Thursday, November 13, 2008

အဓိကရုဏ်းနှိမ်နင်းရန် ရန်ကုန်မှာ အရန်ရဲတပ်ဖွဲ့များ စတင်ဖွဲ့စည်း ရန်ကုန်မြို့ပေါ်တွင် လုံခြုံရေးများတိုးချထား

စစ်အစိုးရအာဏာပိုင်များက နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအား နှိမ်နင်းနိုင်ရန် ရဲတပ်ဖွဲ့ အင်အားနည်းသည့်နေရာများတွင် အရန်ရဲတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်သည်။

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ်(၅) အထကကျောင်းတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကျင်းပခဲ့သည့် အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချ၍ ယခုကဲ့သို့ အရန်ရဲများဖွဲ့စည်းခြင်းကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ဖွဲ့စည်းလိုက်သည့် အရန်ရဲများကို မြို့နယ်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များမှ ရွေးချယ်ကာ သင်တန်း (၃) လတက်ရမည်ဖြစ်ပြီး ပထမလတွင် သတင်းလိုက်ခြင်းပုံစံများကို သင်ကြားပေးပြီး နောက်လများတွင် အဓိကရုဏ်းနှိမ်နင်းရေးများကို သင်ကြားပို့ချမည် ဖြစ်ကြောင်း မြို့ခံတဦးက ပြောသည်။

“အစည်းဝေးမှာ ဆုံဖြတ်ချက်ချတာတွေက နံပါတ်(၁) မြို့နယ်အတွင်းမှာ အရန်ရဲတွေ
အဆင်သင့် ထားရှိရန်၊ (၂) လုံခြုံရေးအရ မြို့နယ်တမြို့နယ်က ဥက္ကဋ္ဌက တခြားမြို့နယ်ကို သက်ဆိုင်ရာ နယ်မြေလူကြီးတွေ အသိပေးစရာမလိုဘဲ ရှောင်တခင် ဝင်ရောက်ရှာဖွေခွင့် ပေးလိုက်တယ်” ဟု မြို့ခံတဦးက ပြောသည်။

အဆိုပါ အရန်ရဲများအား သင်တန်းပြီးဆုံးပါက အရန်ရဲကတ်ပြားများထုတ်ပေးမည်ဖြစ်ပြီး တလလျှင် လစာ (၃၀,၀၀၀) ကျပ် ပေးထားသည့်အပြင် အခြားအောက်ဆိုဒ်အဖြစ် လိုင်းကြေးငွေ တောင်းယူခွင့်များပါ ပေးထားကာ ၎င်းတို့၏အဓိကတာဝန်မှာ သတင်း အချက်အလက် စုဆောင်းပေးရန်နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို
စောင့်ကြည့်ရန် ဖြစ်သည်။

"အဲဒီအရန်ရဲတွေကို ယူနီဖောင်းသတ်မှတ်ပေးတာတော့ မရှိသေးဘူး။ သူတို့ကို
လုပ်ပိုင်ခွင့်တွေ တော်တော်တော့ ပေးထားတယ်။ နောက် လက်ထိတ်တခု၊ အိုင်ကွန်စကားပြောစက် တလုံးရယ်၊ နံပါတ်တုတ်တချောင်းပါ ပေးထားတယ်” ဟု
မြို့ခံက ဆက်ပြောသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ပေါ်တွင် လုံခြုံရေးများ တင်းကျပ်စွာချထားပြီး အထူးသဖြင့် ကမ္ဘာအေးဘုရားနှင့် တက္ကသိုလ်ရိပ်သာလမ်းတလျှောက်မှာ လုံခြုံရေးတင်းကျပ်ထားသည်ဟု မျက်မြင်သက်သေများက ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားများ၊ အန်အယ်လ်ဒီပါတီဝင်များ၊ လူ့အခွင့်အရေးလှုပ်ရှားသူများအား ထောင်ဒဏ်နှစ်ရှည် ချမှတ်ခဲ့ပြီးနောက် ဆူပူမှုများဖြစ်ပေါ်လာမည်ကို စိုးရိမ်သဖြင့် ပြည်ထဲရေးဝန်ကြီး၏ ညွှန်ကြားချက်အရ လုံခြုံရေး ယူထားရခြင်းဖြစ်ကြောင်း ရဲအရာရှိတဦးက
ပြောကြားသည်။

သံဃာတော် အများအပြားရှိသည့် ကမ္ဘာအေးဘုရားနှင့် ဒေါ်အောင်ဆန်းစုကြည် အိမ်ရှိရာ တက္ကသိုလ်ရိပ်သာလမ်းတလျှောက်ကို လုံခြုံရေး ပိုမိုတင်းကျပ်စွာ ချထားပြီး မြို့ထဲတွင်လည်း အရပ်ဝတ်လုံခြုံရေးများ ချထားကြောင်း သိရသည်။

“မနေ့ကတည်းက လုံခြုံရေးတွေရောက်လာပြီး ဘုရားဝင်းထဲရော၊ ကျောင်းတိုက်တွေ အနီးအနားမှာရော နေရာယူထားကြတာတွေ့တယ်။ စက်တင်ဘာနှစ်ပတ်လည်အပြီး
အခုချထားမှုက အများဆုံးပဲ” ဟု ကမ္ဘာအေးရှိ ကျောင်းတိုက်တခုမှ သံဃာတော်တပါးက
မိန့်ကြားသည်။

ရန်ကုန်တန်ဆောင်တိုင်ပွဲမှာလည်း ခါတိုင်းနှစ်များကဲ့သို့ စည်စည်ကားကားမရှိဘဲ ရန်ကုန် ရပ်ကွက်အတော်များများ တန်ဆောင်မုန်းလပြည့်ညမှာပင် မီးပျက်နေသည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။

ရန်ကုန်မြို့ခံများ စီးပွားရေးကျပ်တည်းကြသည့်အတွက် ခါတိုင်း တန်ဆောင်တိုင် စည်ကားနေကျ လှည်းတန်း၊ ကြည့်မြင်တိုင် စသည့်နေရာများတွင် မစည်ကားဘဲ ဖြစ်နေသည်ဟု မြို့ခံအချို့က ပြောသည်။

0 Comments:

blogger templates | Make Money Online