Saturday, November 8, 2008

မြန်မာနိုင်ငံလည်ပတ်မည့် ဗြိတိသျှနိုင်ငံသားများအတွက် ယူကေနိုင်ငံခြားရေးဌာနမှသတိပေးချက်ထုတ်ပြန်

မြန်မာနိုင်ငံတွင်နေထိုင်သူ (သို့) မြန်မာနိုင်ငံ သွားရောက်လည်ပတ်မည့် ဗြိတိသျှနိုင်ငံသားများအနေဖြင့် ဆန္ဒပြမှုများ၊ လူစုလူ ဝေးများ၊ လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို ဓါတ်ပုံရိုက်ခြင်း၊ ဗွီဒီယိုရိုက်ခြင်း စသည်တို့ကို ရှောင်ကျဉ်ရန် ဗြိတိသျှ နိုင်ငံခြားရေးဌာနက သတိပေးထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများဖြစ်ပေါ်နေကြောင်း၊ ၂၀၀၅ ခု ဧပြီလမှစ၍ စီးပွားရေး၊ သယ်ယူပို့ဆောင်ရေး၊ နိုင်ငံခြားခရီးသွားများလည်ပတ်နိုင်သည့်နေရာများတွင် ဗုန်းပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း သတိပေးချက်တွင် ဖော်ပြသည်။

ထို့အပြင် မြန်မာနိုင်ငံ၌ လွတ်လပ်စွာသွားလာခြင်းနှင့် ပြောဆိုခြင်းတို့ကို တင်းကျပ်စွာ ပိတ်ပင်ထားသဖြင့် ဗြိတိသျှသံရုံးတာဝန်ရှိသူများသည်လည်း မြန်မာအစိုးရ၏ ကြိုတင်ခွင့်ပြုချက်မရှိပဲ ရန်ကုန်မြို့ ပြင်ပရှိ တချို့နေရာ များမှလွဲ၍ လွတ်လပ်စွာသွားလာနိုင်ခြင်းမရှိပေ။ ထို့ကြောင့် အကယ်၍ အရေးပေါ်အခြေအနေဖြစ်လာပါက အကူအညီပေးရာတွင် တားမြစ်ခြင်း (သို့) နှောင့်နှေးခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

ထို့အပြင် ရန်ကုန်မြို့တွင် စီးပွားရေးအခြေအနေဆိုးရွားနေသောကြောင့် ဓါးပြမှု၊ ခိုးမှု၊ ဖောက်ထွင်းမှုများ စသည့် ရာဇ၀တ်မှုများတိုးပွားလာနေကြောင်းနှင့် မိမိ၏ ပိုင်ဆိုင်မှုများကို အထူးဂရုစိုက်ရန်လိုအပ်ကြောင်းလည်း သတိပေးထားသည်။

နိုင်ငံခြားသားများကို ပစ်မှတ်ထား၍ ပြင်းထန်သည့် ရာဇ၀တ်မှုများမကြာခဏ ဖြစ်ပွားခဲ့သဖြင့် ဗြိတိသျှ နိုင်ငံသားများအနေဖြင့် မိမိတို့၏ လုံခြုံရေးကို အထူးဂရုစိုက်ရန်လိုအပ်ကြောင်း ဗြိတိသျှနိုင်ငံခြားရေးဌာနက သတိပေးထုတ်ပြန်ထားသည်။

၂၀၀၆ ခုတွင် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်သည့် ဗြိတိသျှနိုင်ငံသား (၇,၅၀၀) ဦးခန့်ရှိကြောင်း မြန်မာ အစိုးရ တရားဝင်ကိန်းဂဏန်းများက ဖော်ပြသည်။ ၂၀၀၇ ခုအတွင်း ဗြိတိသျှနိုင်ငံသားများအတွက် အကူအညီလိုအပ်ချက်တောင်းခံခြင်းအတွက် ကြုံတွေ့ရသည့် အဓိကပုံစံမှာ ငွေပြတ်လပ်သွားခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် အကြွေးဝယ်ကဒ် (credit card) သို့မဟုတ် ခရီးသွားချက်လက်မှတ် အသုံးပြု၍မရသောကြောင့်ဖြစ်သည်။

0 Comments:

blogger templates | Make Money Online