Thursday, November 13, 2008

တန်ဆောင်တိုင် ကထိန်ပွဲ စည်ကားမှု လျော့နည်း

ဗုဒ္ဓဘာသာဝင်မြန်မာများ နှစ်စဉ်ကျင်းပလေ့ရှိသည့် တန်ဆောင်မုန်းလပြည့်နေ့ အခါသမယ ဖြစ်သည့် ယမန်နေ့က ကထိန်ခင်းပွဲသည် ရန်ကုန်တိုင်း မြို့နယ်များ၌ စည်ကားမှု မရှိဘဲ ဖြစ်ခဲ့သည်။

ယမန်နေ့က ကျရောက်သည့် တန်ဆောင်မုန်းလပြည်နေ့၌ ဘုရားများသို့ လာရောက်ဖူးမျှော်သူများနှင့် ဘုံကထိန်ပွဲများမှာ ယခင်နှစ်ကထက် လျော့နည်းသွားကြောင်း ရန်ကုန်ဒေသခံများက ပြောဆိုကြခြင်း ဖြစ်သည်။


"ကထိန်တွေကတော့ လှည့်တာပေါ့နော်။ ဒါပေမဲ့ လပြည့်နေ့ဆိုတာတော့ နေ့ခင်းဘက်ပဲ ဖြစ်လိုက်တာကိုး။ ဘုရားပေါ်မှာ လူမရှိသလောက်ဘဲ။ သီတင်းကျွတ်လပြည့်က လူရှိသေးတယ်။ တန်ဆောင်မုန်း လပြည့်ကတော့ ၄ ပုံ ၁ ပုံတောင် မရှိဘူး" ဟု ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

ယခင်နှစ်များတွင် စမ်းချောင်းမြို့နယ်တွင် တန်ဆောင်မုန်းလပြည့်နေ့ မတိုင်ခင် ဗုဒ္ဓဘာသာဝင်များက ဘုံကထိန်ပွဲများကို ရပ်ကွက်အလိုက် စုပေါင်း ကျင်းပခဲ့ကြသော်လည်း ယခုနှစ်တွင် နည်းပါးသွားပုံကို သူက ယခုလို ဆက်ပြောသည်။

"လူတိုင်းလူတိုင်းတော့ ဘုံကထိန် မခင်းနိုင်ကြဘူး။ ဒီကြားထဲမှာ သူ့ဘာသာ သူခင်းတာတို့၊ ခင်းတဲ့ ကထိန်တွေမှာလည်း အများစုက ကျနော်တို့အနားတ၀ိုက်မှာ အုပ်စု ၄ စု ဖွဲ့လိုက်တဲ့အတွက် ကျပ်ငွေ သိန်း ၇၀ နီးပါး ရတယ်။ ကျန်တဲ့နေရာတွေမှာဆို ကျပ်ငွေ ၃ သိန်းတို့၊ ၄ သိန်းတို့၊ တချို့တွေဆို ကျပ်ငွေ ၈ သောင်း ၉ သောင်းနဲ့ ကထိန်ဖြစ်သွားပြီးတော့ ဘုန်းကြီးကျောင်းတွေကို သွားပို့လိုက်ကြရတယ်" ဟု သူက ပြောသည်။

တောင်ဒဂုံမြို့နယ် ဒေသခံတဦးကလည်း ''ခါတိုင်းနှစ်တွေတော့ စည်ပါတယ်။ အခု လူတွေက စီးပွားရေးအရ မြို့နယ် ရပ်ကွက် အဖွဲ့လေးတွေက ကထိန်လေးတွေကို မနည်းဖြစ်အောင် လုပ်နေရတယ်'' ဟု ပြောသည်။

သူက ဆက်ပြီး "ခါတိုင်းနှစ်တွေတော့ စည်ပါတယ်။ အခု လူတွေက စီးပွားရေးအရ ကျပ်တည်းကုန်ပြီလေ။ လူတွေလက်ထဲမှာ ပိုက်ဆံမရှိဘူး။ အခုဆို ရပ်ကွက်လေးတွေ၊ အဖွဲ့လေးတွေက ကထိန်ခင်းတယ် ဆိုတောင်မှ သူတို့ မယက (မြို့နယ် အေးချမ်းသာယာရေးကောင်စီ) ကနေပြီး ရယက (ရပ်ကွက်) ကို ရပ်ကွက်အပိုင်း မဖြစ်မနေ ကထိန်ခင်းခိုင်းရတဲ့ သဘောနဲ့ လုပ်နေတာ။ အဲဒီ ကထိန်လေးတွေ ဖြစ်လာတာ" ဟု ပြောသည်။

ယနေ့ထုတ် အစိုးရအာဘော် မြန်မာ့အလင်းသတင်းစာတွင် ရန်ကုန်တိုင်း မြို့နယ်အသီးသီးနှင့် ရပ်ကွက်များ၌ စုပေါင်း မဟာဗုံကထိန် အလှူမင်္ဂလာပြုခြင်းနှင့် ကထိန်ခင်းကျင်း လှူဒါန်းမည့် ကထိန်သင်္ဃန်းနှင့် အရန်ပစ္စည်း ပဒေသာပင်များကို မြန်မာ့ရိုးရာယဉ်ကျေးမှု အတီးအမှုတ် အကအခုန်များဖြင့် လှည့်လည်ကြရာ ကုသိုလ်သံများ ဝေစည်လျက် အေးချမ်းပျော်ရွှင်စွာ ကျင်းပကြကြောင်း တွေ့ရှိရသည်ဟု ရေးသားထားသည်။

ယခုလ ၁၁ ရက်နေ့က ရွှေတိဂုံဘုရားပေါ်တွင် ကျင်းပသည့် တန်ဆောင်တိုင် မသိုးသင်္ကန်း ရက်လုပ်ပြိုင်ပွဲမှာမူ စည်ကားသည်ဟု ဒေသခံများက ပြောသည်။ မသိုးသင်္ကန်းဆိုသည်မှာ ရက်လုပ်မှုပြီးသည်နှင့် ရဟန်း သံဃာတော်များကို ကပ်လှူပူဇော်မှု ပြုခြင်းကို ခေါ်ဆိုသည်။

မကြာသေးခင်က ကျရောက်ခဲ့သည့် ရန်ကုန်မြို့တွင်း ၀ါတွင်းကာလ ဆွမ်းသိမ်းအောင်ပွဲနှင့် ကထိန်ဆွမ်းလောင်းပွဲများ၏ အထူးတရားပွဲများတွင် ရဲ၊ ထောက်လှမ်းရေးများ၊ ကြံ့ခိုင်ရေးများနှင့် စောင့်ကြည့်မှုများ ပိုမိုပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့်နှစ် ၂၀၀၇ ခုနှစ် စက်တင်ဘာလ သံဃလှုပ်ရှားမှု နောက်ပိုင်းတွင် ဓမ္မကထိက ဆရာတော်အချို့က အာဏာပိုင်များ၏ လုပ်ရပ်များကို တရားပွဲများတွင် ထောက်ပြဝေဖန်မှုများ ပြုလုပ်သော်လည်း ပြီးခဲ့သည့်လ သီတင်းကျွတ်ပွဲတော်အပြီးမှ စတင်ကာ တရားပွဲများတွင် နိုင်ငံရေးနှင့် သက်ဆိုင်သည်များကို ဟောကြားခြင်း မပြုရန် အာဏာပိုင်များက ၀န်ခံလက်မှတ်များ ရေးထိုးခိုင်းခဲ့သေးသည်။

0 Comments:

blogger templates | Make Money Online