Thursday, November 13, 2008

ကရင်ပြည်နယ်မှ သစ်များကို ဦးတေဇ ကုမ္ပဏီက ထုတ်လုပ်မည်

ထင်ရှားသည့် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင် ထူး ကုမ္ပဏီက ကရင်ပြည်နယ်တွင်းရှိ ကရင်အမျိုးသား အစည်းအရုံး(KNU) ထိန်းချူပ်ရာ နယ်မြေတွင် မကြာသေးခင်က သစ်ထုတ်လုပ်ငန်း စတင်လုပ်ကိုင်နေ ကြောင်း သိရသည်။

အဆိုပါ သစ်လုပ်ငန်းနယ်မြေသည် KNU တပ်မဟာ(၆) ထိန်းချုပ်ထားသည့် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံး ဆူ နယ်မြေမှ ၅ မိုင်ကျော် ကော့ကရိတ်ခရိုင်ရှိ မယ့်ကသာ သစ်တောအတွင်းတွင်ဖြစ်ပြီး KNU ကို အခွန် ပေး ဆောင်၍ သစ်ထုတ်လုပ်ငန်း လုပ်ကိုင်နေခြင်းဖြစ်ကြောင်း ယင်းသစ်ထုတ်လုပ်ငန်းအတွက်၂ ဘက် အကျိုးဆောင် ပေးနေသော ဘုရားသုံးဆူရှိ ကိုယ်စားလှယ် တဦးက ပြောသည်။

ထူးကုမ္ပဏီသည် ၎င်းနယ်မြေတွင် သစ်တန်ချိန် ၁၀၀၀ ခန့် ကိုခုတ်လှဲခဲ့ပြီးဖြစ်သည်ဟုလည်း ၎င်းက ဆို သည်။

KNU သစ်တောထိန်းသိမ်းရေးဌာန၏ အချက်အလက်အရ ၎င်းနယ်မြေရှိ ကျွန်းသစ်နှင့် သစ်မာများ ထွက်ရှိရာ ဧက ၅၀၀၀၀ ၀န်းကျင်ရှိ မယ့်ကသာနှင့် ဧက ၂၀၀၀၀ ခန့်ရှိ ကျွန်းချောင်း သစ်တောနှစ်ခုသည် KNU အဓိက ထိန်းချုပ်ထားသော သစ်တောများဖြစ်သည်ဟုလည်း သိရသည်။

ဘုရားသုံးဆူမြို့တွင်း၌ ထူးကုမ္ပဏီက သစ်လုပ်ငန်းလုပ်ကိုင်ရန် တည်ဆောက်ထားသော သစ်စက်နှင့် သစ်တင်သည့်ကား အစီး၂၀ကျော်ကို မြင်တွေ့ရကြောင်း ဘုရားသုံးဆူမြို့ခံတဦးက ပြောသည်။

အထက်ပါ သစ်ထုတ်လုပ်ငန်း အကျိုးဆောင်ကိုယ်စားလှယ်က ထုတ်လုပ်သည့်သစ်များ ပြည်တွင်း ပြည်ပသို့ သယ်ယူပို့ဆောင် နိုင်ရန် ဘုရားသုံးဆူမြို နှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့သို့ သွားလမ်းကို အထူး ပြင်ဆင်နေကြောင်းလည်း ပြောသည်။

KNU တပ်မဟာ(၆)အတွင်း သစ်ထုတ်လုပ်ခွင့်ပေးထားသည်ဆိုသည့်သတင်းကို ဧရာဝတီ က ယင်း တပ်မဟာ(၆)မှဗိုလ်ကြီး ထက်နေကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်ရာတွင် ၎င်းက ထူး ကုမ္ပဏီမှ ယခင်တုန်းက သစ်ထုတ်လုပ်ရန် ခွင့်တောင်းခဲ့ဖူးကြောင်း သို့သော် KNU က ခွင့်မပြုခဲ့ကြောင်း၊ ယခုလည်း ခွင့်မပြုကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

KNU သည် ယခင်တုန်းကလည်း ထိုင်းနိုင်ငံအခြေစိုက် Sia Hook Firm ကုမ္ပဏီကဲ့သို့သော သစ်ကုမ္ပဏီများ ကို သစ်ထုတ်လုပ်ခွင့် သဘောတူစာချူပ် ချုပ်ဆိုခဲ့သည်။ ၎င်း သစ်ထုတ်လုပ်ငန်းမှရရှိသည့် ဝင်ငွေကို မြန်မာ စစ်အစိုးနှင့် တိုက်ခိုက်သည့် စစ်ပွဲများအတွက် လက်နက်ဝယ်ယူခြင်းဖြစ်သည်ဟု လည်း သတင်းများတွင် ရေးသား ဖော်ပြထားသည်။

တချိန်တည်းတွင်ပင် အဆိုပါ KNU တပ်မဟာ (၆) ဒေသကို ယခုပွင့်လင်းရာသီတွင် စစ်အစိုးရနှင့် တိုးတက် သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့(DKBA) တို့က ထိုးစစ်ဆင်ရန်ပြင်ဆင်နေကြောင်း မွန်ပြည်သစ် ပါတီ အဖွဲ့ဝင် တဦးက ပြောဆိုသည်။

ယင်းထိုးစစ်ကြောင့် KNU ထိန်းချုပ်ထားသော သစ်တောများနှင့် သစ်ထုတ်လုပ်ရေးလုပ်ငန်းများ လက်လွတ် ဆုံးရှုံးနိုင်သည့်အတွက် KNU သည် လောလောဆယ် ၀င်ငွေရရှိရန် ဦးတေဇ၏ ထူးကုမ္ပဏီနှင့် ကန်ထရိုက် စာချုပ် ချုပ်ဆိုပြီး သစ်ထုတ်လုပ်ခွင့်ပေးခြင်းဖြစ်မည်ဟုလည်း ၎င်း က သုံးသပ်ပြောဆိုသည်။

0 Comments:

blogger templates | Make Money Online