Thursday, November 6, 2008

မြန်မာပြည်ကို ပုပ်ရဟန်းမင်းကြီး လည်ပတ်လိုသည့် ဆန္ဒရှိ

အာရှခရီးစဉ် ထွက်ဖြစ်လျှင် စစ်အစိုးရ အုပ်ချုပ်နေသော မြန်မာနိုင်ငံသို့လည်း လည်ပတ်မည်ဟု ပုပ်ရဟန်းမင်းကြီး ဘင်နီဒစ် (၁၆) - Pope Benedict XVI က မြန်မာနိုင်ငံ ခရစ်ယာန်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ချားလ်စ်မောင်ဘို - Archbishop Charles Maung Bo ကို ပြောကြားသည်။

ပုပ်ရဟန်းမင်းကြီး မြန်မာနိုင်ငံသို့ သွားရောက်ဖွယ် ရှိသည့်အကြောင်း မြန်မာဂိုဏ်းချုပ်ကြီးက ပြီးခဲ့သည့်လ ၂၃ ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီးကို ဝင်ရောက် ဖူးမျှော်အပြီး ယခုသတင်း ပေါ်ထွက်လာခဲ့သည်ဟု ကက်သလစ် အာရှသတင်း ယူနီယံ - The Union Catholic Asia – UCA News က ပြောဆိုခြင်း ဖြစ်သည်။

“သာသနာရေး အစည်းအဝေးပွဲကြီး ကျင်းပနေစဉ်အတွင်း ပုပ်ရဟန်းမင်းကြီးက သူ့ကို ကျနော်က မြန်မာနိုင်ငံကို လာရောက်လည်ပတ်ဘို့ ဖိတ်ကြားဖူးတယ်ဆိုတာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်” ဟု ခရစ်ယာန် ဂိုဏ်းချုပ်ဘုန်းတော်ကြီး ချားလ်စ်မောင်ဘိုက UCA News ကို ပြောသည်။

“အာရှခရီးစဉ်မှာ ဝင်ရောက် လည်ပတ်မယ့် နိုင်ငံတွေကို ရွေးချယ်တဲ့အခါ မြန်မာနိုင်ငံကို ခဏတာ ဝင်ရောက်လည်ပတ်ဘို့ ရဟန်းမင်းကြီး အဆင်သင့် ရှိနေပါတယ်”

သို့သော် ဗာတီကန်နန်းတော် သတင်းထုတ်ပြန်ရေးဌာနကမူ သူတို့အနေဖြင့် ပုပ်ရဟန်းမင်းကြီး လောလောဆယ် အာရှခရီးစဉ် ထွက်ခွာမည့်အကြောင်းနှင့် ပတ်သက်၍ ဘာမှမသိရသေးကြောင်း ပြောသည်။

“မကြာခင် ကာလမှာ ပုပ်ရဟန်းမင်းကြီး အာရှခရီးစဉ် ထွက်ခွာမယ့်အကြောင်း ကျနော်တို့ ဘာမှမသိရသေးပါဘူး” ဟု ဗာတီကန်နန်းတော် ပြန်ကြားရေးဌာန အရာရှိတဦးက မဇ္ဈိမကို အင်္ဂါနေ့က ပြောသည်။

မြန်မာခရစ်ယာန် ဂိုဏ်းချုပ်ကြီး ချားလ်စ်မောင်ဘိုသည် ၅ နှစ်တကြိမ် ပုပ်ရဟန်းမင်းကြီးနှင့် ဗာတီကန် ဘုန်းတော်ကြီးများနှင့် တွေ့ဆုံကာ မြန်မာအသင်းတော်နှင့် မြန်မာနိုင်ငံအကြောင်းများကို ရှင်းလင်းတင်ပြရသည့် ပြီးခဲ့သောလက ပုပ်ရဟန်းမင်းကြီးနှင့် သီးသန့်တွေ့ဆုံ တင်ပြ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

၂ဝဝ၅ ခုနှစ် ဧပြီလတွင် ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီးကတည်းက ရဟန်းမင်းကြီး ဘင်နီဒစ်သည် နိုင်ငံပေါင်း ၁ဝ နိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီး ဖြစ်သည်။ ထို ၁ဝ နိုင်ငံတွင် ဥရောပ ၆ နိုင်ငံနှင့် တူရကီနိုင်ငံတို့ပါဝင်ပြီး၊ အာရှနှင့် ဥရောပတလွှား နိုင်ငံများဖြစ်သော သြစတြေးလျ၊ ဘရာဇီးနှင့် အမေရိကန်ပြည်ထောင်စုတို့လည်း ပါဝင်သည်။

ပုပ်ရဟန်းမင်းကြီး ထိုသို့ သွားရောက်လည်ပတ်နိုင်ရန် ဒေသခံဘုန်းတော်ကြီးများ ကွန်ဖရင့်နှင့် သက်ဆိုင်ရာ အစိုးရတို့၏ ဖိတ်ကြားချက်များ လိုအပ်ပြီး နိုင်ငံ့ဦးသျှောင်တဦး ဖြစ်သည်နှင့်အညီ သူကလည်း လက်ခံလိုစိတ် ရှိရမည်ဟု ဗာတီကန်နန်းတော် သတင်းရပ်ကွက်များကို ကိုးကားကာ UCA သတင်းဌာနက ပြောသည်။

မြန်မာနိုင်ငံတွင် စုစုပေါင်းလူဦးရေ သန်း ၅ဝ ကျော်ရှိသည့်အနက် ခရစ်ယာန်ဘာသာဝင်များက ၃ သန်းရှိပြီး ရာခိုင်နှုန်းအားဖြင့် ၆ ရာခိုင်နှုန်းခန့် ရှိသည်။ ထိုအထဲမှ ၇ သိန်းသည် ကက်သလစ်ဘာသာ ကိုးကွယ်ကြသူများဖြစ်သည်။

0 Comments:

blogger templates | Make Money Online