Thursday, November 6, 2008

ဘင်္ဂလာဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့ မြန်မာအရာရှိများနှင့် ဆွေးနွေးမည်

အငြင်းပွါးနေသော ဘင်္ဂလား ပင်လယ်အော်အတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေမှုများ ဆက်လက် ပြုလုပ်နေသည့် ကိစ္စအတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အတွင်းဝန်သည် အဆင့်တူ မြန်မာနိုင်ငံခြားရေးဌာန အရာရှိကြီးနှင့် မြန်မာနိုင်ငံတွင် ကြာသပတေးနေ့၌ တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။

အစည်းအဝေး၌ အဖွဲ့ဝင် ၃ ဦးပါ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာန အတွင်းဝန် Touhid Hossain က ဦးဆောင်တက်ရောက်မည် ဖြစ်ကာ၊ အခြား အဆင့်မြင့်အရာရှိကြီး ၂ ဦးမှာ ရေကြောင်း နယ်နိမိတ်ကျွမ်းကျင်သူ အငြိမ်းစား ရေတပ်ဗိုလ်မှူးချုပ် အမ်ခါးရှတ်အာလမ် - M. Khurshed Alam နှင့် နောက်တဦးမှာ ရေတပ်ဗိုလ်မှူးချုပ် Md Habibur Rahman Bhuiyan တက်ရောက်မည်ဟု သိရခြင်း ဖြစ်သည်။

“နိုင်ငံခြားရေးဌာန အတွင်းဝန်ဟာ အခု မြန်မာနိုင်ငံမှာ ရောက်နေပါတယ်။ ရေပြင်ပိုင်နက် နယ်နိမိတ် ခွဲခြား သတ်မှတ်ရေးကိစ္စမှာ အငြင်းပွားနေတာတွေကို မြန်မာအရာရှိတွေနဲ့ ဆွေးနွေးဖြေရှင်းဘို့ သွားရောက်တာပါ” ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတဦးက မဇ္ဈိမကို ပြောသည်။

ဤအတောအတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာနအတွင်းဝန် ဒေါက်တာ အစ်တက်ကာ အာမက် ချောင်ဒရီ သည် တရုတ်သံအမတ်ကြီး ကျင်းချင်းတင့် - Zheng Qingdian နှင့် ဗုဒ္ဓဟူးနေ့က တွေ့ဆုံကာ လက်ရှိ ဖြစ်ပေါ်နေသော ဘင်္ဂလားပင်လယ်အော်အတွင်း ရေနံနှင့် သဘာဝ"ာတ်ငွေ့ ရှာဖွေနေသည့် အငြင်းပွားဘွယ် သပွတ်အူ ပြဿနာကို ဆွေးနွေးခဲ့ကြသည်။

“ကျနော်တို့က ကျနော်တို့ရဲ့ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်ကို တရုတ်သံအမတ်ကြီးကို ရှင်းပြခဲ့ပါတယ်။ မြန်မာနိုင်ငံက အငြင်းပွားနေတဲ့ ရေပြင်ပေါ်မှာ တည်ဆောက်ထားတဲ့ အရာတွေကို ဖျက်ဆီးပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့ပါတယ်” ဟု အိမ်စောင့်အစိုးရ၏ နိုင်ငံခြားရေးဌာန အကြံပေးပုဂ္ဂိုလ်က ပြောသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၌ တရုတ်သံအမတ်ကြီးက ယနေ့ လာရောက်တွေ့ဆုံအပြီး မေးခွန်းတခုကို တုံ့ပြန်ဖြေကြားသည့်အနေနှင့် သတင်းထုတ်ပြန်ချက်တရပ်ကို သူက ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံက လွန်ခဲ့သော ရက်သတ္တပတ်က အငြင်းပွားနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ စိန့်မာတင်ကျွန်းမှ ရေမိုင် ၆ဝ ခန့်အကွာ ကမ်းလွန်ပင်လယ် လုပ်ကွက်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေး လုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဖေသန်းဦးကို နိုင်ငံခြားရေးဌာနသို့ ယခုအပတ်အတွင်း ၂ ကြိမ် ဆင့်ခေါ်ခဲ့ပြီး၊ ဤကိစ္စနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရပ်တည်ချက် သဘောထားကို ဖော်ပြထားသည့် စာတစောင်ကို ပေးအပ် အသိပေး ပြောကြားခဲ့သည်။

0 Comments:

blogger templates | Make Money Online