ဗမာပြည်နဲ့ဘင်္ဂလားဒက်ရှ်တို့အကြား ဘာများဖြစ်ကြအုန်းမှာလဲဆိုတာ ပူပင်စိတ်စောစရာဖြစ်နေပြီ။
ဘယ်အခြေ၊ ဘယ်အဆင့်အထိ ရောက်မလဲဆိုတာကို အိမ်နီးနားချင်းများရော၊ တခြားအာရှနိုင်ငံတွေကပါ အထူးစိတ်ဝင်စား နေကြပါတယ်။ တည့်တည့်ပြောရရင် စစ်များဖြစ်လာမလားဆိုတဲ့အထိ တွေးပူကြတာပါ။
လောလောဆယ်မှာ နှစ်နိုင်ငံအကြား သံခင်းတမန်ခင်းစစ်ပွဲကတော့ စနေပါပြီ။ နောက်တဆင့်ဟာ ဘာဖြစ်မလဲ။ ဒီခေတ်ဟာ ဘိုးတော်ဘုရားခေတ်ကလို အား-အားရှိ အိမ်နီးနားချင်းတွေကို စစ်သွားတိုက်တဲ့ခေတ် မဟုတ်တော့ပါဘူး။ ဒါပေမဲ့ နအဖ စစ်အစိုးရဟာ အရှေ့ဖက်ကိုစစ်ပြုလိုက်၊ အနောက်ဖက်ကိုစစ်ပြုလိုက်လုပ်နေပါတယ်။ သမိုင်းမှာအငြင်းပွားမှု မရှိဖူးတဲ့နေရာ တွေမှာကိုပဲ အငြင်းပွားစရာတွေ ပေါ်ထွက်လာနေတာဟာ နအဖရဲ့အစွမ်းသတ္တိလေပဲလား။
ဒီထူးထူးခြားခြား တင်းမာမှုတွေဟာ ဗိုလ်မောင်အေးဘင်္ဂလားဒက်ရှ်က ပြန်လာပြီးနောက် တလအတွင်းဖြစ်ပေါ်တယ်ဆိုတာကို မမေ့သင့်ပါ။ တိုက်ဆိုင်တာလား၊ ဆက်စပ်နေတာလား။
ကမ္ဘာမှာ နိုင်ငံတကာဆက်ဆံရေးသဘောအရ အကျဉ်းအကျပ်ထဲက ရုန်းမထွက်နိုင်သေးတဲ့နအဖ၊ တိုင်းပြည်ကို စီးပွားရေးအရ လူမွဲစာရင်းကလွတ်အောင်ဆွဲမထွက်နိုင်သေးတဲ့ နအဖ၊ နိုင်ငံတကာ့နယ်ပယ်မှာ အမြဲတမ်းလိုလိုခံစစ်ကနေ ရင်ဆိုင်နေရတဲ့နအဖ၊ ပြည်တွင်းနိုင်ငံရေးမှာလည်း တည်ငြိမ်တယ်လို့ဘယ်လိုမှမပြောနိုင်တဲ့နအဖ၊ ဘာအကြံ၊ ဘာအားကိုးတွေနဲ့ အခုလိုဘင်္ဂလားကို နားရွက်တံတွေးဆွတ်တာလဲဆိုတာ စိတ်ဝင်စားစရာကောင်းလှပါတယ်။
တခုက အခုအချိန်မှာ နအဖဗိုလ်ချုပ်တွေ လောဘဇောတိုက်နေပါတယ်။ တဦးချင်းအနေနဲ့ရော၊ အစိုးရတရပ်လုံး၊ စစ်အုပ်စု တခုလုံးအနေနဲ့ပါ ရသခိုက်ယူထားမှဆိုတာကို အပြည့်အဝအကောင်အထည်ဖော်နေကြချိန်ဖြစ်ပါတယ်။ ဗိုလ်သန်းရွှေအပါအ၀င် နအဖ ထိပ်သီးတွေရဲ့အသက်ဟာ သင်္ချိုင်းတံခါးပေါက်ရောက်နေပါပြီ။ သူတို့သေသွားရင် သူတို့သားသမီးတွေကို ဗိုလ်နေဝင်းရဲ့ သားသမီးတွေလို မဖြစ်ဖို့ဆိုတာဟာ သူတို့အဖို့ အခုအခါမှာ အရေးတကြီးစဉ်းစားရမယ့်ကိစ္စဖြစ်ပါတယ်။ ဒါကြောင့်သူတို့သက်ရှိ ထင်ရှားရှိသခိုက် ဒင်းတို့ကလေးတွေအတွက် ရှာဖွေပေးထားခဲ့မှဆိုတဲ့ အတွေးမျိုးဟာ သူတို့ခေါင်းတွေထဲမှာ အမြဲလွှမ်းမိုးနေ တာပါ။
မမေ့ကြဖို့က ကမ်းလွန်ဓာတ်ငွေ့တွေကရတဲ့ နအဖရဲ့ဝင်ငွေဟာ သူတို့ရဲ့နိုင်ငံခြားကဝင်ငွေအားလုံးထဲမှာ အများဆုံးဖြစ် တယ်လို့ လူတော်တော်များများက ပြောနေကြတာဖြစ်ပါတယ်။ နောက်ပြီး ဒီကဝင်ငွေတွေကို ပြည်တွင်းဘတ်ဂျက်အစီရင်ခံစာ တွေမှာ တရားဝင်ပေါက်ဈေးနဲ့ တဒေါ်လာကို (၆) ကျပ်နှုန်းလောက်တွက်ပြီး စာရင်းပြ၊ စာရင်းဖျောက်နေတာဟာ သူတို့အတွက် အင်မတန်မှ အကျိုးရှိနေတယ်ဆိုတာကိုလည်း မှတ်သားသင့်ပါတယ်။ ဗမာပြည်မှာ ကမ်းလွန်ပိုင်းနဲ့ ပတ်သက်တဲ့လုပ်ငန်းမှန် သမျှကို အစဉ်အလာအရ စစ်အုပ်စုထိပ်သီးတွေသာ ကျိတ်လုပ်ကျိတ်စားခဲ့ကြပါတယ်။ ရှလမ်ဘာဂျာကုမ္ပဏီနဲ့ ဗိုလ်နေဝင်းတို့ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ဆက်ဆံမှုတွေအကြောင်း ပြန်စဉ်းစားလိုက်ရင် အဖြေက ရှင်းနေတာပါ။ ပြောရရင် ကမ်းလွန်ပင်လယ်ထဲ က ဓနတွေဟာ စစ်အစိုးရထဲမှာတောင် ဂျူနီယာတွေအနားမသီနိုင်တဲ့ စီနီယာတွေရဲ့ စားကွက်သက်သက်ဖြစ်ပါတယ်။
အခုကိစ္စဟာ ဒီရေပြင်နယ်နိမိတ်ထဲမှာ ဗမာပြည်ကဗိုလ်ချုပ်တွေနဲ့ စာချုပ်ချုပ်ထားတဲ့ တောင်ကိုရီးယား ဒေဝူးကုမ္ပဏီက သင်္ဘော တွေကြောင့်ပြဿနာဖြစ်တာဆိုတော့ နအဖဟာ တောင်ကိုရီးယားအားကိုးနဲ့ ဘင်္ဂလားဒက်ရှ်ကို အနိုင်ကျင့်ချင်တာလား၊ ဒါမှမဟုတ် ဒေဝူးကိုအငှားဗိုက်နဲ့ဓားထိုးခံခိုင်းပြီး သူ့အကြံအစည်အကောင်အထည်ဖော်တာလား၊ ဒီလိုအငြင်းပွားဖွယ်ဒေသထဲကို ကိုရီးယားသင်္ဘောတွေကကော ဘာဖြစ်လို့ဝင်ရတာလဲ။ ဖြစ်ပေါ်လာနိုင်တဲ့ပြဿနာတွေကို သူတို့မစဉ်းစားမိဖူးလား။ ဘာဖြစ်လို့ ဗိုလ်မောင်အေးပြန်သွားပြီးမှ ကောက်ကာငင်ကာပေါ်လာရတာလဲ၊ စဉ်းစားစရာတွေအများကြီးရှိနေပါတယ်။ တတိယနိုင်ငံတခု ပါနေတဲ့အတွက် ပြဿနာဟာပိုရှုပ်စရာတောင်ရှိပါတယ်။
နောက်ပြောရမယ့်အချက်တခုက နအဖစစ်အုပ်စုမှာ ဗိုလ်နေဝင်းစစ်အုပ်စုဆီကနေ အမွေဆက်ခံထားတဲ့ ကျဉ်းမြောင်းတဲ့ လူမျိုးရေးစိတ်ဓာတ်ပြင်းပြင်းထန်ထန် ရှိပါတယ်။ ပြည်တွင်းက တိုင်းရင်းသားတွေကိုသာမက အိမ်နီးနားချင်းအားလုံးကို အထင်သေး၊ အာဃာတရှိပါတယ်။ ကုလား-တရုတ် အားလုံးကိုမုန်းပါတယ်။ ယိုးဒယားနဲ့အာသံကို ငယ်နိုင်ဆိုတဲ့ မဟုတ်မမှန် တဲ့ဇာတိမာန်မျိုးတွေနဲ့ ကိုယ့်ကိုယ်ကိုရော၊ ကိုယ့်တပ်ကိုပါ အစဉ်ဗူးသွင်းပြီးအားပေးနေတာပါ။
(၂ဝ) ရာစုနဲ့ (၂၁) ရာစု အကူး ကာလဆီတုန်းက နအဖ စစ်ဗိုလ်တွေ ထိုင်းဆန့်ကျင်ရေးနဲ့ “မျိုးချစ်စိတ်”ဖော်ပြခဲ့ကြတာကို ထိုင်းနဲ့ဗမာနိုင်ငံသားတွေ ဘယ်သူ မှမမေ့ပါဘူး။ နောက်မှာ တာ့ဆင်တို့က နအဖစစ်အစိုးရကို ပေးလိုက်စွန့်လိုက်တော့ နအဖစစ်ဗိုလ်ချုပ်တွေအာစေးဆို့ထားသလို ထိုင်းအကြောင်းဆိုရင်ဘာမှ မကောင်းမပြောဘူးဖြစ်သွားတယ်ဆိုတာလဲ အားလုံးမှတ်မိကြမယ်ထင်ပါတယ်။ ဘာပဲပြောပြော အခုတော့အရှေ့တောင်အာရှမှာ လူတကာကို ခေါင်းကိုက်စေတဲ့နအဖအစိုးရဟာ ဆူးလှည်းကြီးလိုပဲတောင်အာရှထဲမှာပါ ပြဿနာတွေဖော်လိုက်လို့ ဒီဒေသနှစ်ခုရဲ့ ငပွကြီးဖြစ်မှန်းမသိဖြစ်နေပါပြီ။ ဒါကြောင့်လည်း အားလုံးရဲ့မျက်လုံးထဲမှာ ညစ်ကျယ်ကျယ်စစ်ဗိုလ်ချုပ်တွေလို့ပဲ မြင်နေကြပါတယ်။
သူတို့နာမည်ပျက်တာ ကိစ္စမရှိပါ။ တိုင်းပြည်အတွက် မကောင်းတဲ့အကျိုးဆက်တွေပေါ်လာမှာအတွက်ပဲ စိတ်ပူစရာဖြစ်ပါတယ်။ သံဃာကိုတောင်သတ်တဲ့၊ ကပ်ဘေးအကူအညီကို ခိုးစားလူတွေမို့ သန်းခေါင့်ထက်ညဥ့်မနက်ဘူးလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ တိုင်းပြည်နဲ့အမျိုးသားရဲ့ ဂုဏ်သိက္ခာ၊ သမိုင်းရန်ကြွေးစတဲ့ မလိုလားအပ်တဲ့ နောက်ဆက်တွဲဆိုးတွေ ပေါ်ပေါက်နိုင်ပါတယ်။
နောက်အကြံအစည်တခုက နအဖအနေနဲ့လူထုရဲ့အာရုံကိုလွှဲဖို့ပြင်နေတာလည်း ဖြစ်နိုင်ပါတယ်။ ပြည်တွင်းမှာစစ်အစိုးရက ရက်ရက်စက်စက်ဖမ်းဆီးနေတာ၊ ပြစ်ဒဏ်ချမှတ်နေတာတွေကိုထောက်ရှုရင် သူတို့ဟာဖိနှိပ်မှုကြီးတခုခု၊ ဒါမှမဟုတ်ပေါက်ဖွားလာ နိုင်ဖွယ်ရာရှိတဲ့ လူထုအုံကြွမှုကြီးတခုအတွက် ကြိုတင်ပြင်ဆင်နေတာလားဆိုတာ စဉ်းစားစရာပါပဲ။
ဒီနယ်စပ်ပြဿနာဟာ နအဖက တမင်ဖော်ထုတ်လိုက်တာများလားလို့ တွက်ဆစရာတွေရှိနေတဲ့အလျောက် ဒီနေ့ကာလဟာ ဘာကာလလဲဆိုတာ နအဖစစ်ဗိုလ်တွေသတိထားမိရဲ့လား မေးစရာဖြစ်လာပါတယ်။
ကမ္ဘာမှာဘဏ္ဍာရေးကပ်ကြီး အရှိန်စယူနေ လို့ အိမ်ဖြူတော်ဆီကတောင်မှ အီရတ်ကထွက်မယ့်စကားသံတွေ ကြားနေရတဲ့အချိန်၊ ဥရောပမှာ ဂျော်ဂျီယာကိစ္စ စစ်နဲ့ဖြေရှင်း ထားတာက ပူပူနွေးနွေးပဲရှိနေသေးတဲ့အချိန်၊ နိုင်ငံတိုင်းကိုယ့်ခြံစည်းရိုးကိုယ်လုံအောင်ကာပြီး အင်အားတောင့်တင်းအောင် လုပ်နေကြချိန်မှာ နအဖဟာ အင်အားဖြုန်းတီးတာသက်သက်ဖြစ်မယ့် နယ်စပ်အရေးအခင်းတရပ်နဲ့ မီးကစားဖို့လုပ်နေပါတယ်။
ကမ္ဘာ့နိုင်ငံ အသီးသီးက ဒီစစ်အစိုးရကလည်း သခွတ်ပင်ကမီးတကျီကျီ လုပ်တယ်ပြောလာမှာကို သူတို့ဂရုမစိုက်လေသလား။ သေချာနေတာက နအဖစစ်အစိုးရဟာ သူတို့ကိုယ်ကျိုးအတွက် တိုင်းပြည်ကို စစ်ပွဲနှုတ်ခမ်း ဆွဲယူသွားတယ်ဆိုတာပါပဲ။ ဒီလိုအနေအထား မှာ ပြည်သူလူထုကတော့ ဘာတွေပဲဖြစ်လာလာ ကိုယ့်အရေးတော်ပုံ အောင်မြင်ရေးအတွက် အခြေအနေကို အကောင်းဆုံးအသုံးချနိုင် အောင်စဉ်းစားဖန်တီးသွားရမှာပါပဲ။ ‘နအဖအခက် တို့အချက်’ ဆိုတာ အင်မတန်မြင်လွယ်တဲ့ လောဂျစ် ပါ။
Saturday, November 8, 2008
နအဖရဲ့ ငပွကြီးနိုင်ငံခြားရေးဝါဒနဲ့ ဘင်္ဂလားဒက်ရှ်ပြဿနာ
Posted by Sanghaalliance at 10:47 PM
Subscribe to:
Post Comments (Atom)
0 Comments:
Post a Comment