Wednesday, November 12, 2008

ကမ္ဘာ့စီးပွားရေးကျဆင်းမှုကြောင့် မဲဆောက်-မြ၀တီနယ်စပ် ကုန်သွယ်ရေး မထိခိုက်ဟု တာ့ခ်ခရိုင် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌပြော

ကမ္ဘာ့စီးပွားရေးကျဆင်းမှု ပြဿနာကြောင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက် မြ၀တီနယ်စပ် အရောင်းအ၀ယ်ထိခိုက်နေသည်ဟု ကုန်သည်အချို့၏ ပြောဆိုချက်မမှန်ကန်ကြောင်း ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌက ငြင်းဆိုလိုက်သည်။

ယမန်နေ့က ထိုင်းနိုင်ငံပြည်သူ့လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ကူဒယ်ဆိုင်ကရာကျန်သည် မဲဆောက်မြို့သို့ ရောက်ရှိလာစဉ် တာ့ခ်ခရိုင် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ နိုင်ဘန်ဖို့ကော်ကယ်ကျလန်းက နယ်စပ်စီးပွားရေးကိစ္စနှင့် ပတ်သက်၍ ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး အချက်အချာလမ်းကြောဖြစ်သည့် မဲဆောက်-မြဝတီ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှတဆင့် မြန်မာပြည်သို့ ထိုင်းကုန်ပစ္စည်းများ တင်သွင်းမှု နယ်စပ်ကုန်သွယ်ရေးမှာ ကမ္ဘာ့စီးပွားရေးကျဆင်းမှု ပြဿနာကြောင့် တစုံတရာ အကျိုးသက်ရောက်မှု မရှိဘဲ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုကို ပုံမှန်ပြုလုပ်လျက် ရှိသည်ဟု ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ နိုင်ဘန်ဖို့ကော်ကယ်ကျလန်းက ပြောသည်။

၎င်းက “မဲဆောက်-မြဝတီ ကုန်သွယ်မှု လမ်းကြောင်းဟာ ထိုင်းတနိုင်ငံလုံးမှာ အကြီးဆုံးကုန်သွယ်မှု လမ်းကြောဖြစ်တယ်။ လစဉ် မြန်မာပြည်ဘက်ကို ဘတ်ငွေသန်း (၁) ထောင်ဖိုးရှိတဲ့ ကုန်ပစ္စည်းတွေကို တင်သွင်းနေတယ်။ လက်ရှိမှာ ကုန်သွယ်မှုနဲ့ ပတ်သက်ပြီးတော့ အဆင်မပြေမှုတွေ မရှိပါဘူး။ ပုံမှန် ကုန်သွယ်နေပါတယ်။ အဓိကပြဿနာကတော့ မြန်မာပြည်ဈေးကွက်မှာ တရုတ်ပစ္စည်းတွေဟာ မကြာခင်ကာလတခုမှာ ထိုင်းပစ္စည်းတွေကို လွှမ်းမိုးလာဖို့ ရှိနေတယ်။ အဲ့လိုလွှမ်းမိုးမှုမခံရအောင် ထိုင်းအစိုးရအနေနဲ့ မြန်မာနဲ့ကုန်သွယ်ရာမှာ အဆင်ပြေချောမွေ့မှုရှိအောင် ကူညီပေးစေချင်တယ်” ဟု တင်ပြခဲ့သည်။

ထိုင်းနိုင်ငံသည် မြန်မာနှင့် ကုန်သွယ်မှုအဆင်ပြေရန်အတွက် မြန်မာပြည်ဘက်ခြမ်းတွင် မြဝတီမှ မော်လမြိုင်အထိ လမ်းဖောက်ပေးရန် စီစဉ်လုပ်ကိုင်လျက်ရှိပြီး ထိုင်းကုန်ပစ္စည်းများကို မော်လမြိုင်မှတဆင့် ရေကြောင်းခရီးဖြင့် နိုင်ငံတကာသို့ ကုန်သွယ်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် ထိုင်း-မြန်မာ နယ်စပ်တလျှောက် မြန်မာဘက်ခြမ်းတွင်လည်း ကန်ထရိုက်စနစ်ဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်နေပြီး ပြောင်း၊ ပဲတီစိမ်း၊ မြေပဲစသည်တို့ကို အဓိကထားစိုက်ပျိုးပြီး ထိုင်းဘက်သို့ ပြန်လည်တင်သွင်းလျက်ရှိသည်။

ကမ္ဘာ့စီးပွားရေးကျဆင်းမှုကြောင့် ထိုင်း-မြန်မာ ကုန်သွယ်မှုတွင် ထိခိုက်မှုရှိပြီး ထိုင်းဘက်မှ ကုန်သွယ်ရေးလိုငွေပြနေမှု ရှိသည်ဟု ပြောဆိုနေကြသည့်အချက်နှင့် ပတ်သက်၍ ထိုင်းကုန်သည်တဦးက “မဲဆောက်-မြဝတီ ကုန်သွယ်ရေးကတော့ ထိုင်းဘက်မှာ ထိခိုက်မှုမရှိပါဘူး။ ထိုင်းကုန်တွေကို တလဘတ်သန်း (၁) ထောင်ဖိုး မြန်မာဘက်ကို တင်ပို့တယ်ဆိုတာက တရားဝင် စာရင်းဇယားအရပါ။ အမှန်ကတော့ ထိုင်းဘက်က မြန်မာဘက်ကို ကုန်စည်ပို့တာ တလကို အနည်းဆုံး ဘတ်သန်း (၃) ထောင်ဖိုးရှိတယ်။ မြန်မာဘက်က နယ်စပ်ကုန်သွယ်ရေးစနစ်ကို စနစ်တကျကိုင်တွယ်မှု မရှိသေးသမျှတော့ ထိုင်းဘက်က ကုန်သွယ်မှုဖက်မှာ အားသာနေမှာဖြစ်တယ်” ဟု ပြောသည်။

မြန်မာကုန်သည်တဦးဖြစ်သူ ကိုညီညီကလည်း “နယ်စပ်ကုန်သွယ်ရေးမှာ ထိုင်းဘက်က အသာရနေတယ်ဆိုတာက ကုန်သွယ်ရေးဝန်ဆောင်မှု နည်းစနစ်အပိုင်းမှာ အားသာမှုရှိတယ်။ အစိုးရကလည်း သူတို့ကို အားပေးတယ်။ နောက်ပြီး ကုန်သွယ်ရေးမှာ လွတ်လပ်ခွင့်တွေလည်း ရှိတယ်။ ထိုင်းပစ္စည်းတွေဟာ တရုတ်ပစ္စည်းတွေထက်ကို အရည်အသွေး ကောင်းတယ်။ ဒါကို မြန်မာဘက်ကလည်း သိပါတယ်။ အခုဆိုရင် မြဝတီမှာ ကုန်သွယ်ရေးဇုန်ဖွင့်လှစ်ပြီး ထိုင်း-မြန်မာကုန်သွယ်ရေးပမာဏကို မြန်မာဘက်က ပိုမြင့်တက်လာအောင် လုပ်ဆောင်နေတယ်။ မြဝတီမြို့ကိုလည်း အထူးစီးပွားရေးဇုန် (Special Economic Zones) ပီပီပြင်ပြင်ဖြစ်အောင် လုပ်နေတယ်။ တရုတ်-မြန်မာနယ်စပ် မူဆယ် (၁၀၅) မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ပြီးရင် မြဝတီမြို့ဟာ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးမားဆုံး ကုန်သွယ်ရေးဇုန် ဖြစ်လာမှာပါ။ အဲ့ဒီအချိန်ကျရင် မြန်မာကုန်သည်တွေအနေနဲ့ ထိုင်းနဲ့ကုန်သွယ်တဲ့အခါ နစ်နာမှုမရှိအောင် ဆောင်ရွက်ပေးမယ်လို့တော့ ပြောတာပဲ။ ဒါပေမယ့် ကျနော်တို့ဆီက ဘိုးတော်တွေရဲ့ ရွှေဥာဏ်တော် ဘယ်လောက်ရှိမရှိ ဆိုတာကတော့ စောင့်ကြည့်ရအုံးမှာဖြစ်တယ်။ လက်ရှိနယ်စပ်ကုန်သွယ်မှုမှာကတော့ မြန်မာဘက်က နစ်နာမှုတွေ အများကြီးရှိနေတယ်။ အဓိကကတော့ ကုန်သည်တွေအနေနဲ့ ကုန်သွယ်ခွင့်ကို လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ရဖို့ အရေးကြီးတယ်” ဟု ပြောသည်။

ထိုင်းမှ မြန်မာဘက်သို့ တင်သွင်းနေသည့် လူသုံးကုန်ပစ္စည်းများမှာ ကားဘတ်ထရီ၊ ဓာတ်ခဲ၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါး၊ ပရိဘောဂ၊ အလှကုန်၊ အားကစားပစ္စည်း၊ ဇာ၊ ချုပ်ပြီးအဝတ်ထည်၊ မီးဖိုချောင်သုံး ပစ္စည်းများနှင့် စားသောက်ကုန်များဖြစ်ပြီး လုပ်ငန်းသုံးပစ္စည်းများမှာ ဓာတုဗေဒပစ္စည်း၊ ပလတ်စတစ်ကုန်များ၊ ရော်ဘာ၊ စာရေးကိရိယာ၊ ကားတာယာ၊ စက္ကူ၊ ပုံနှိပ်ပုံထုတ် သားရေတုများဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုပစ္စည်းများမှာ ကော်စေ့၊ လက်တွန်းထွန်စက်၊ လယ်ယာသုံးပစ္စည်း၊ ရေလုပ်ငန်းသုံးပစ္စည်း၊ ကွန်ပျူတာအပိုပစ္စည်း၊ အဲယားကွန်း၊ မော်တော်ဆိုင်ကယ်၊ ကားအပိုပစ္စည်း၊ တီဗွီ၊ ရေခဲသေတ္တာ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ မြန်မာဘက်သို့ နေ့စဉ်တင်သွင်းလျက်ရှိသည်။

မြန်မာဘက်မှ ထိုင်းဘက်သို့ တင်သွင်းသည့် ကုန်စည်များမှာ ငါး၊ ပုစွန်၊ ကဏန်း၊ ငါးရှဥ့်၊ ချည်ထည်၊ ပြောင်း၊ ပဲတီစိမ်း၊ ငရုပ်ကောင်း၊ ဝဥခြောက်၊ ရော်ဘာနှင့် သစ်တောထွက်ပစ္စည်းများ ဖြစ်သည်။ မြန်မာဘက်မှ ထိုင်းဘက်သို့ သစ်တောထွက် ပရိဘောဂပစ္စည်းများ အများစုတင်ပို့နေသော်လည်း အချောထည်ကုန်ပစ္စည်းများမဟုတ်ဘဲ တဝက်တပျက်ကုန်ချောနှင့် ကုန်ကြမ်းအဆင့်သာ တင်ပို့နိုင်သဖြင့် အချောထည်ပြန်လုပ်ပြီး တဆင့်ပြန်ရောင်းသည့် ထိုင်းကုန်သည်များသာ အကျိုးအမြတ်ပိုမိုရရှိသည်ဟု မြဝတီမြို့မှ သစ်ပရိဘောဂ အလုပ်ရုံပိုင်ရှင်တဦးက ပြောသည်။

0 Comments:

blogger templates | Make Money Online