Wednesday, November 12, 2008

ရွှေဝါရောင်လှုပ်ရှားသူ ၉ ဦး နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခံရ

ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်သဖြင့် ဖမ်းဆီးခံရသူ ဘိုကလေး၊ ပုသိမ်နှင့် မြောင်းမြမြို့သား ၉ ဦးအား အင်းစိန်ထောင်တွင်း တရားရုံးတခုမှ ယမန်နေ့က ထောင်ဒဏ် ၂၄ နှစ် အပါအ၀င် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလ ၁၂ ရက်မှ ၁၉ ရက်အတွင်း ဖမ်းဆီးကာ အင်းစိန်ထောင်တွင် ချုပ်နှောင်ခံခဲ့ရသူ ကိုပြည့်ဖြိုးလှိုင် (ထောင်ဒဏ် ၂၄ နှစ်)၊ ကိုနေလင်းအောင် (ထောင်ဒဏ် ၂၂ နှစ်)၊ ကိုဥာဏ်လင်းထွဋ်၊ ကိုသိန်းဇော်၊ ကိုပြည့်ဖြိုးအောင်၊ ကိုအောင်မျိုးပိုင်နှင့် ကိုဖြိုးမောင်မောင်စိုးအား ထောင်ဒဏ် ၁၀ နှစ်စီ၊ ကိုသီဟသက်တင်နှင့် ကိုသီဟအောင်အောင်တို့အား ထောင်ဒဏ် ၈ နှစ်စီ ပြစ်ဒဏ်ချခဲ့ခြင်း ဖြစ်သည်။

"မိသားစုဝင်တွေကတော့ တွေ့ခွင့်မရဘူး။ အဲဒီထဲက သီဟအောင်အောင်ရဲ့ အဖေ လာစုံစမ်းတယ်လေ။ သူလည်း ဘိုကလေး ပြန်သွားပြီ၊ လာစုံစမ်းပြီးတော့။ အဲဒီမှာ အဲဒီ ပုဒ်မတွေနဲ့ ချလိုက်ရတယ်ဆိုတာ သူ သိလိုက်ရတယ်။ ထောင်အထဲလည်း မ၀င်ရတော့ ထောင်က အရာရှိတဦးနဲ့ပဲ မေးလိုက်ရတာပေါ့။ ဖုန်းဆက်မေးပေးတော့ အဲဒါတွေနဲ့ ချလိုက်ဆိုတာ သိလိုက်ရတယ်" ဟု ပြစ်ဒဏ်ကျခံရသူများနှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

ပြည့်ဖြိုးအောင် (ပုသိမ်) နှင့် အောင်မျိုးပိုင် (မြောင်းမြ) က ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်တွင် ဖမ်းဆီးခံရကာ၊ ဘိုကလေးမြို့သား ဖြိုးမောင်မောင်စိုးနှင့် ကိုပြည့်ဖြိုးလှိုင်က ရန်ကုန် အောင်မင်္ဂလာ အဝေးပြေးဂိတ်နှင့် ကျန် ဘိုကလေးမြို့သား ၅ ဦးမှာမူ သူတို့မြို့၌ပင် ဖမ်းဆီး ခံခဲ့ရသည်။

သူတို့ ၉ ဦးစလုံးအား မတရားသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇/၁ ၊ ပုံနှိပ်အက်ဥပဒေ ပုဒ်မ ၁၇/၂၀ ၊ နိုင်ငံတော် လုံခြုံရေးကို ထိခိုက်ပျက်ပြားစေရန် လှုံ့ဆော်မှု ၅၀၅ (ခ) နှင့် အချို့ကို နယ်စပ်ဖြတ်ကျော်မှု ၁၃/၁ ဖြင့်ပါ ထပ်ပေါင်း စွဲချက်တင်ကာ စီရင်ချက်ချခြင်းဖြစ်သည်။

ပြစ်ဒဏ်အများဆုံး ကျခံရသူ ကိုပြည့်ဖြိုးလှိုင်၏ မိခင် ဒေါ်မွှေးက "ပုဒ်မတွေ ဘာတွေမှန်း မသိတဲ့အခါကျတော့၊ အခုလို ပုံစံမျိုးတွေကျတော့ ဒီအမှုတွေကို များတယ်လို့ ယူဆတာပေါ့နော်။ ရင်ထဲမှာ ခံစားရတာပေါ့နော်။ အခုဟာက ထောင်ချချင်နေသလို ချနေကြတယ်" ဟု ပြောသည်။

အလားတူ တနေ့ထဲ၌ပင် အင်းစိန်ထောင် တရားရုံးက ၈၈ မျိုးဆက် ကျောင်းသားများဖြစ်သည့် ကိုပဏ္ဍိတ်ထွန်း၊ ကိုဂျင်မီ (ခ) ကိုကျော်မင်းယု၊ ကိုမင်းဇေယျ၊ ကိုအံ့ဘွယ်ကျော်၊ ကိုဇေယျ၊ ကိုသက်ဇော်၊ ကိုအေးသန်း (ခ) ကိုသန့်တင်၊ ကိုကျော်ကျော်ထွေး၊ ကိုဇော်ဇော်မင်း၊ မနီလာသိန်း၊ မမာမာဦး၊ မစန္ဒာမင်း၊ မမီးမီး (ခ) မသင်းသင်းအေး၊ မသက်သက်အောင်တို့အား အီလက်ထရောနစ် ဥပဒေပုဒ်မ ၄ ခုနှင့် မတရားအသင်း ထူထောင်သည့် ပြစ်မှုများနှင့် စွဲချက်တင်ကာ ထောင်ဒဏ် ၆၅ နှစ်စီ ပြစ်ဒဏ် စီရင်ခဲ့သည်။

ထို့အပြင် လူ့အခွင့်အရေး လှုပ်ရှားသူ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ် မစုစုနွေးကိုလည်း ထောင်ဒဏ် ၁၂ နှစ်ခွဲ ချမှတ်ခဲ့သေးသည်။

သူ့ကိုမူ ဥပဒေနှင့် ဆန့်ကျင်သည့် လူစုလူဝေးတွင် ပါဝင်မှု ပုဒ်မ ၁၄၃၊ ၁၄၇၊ နိုင်ငံတော် ငြိမ်ဝမ်ပိပြားမှုကို ပျက်ပြားစေရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅(ခ)၊ အစိုးရကို အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄ (က) တို့ဖြင့် တရားစွဲဆိုခဲ့သည်။

၂ဝဝ၇ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် မြရိပ်ညိုဟိုတယ်ရှေ့၌ အစိုးရ ဆန့်ကျင်ရေးစာတမ်း ချိတ်ဆွဲခဲ့သဖြင့် သူ့ကို အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

0 Comments:

blogger templates | Make Money Online