Sunday, November 16, 2008

အန်အယ်လ်ဒီအဖွဲ့ဝင် ၁၇ ဦးကို ထောင်ဒဏ်များထပ်မံချမှတ်


ရန်ကုန်မြို့ အင်းစိန်ထောင်တွင် ယာယီရုံးထိုင်လျက်ရှိသည့် ထောင်တွင်းတရားရုံးများက အန်အယ်လ်ဒီအဖွဲ့ဝင် ၁၇ ဦးကို ထောင်ဒဏ်များထပ်မံချမှတ်လိုက်သည်ဟု အန်အယ်လ်ဒီ အသိုင်းအဝန်းနှင့် အင်းစိန်ထောင်အသိုင်းအဝန်းက ပြောဆိုကြသည်။

ယမန်နေ့က ထောင်ဒဏ် ၇ နှစ်ခွဲစီချမှတ်ခဲ့ပြီးဖြစ်သည့် လှိုင်သာယာ မြို့နယ်မှ အန်အယ်လ်ဒီ အဖွဲ့ဝင်များဖြစ်ကြသော ကိုသန့်ဇင်မျိုး၊ ကိုဆန်းဝင်းနှင့် ကိုကျော်စိုးဝင်းတို့ကို နှစ်ရှည်ထောင်ဒဏ်များ ထပ်မံ ချမှတ်လိုက်သည်။

ကိုသန့်ဇင်မျိုးနှင့် ကိုဆန်းဝင်းတို့အပါအဝင် လှိုင်သာယာမှ အန်အယ်လ်ဒီ အဖွဲ့ဝင်တဦးဖြစ်သည့် ကိုသန့်ဇော်မြင့်အား ထောင်ဒဏ် ၉ နှစ်ခွဲစီ ယနေ့ချမှတ်လိုက်ပြီး အင်းစိန်ထောင်တွင်း၌ ယာယီရုံးထိုင်ထားသည့် ကမာရွတ်တရားရုံးက ကိုကျော်စိုးဝင်းအပါအဝင် ကမာရွတ်အန်အယ်လ်ဒီ ပါတီဝင် ကိုသိုက်မင်းနှင့် မြောက်ဥက္ကလာ အန်အယ်လ်ဒီအဖွဲ့ဝင် ဒေါ်မငယ်တို့အား ထောင်ဒဏ် ၇ နှစ်ခွဲစီ ချမှတ်လိုက်သည်ဟု အန်အယ်လ်ဒီပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောဆိုသည်။

နိုင်ငံရေး တက်ကြွလှုပ်ရှာသူများအား နှစ်ရှည်ထောင်ဒဏ်များ ဆက်တိုက်ချမှတ်နေသည့်အပေါ် နိုင်ငံရေးအရ ဖိနှိပ်မှုများ ပိုများလာသည်ဟုလည်း ဦးဉာဏ်ဝင်းက စစ်အစိုးရကို ဖေဝန်လိုက်သည်။

ကိုသန့်ဇင်မျိုး၏အကိုဖြစ်သူ ကိုသန့်ဇင်ဦးက “တရားမျှတမှုလုံးဝမရှိဘူး … မြန်မာနိုင်ငံတရားစီရင်ရေးစနစ်က ဒီလောက် အထိ ယိမ်းယိုင်သွားပြီဆိုတော့ ကျနော်တို့မြန်မာတမျိုးသားလုံးရဲ့ ဂုဏ်သိက္ခပေါ့ … အမျိုးဂုဏ်၊ ဇာတိဂုဏ်တွေလည်း အလကားဖြစ်ကုန်ပြီပေါ့” ဟု ပြောသည်။

“အများပြည်သူရှေ့မှောက်မှာ တရားစီရင်နေရာက အမိန့်ချခါနီးကျမှ ဘယ်သူမှလာရောက်ကြားနာခွင့်မရတဲ့ တံခါးပိတ်ပြီး လုပ်ချင်သလိုလုပ်လိုက်တာကိုကြည့်ခြင်းအားဖြင့် တရားမျှတမှုရှိတယ် မရှိဘူးဆိုတာ ပေါ်လွင်နေပါပြီ” ဟုလည်း ကိုသန့်ဇင်ဦးက ဆက်ပြောသည်။

ရန်ကုန်တိုင်း ဒေါပုံမြို့နယ်မှ အန်အယ်လ်ဒီလူငယ်များဖြစ်ကြသည့် မကြည်ကြည်ဝါ၊ ကိုကျော်ဇင်ဝင်း၊ ကိုအောင်ကျော်ဦး၊ ကိုကျော်ကျော်လင်းနှင့် ကိုနေဇာမျိုးဝင်းတို့ကို ကျောက်တံတားမြို့နယ်တရားရုံးက ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်သည်။

၎င်းအပြင် မကြည်ကြည်ဝါအား မတရားအသင်းအက်ဥပဒေနှင့် ဗီဒီယိုအက်ဥပဒေတို့ဖြင့် နောက်ထပ် ၆ နှစ်၊ ကိုကျော်ဇင်ဝင်းအား မတရားအသင်းအက်ဥပဒေ၊ ဗီဒီယိုအက်ဥပဒေနှင့် တရားမဝင်နယ်စပ်ဖြတ်ကျော်မှုတို့ဖြင့် နောက်ထပ် ၁၁ နှစ်၊ ကိုကျော်ကျော်လင်းအား နယ်စပ်ဖြတ်ကျော်မှုဖြင့် နောက်ထက် ၅ နှစ် ချမှတ်လိုက်သည်။

တောင်ဒဂုံမြို့သစ်မြို့နယ်မှ အန်အယ်လ်ဒီအဖွဲ့ဝင် ကိုညီညီမင်းနှင့် ကိုတင်ဝင်းတို့ကို ထောင်ဒဏ် ၂ နှစ်နှင့် သာကေတ မြို့နယ် အန်အယ်လ်ဒီ ဥက္ကဌ ဦးတင်မြင့်ကို ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်လိုက်သည်။

မန္တလေးမှ အန်အယ်လ်ဒီပါတီဝင်များဖြစ်ကြသည့် ကိုရွှေမောင်း၊ ကိုဝဏ္ဏအောင်နှင့် ကိုဇော်ဝင်းတို့လည်း ထောင်ဒဏ် ၄ နှစ်ခွဲစီ ယနေ့ချမှတ်ခံလိုက်ရသည်။

ယခုအပတ်အတွင်း စစ်အစိုးရက နိုင်ငံရေးလှုပ်ရှားသူ ၆၀ ကျော်ကို ထောင်ဒဏ်အသီးသီးချမှတ်ခဲ့သည်။

0 Comments:

blogger templates | Make Money Online