုတ် နိုင်ငံခြားရေးဝန်ကြီးတင်ရမယ်။ ဒါပေမဲ့ ယခုအခါမှာ နိုင်ငံခြားရေးဝန်ကြီး ရော ၀န်ကြီးချုပ်ရောက ဒီကိစ္စကို မဆောင်ရွက်နိုင်ဘူးပြောတယ်” ဟုပြောသည်။

ကန့်ကွက်လွှာတင်သွင်းခြင်းသည် အရှုံးအနိုင်ကိစ္စမဟုတ်ဘဲ နအဖစစ်အစိုးရ၏ မတရားလုပ်ဆောင်ချက်များကို နိုင်ငံတကာမှသိရှိနိုင်စေရန် လုပ်နိုင်မည်ဖြစ်သောကြောင့် ရှေ့လ ၁၃-၁၄ တွင်ကျင်းပမည့် Credentials ကော်မတီအစည်းအဝေးအမီ ကန့်ကွက်လွှာ ထပ်မံတင်သွင်းနိုင်ရန် ရည်ရွယ်ထားပြီး အမ်ပီယူညီလာခံကို ယခုလနောက်ဆုံး အပတ်တွင် ကျင်းပနိုင်ရန် မဖြစ်မနေလုပ်ဆောင်သွားးမည်ဟု ပြောသည်။

(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (အမ်ပီယူ) ဒု ဥက္ကဌ ဆိပ်ကမ်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းနှင့် ခေတ်ပြိုင်သတင်းထောက် ကိုဝိုင်း မေးမြန်းခန်းအသေးစိတ်)

0 Comments:

blogger templates | Make Money Online