Tuesday, November 11, 2008

ရောဂါဆန်းကြောင့် မူဆယ်တွင် ကျောင်းသား ၃ ဦး သေဆုံး

ရှမ်းပြည် (မြောက်ပိုင်း) မူဆယ်မြို့တွင် သွေးလွန်တုပ်ကွေးနှင့် ဆင်တူသော ရောဂါမျိုး ဖြစ်ပွားနေရာ ယခုတပတ်အတွင်း အဆိုပါ ရောဂါဖြင့် ကျောင်းသားငယ် ၃ ဦး သေဆုံးခဲ့သည်။

သေဆုံးသွားသူများသည် မူဆယ် အထက ၁ မှ အသက် ၈ နှစ်နှင့် ၁၅ နှစ်အရွယ် ကျောင်းသူလေး ၂ ဦးနှင့် ကျောင်းသားလေးတဦးဖြစ်ကြောင်း မူဆယ်ဆေးရုံ အသိုင်းအ၀ိုင်းနှင့် နီးစပ်သူများက ပြောဆိုကြခြင်း ဖြစ်သည်။

''လွန်ခဲ့တဲ့ ၄ ရက်အတွင်းက မိန်းကလေး နှစ်ယောက်၊ ယောက်ျားလေးတယောက် သေတယ်။ တယောက်က ဟိုမွန်ရပ်ကွက်ထဲက၊ တယောက်က ထမင်းဆိုင်က။ ဘယ်လိုဖြစ်သလဲဆိုတော့ အပြင်းဖျားပြီး နှာခေါင်းကနေ သွေးတွေ လျှံထွက်လာတယ်။ ရောဂါကတော့ စမ်းနေတုန်းပဲ။ ဒီက ကျန်းမာရေးမှူးက သွေးလွန်တုပ်ကွေးလို့တော့ အတိအကျ ပြောလို့ မရသေးဘူးလို့ ပြောတယ်'' ဟု ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

ရောဂါဖြစ်ပွားသူ ဆက်လက် တိုးပွားလာကာ ယမန်နေ့ တရက်ထဲ၌ပင် ၎င်းရောဂါဖြင့် မူဆယ်ဆေးရုံသို့ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူသူ ၃၄ ဦး ရှိသည်။ အသေးစိတ် အချက်အလက်များ မေးမြန်းရန်အတွက် ဆေးရုံသို့ ဆက်သွယ်ရာ ယခုအချိန်အထိ ဆက်သွယ်၍ မရသေးပါ။

မူဆယ်နှင့်ကပ်လျက် တရုတ်နိုင်ငံ ကြယ်ခေါင်တွင် အရောင်းဆိုင်ဖွင့်သူ မြန်မာကုန်သည်တဦးကလည်း ''ဟုတ်တယ်။ တုပ်ကွေးမဟုတ်ဘူး။ သွေးလွန်တုပ်ကွေးတွေ ဖြစ်နေကြတယ်။ ကလေးရော၊ လူကြီးတွေပါ ဖြစ်နေကြတယ်။ သေတာလည်း ရှိတယ်။ မိန်းကလေးတယောက်က မအေးအေးမွန်တဲ့ ၁၅ နှစ်လောက်ရှိပြီ'' ဟု ပြောဆိုသည်။

မူဆယ်မှ တရုတ်ဘက်သို့ လာရောက်ကာ ကျောင်းလာတက်သူများကို ၄၅ ရက် ကျောင်းပိတ်ပေးထားကြောင်း သူက ပြောသည်။

ရောဂါဖြစ်ပွားသူဦးရေ တိုးပွားနေသော်လည်း ယခုအချိန်အထိ မူဆယ်တွင်မူ ကျောင်းပိတ်ပေးခြင်း မရှိသဖြင့် မိဘများအနေဖြင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေကာ ကျောင်းမတက်သူများရှိကြောင်း ကျောင်းသားမိဘတဦးက ပြောသည်။

သူက ''ကျောင်းသားမိဘတွေလည်း စိုးရိမ်နေတာပေါ့နော်။ ကျောင်းက မပိတ်ပေးဘူး။ မိဘတွေဘက်ကတော့ ကျောင်းပိတ်စေချင်တယ်။ ကြောက်လို့ ကျောင်းလာမတက်တဲ့ ကလေးက ၅၀ ကျော်လောက်ရှိတယ်။ ကျောင်းပျက်ကြတာပေါ့နော်'' ဟု ပြောသည်။

မူဆယ်ဆေးရုံတွင် ဆေးဝါးပစ္စည်း အစုံအလင် မရှိသလို၊ ဆေးရုံတက်လျှင် သွေးစစ်ခပင်လျှင် ကျပ်ငွေ တသောင်းအထိ ကုန်ကျသည်ဟု သိရသည်။

ကျောင်သားမိဘက ''သေသွားတဲ့ ကလေးတွေဆိုရင် ရောဂါကလည်း ဘာမှန်းမသိတော့ ဆေးတွေစမ်းပြီး ထိုးတယ်လို့ ပြောတယ်။ ကျန်းမာရေးအတွက် ဘာမှ ပြည့်ပြည့်စုံစုံ မရှိဘူး။ အကုန်ဝယ်ရတယ်။ သွေးစစ်တာ သွေးစစ်ခက တသောင်းပေးရတယ်'' ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းက တရုတ်နိုင်ငံနှင့် နယ်စပ်ချင်း ထိကပ်နေသည့် မုံးကိုးနှင့် လောက်ကိုင်မြို့နယ်များရှိ ကျေးရွာများတွင်လည်း တုပ်ကွေးရောဂါများ ဖြစ်ပွားခဲ့သေးသည်။

0 Comments:

blogger templates | Make Money Online