Friday, November 21, 2008

မုသားနိုင်ငံတော်နဲ့ ပြည်သူ့အရေးတော်ပုံ

ဦးအောင်ခင်

ခေတ်ပြိုင် မဂ္ဂဇင်းမှကူးယူဖော်ပြပါသည်။
တရုတ်-မြန်မာ ဆရာတပည့်ဆိုသလို ကွန်မြူနစ်ပါတီနဲ့ ဗမာစစ်တပ်ဟာ လိမ်ညာဝါဒဖြန့်တဲ့ နေရာမှာနဲ့ သတင်းထိန်ချန်ကွယ်ဝှက်တဲ့နေရာမှာ အတော်တူပါတယ်။ တိဘက်ပြည်က ဖိနှိပ်မှုတွေကို တရုတ်ပြည်တွင်းမှာ မသိရပါဘူး။ ဆိုင်ကလုန်းမုန်တိုင်း ဒုက္ခသည်သတင်းကို ဗမာစစ်အစိုးရက ဖုံးဖိဖို့ကြိုးစားနေတုန်း တရုတ်မြေငလျင်သတင်းကို လွတ်လပ်စွာ သတင်း ပို့ခွင့်ရတာမို့ ဗမာစစ်အစိုးရ ၀ိုင်းဆဲတာခံရပြီး တရုတ်ကွန်မြူနစ်ကို ၀ိုင်းဝန်းချီးကျူးကြပါတယ်။

ဒါပေမယ့် မြေငလျင်ကြောင့် အစိုးရ အဆောက်အဦတွေမပြိုဘဲ ကျောင်းတွေသာ ပြိုကျပျက်စီး တာကို မကျေနပ်လို့ ဆန္ဒပြတဲ့ ကျောင်းသားမိဘတွေကို ရဲက နှိမ်နင်းတားမြစ်တာကိုကြည့်ရင် တရုတ်ကွန်မြူနစ်ပေးတဲ့ လွတ်လပ်မှုဟာ ယာယီဝါဒဖြန့်မှုသာ ဖြစ်နေတာ ထင်ရှားတယ်။



ဒီမိုကရေစီအရေးတော်ပုံနဲ့ လူအများအပြား အသတ်ခံရတာတွေကို ပြည်သူတွေမေ့ပျောက် သွားအောင် ကြိုးစားတဲ့နေရာမှာ ဗမာစစ်တပ်နဲ့ တရုတ်ကွန်မြူနစ်ဟာ လုပ်နည်းကိုင်နည်းချင်း တူနေတာ တွေ့ရပါတယ်။ တရုတ်ပြည်မှာလည်း ၀ါဒဖြန့်တာကို ဦးစားပေးတဲ့အတွက် လက်တွေ့ ဘ၀နဲ့ တခြားစီ ဖြစ်နေတတ်ပါတယ်။

ရိက္ခာရှားပါးနေတဲ့သတင်းကို ထိန်ချန်ကွယ်ဝှက်လို့ သန်းနဲ့ချီသေဆုံးတဲ့ သာဓကတွေ တရုတ်ပြည်မှာ ရှိတယ်။ အခုလည်း ဆန်ရှားမယ့်ကိစ္စကို ဗမာစစ်အစိုးရက ကွယ်ဝှက်ပြီး လိမ်ညာဝါဒဖြန့်နေတာကြောင့် ပြည်သူအများအပြား ငတ်သေ နိုင်တယ်။ ရောဂါနဲ့ ရိက္ခာရှားပါးမှုကို လွတ်လပ်စွာသတင်းဖြန့်နိုင်တဲ့ ဒီမိုကရေစီနိုင်ငံမှာသာ ပြဿနာကို ဖြေရှင်းနိုင်တယ်။


လိမ်ညာဝါဒဖြန့်တာကို အင်တိုက်အားတိုက် လုပ်နေတဲ့ တရုတ်ကွန်မြူနစ်ပါတီအကြောင်း “မုသားနိုင်ငံတော်” The Empire of Lies ဆိုတဲ့အမည်နဲ့ အမေရိကန်မှာ မကြာမီက စာအုပ် ထုတ်ဝေတယ်။ ပြင်သစ်စာရေးဆရာ ဂိုင်းဆားမန် (Guy Sorman) ရေးတဲ့ ကိုယ်တွေ့ မှတ်တမ်းကို ဘာသာပြန်ပြီး အင်္ဂလိပ်လို ထုတ်ဝေတာပါပဲ။ ပြည်တွင်းပြည်ပက ဒီမိုကရေစီသမားနဲ့ သတင်း ဆရာတွေကို တွေ့ဆုံမေးမြန်းရေးသားထားတဲ့ စာအုပ်ဖြစ်ပြီး မြန်မာ့အခြေအနေနဲ့ အတော်တူတယ်။

တရုတ်ပြည် ထကြွနိုးကြားလာရင် တကမ္ဘာလုံး တုန်လှုပ်သွားလိမ့်မယ်လို့ ပြင်သစ်အာဏာရှင် နပိုလီယံက ပြောဖူးပါတယ်။ ဒါပေမယ့် ၀ါဒဖြန့်မှုကို အဓိကထားပြီး ကျန်းမာရေးနဲ့ သဘာဝ ပတ်ဝန်းကျင်ကို ဂရုမစိုက်တဲ့ တရုတ်ပြည်ကို အနောက်တိုင်း ဒီမိုကရေစီနိုင်ငံတွေက မှုစရာ မလိုဘူးလို့ ဂိုင်းဆားမန်က သုံးသပ်တယ်။

ဝါဒဖြန့်လမ်းစဉ်ကျင့်သုံးတဲ့ တရုတ်ပြည်မှာ အမှန် တရားကို သိနိုင်ဖို့ ခက်ခဲတယ်တဲ့။
ဥပမာဆေးကုလို့မရတဲ့ အေအိုင်ဒီအက်စ်ရောဂါဆိုးဖြစ်နေတာကို ၁၉၉၄ မှာ ဆရာဝန်အချို့ သိပေမယ့် တရုတ်အစိုးရက ထိပ်တန်းလျှို့ဝှက်လုပ်ထားပါတယ်။ မတတ်နိုင်တော့မှ ၂၀၀၀ ပြည့်နှစ်မှာ အေအိုင်ဒီအက်စ်ရောဂါဖြစ်ပွားနေတာကို ၀န်ခံပါတယ်။ နောက်တော့မှ အစိုးရရဲ့ အေအိုင်ဒီအက်စ် ရောဂါကာကွယ်ရေးစီမံကိန်း အကြီးအကျယ်အောင်မြင်နေကြောင်း လုပ်ကြံ ၀ါဒဖြန့်ပါတော့တယ်။ ဗမာစစ်အစိုးရကလည်း ဒီအတိုင်းပါပဲ။
တရုတ်ကွန်မြူနစ်အာဏာရှင်စနစ်မှာ မကျေနပ်မှုကို ဖြေရှင်းနိုင်စွမ်းမရှိတဲ့အတွက် ဆန္ဒပြပွဲတွေ မကြာခဏဖြစ်ပွားပါတယ်။ ၂၀၀၄ မှာ ဆန္ဒပြပွဲပေါင်း (၇) သောင်းကျော်ရှိပြီး ဆန္ဒပြသူ (၄) သန်း နီးပါးရှိတယ်။ လွန်ခဲ့တဲ့ (၁၀) နှစ်ကျော်က လူထုဆန္ဒပြပွဲ (၁) သောင်းလောက်သာ ရှိတာမို့ မကျေနပ်သူ (၇) ဆ တိုးလာတယ်လို့ ပြောနိုင်ပါတယ်။ ပြည်သူ့မကျေနပ်မှုကို တရားဥပဒေအရ လုံလောက်စွာ မဖြေရှင်းနိုင်သမျှကာလပတ်လုံး ကန့်ကွက်ဆန္ဒပြပွဲတွေ ရှိနေမှာပါပဲ။ လူမိုက်ငှားပြီး ကန့်ကွက်ဆန္ဒပြပွဲကို နှိမ်နင်းတာမျိုးလည်း ရှိပါတယ်။

ဒါပေမယ့် အကွဲကွဲအပြားပြားဖြစ်နေတာမို့ ဆန္ဒပြပွဲကနေ တော်လှန်ရေးကြီး ဖြစ်ပေါ်လာပြီး ကွန်မြူနစ်ပါတီကို ဖြုတ်ချနိုင်မယ့် အလားအလာ မရှိသေးပါဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီသဘော တရား မပြန့်ပွားရအောင် တရုတ်ကွန်မြူနစ်ပါတီက စီစဉ်ထားပါတယ်။ တရုတ်ဒီမိုကရေစီ စက္ကူဖြူ စာတမ်းကို ၂၀၀၅ အောက်တိုဘာလမှာ ထုတ်ပြန်ပါတယ်။

အနှစ်သာရကတော့ ကွန်မြူနစ်ပါတီ ဦးဆောင်မှုအောက်မှာ ပူးပေါင်းဆောင်ရွက်ဖို့ပါပဲ။ ကွန်မြူနစ်ပါတီရဲ့ အောင်မြင်မှုကို မှတ်တမ်း တင်တဲ့ စာတမ်းမို့ ပြည်သူတွေ သိန်းချီသေဆုံးရတဲ့ အမှားမျိုးကို ကွယ်ဝှက်ထားပါတယ်။ ဒီမို ကရေစီစနစ်မျိုးစုံထဲမှာ တရုတ်ဒီမိုကရေစီဟာ အကောင်းဆုံးလို့ ဆိုပါတယ်။ ဒီမိုကရေစီကိစ္စမှာ သူများကို အတုယူစရာ မလိုပါဘူးတဲ့။

ဒီပုံစံအတိုင်း ဗမာစစ်အစိုးရကလည်း စစ်ဗိုလ်ဦးဆောင်မှုအောက်မှာ အားလုံး ပူးပေါင်းဆောင်ရွက် တာကို ဒီမိုကရေစီ အစစ်အမှန်ဖြစ်တယ်လို့ အခြေခံဥပဒေရေးပြီး ၀ါဒဖြန့်နေပါတယ်။ ပြည်သူ လူထုကို နှစ်ပေါင်းများစွာ ပစ်သတ်နေတဲ့ ဗမာစစ်တပ်ရဲ့ လုပ်ရပ်မှန်သမျှ အားလုံးကောင်းပါသည် ဆိုပြီး ၀ါဒဖြန့်တဲ့အလုပ်ဟာ တရုတ်ကွန်မြူနစ်ရဲ့ ၀ါဒဖြန့်လမ်းစဉ်နဲ့ အတူတူပါပဲ။

တရုတ်ကွန်မြူနစ် ပါတီ လုပ်သမျှ မှန်တယ်လို့ ပြောသလို ဗမာစစ်တပ်လုပ်သမျှ မှန်တယ်လို့ ၀ါဒဖြန့်တာပါပဲ။လူလတ်တန်းစား အရင်းရှင်လေးတွေ များလာရင် လွတ်လပ်မှုကို လိုချင်ကြမှာမို့ ဒီမိုကရေစီ တောင်းဆိုမှုတွေ ရှိလာနိုင်တယ်လို့ ဆိုကြပေမယ့် တရုတ်ပြည်က လူလတ်တန်းစားဟာ ဒီမိုကရေစီကို အထောက်အကူ မပြုဘူးလို့ ဘောဂဗေဒပညာရှင် မော်ယူရှီက ဆိုပါတယ်။

လုပ်ငန်းကျွမ်းကျင်ပြီး ကြိုးစားလို့ ကြီးပွားချမ်းသာလာတာမဟုတ်ဘဲ ပါတီနဲ့နီးစပ်လို့ ငွေရှိလာတဲ့ ခေတ်ပျက်သူဌေးတွေဟာ ဒီမိုကရေစီကို အထောက်အကူမပြုပါဘူး။ တရုတ်ပြည်မှာ အရင်းရှင် အစစ်အမှန် အနည်းငယ်သာရှိပြီး ခေတ်ပျက်သူဌေးက များတယ်။ အလွယ်ဆုံး သူဌေးဖြစ်နည်း ကတော့ ဘဏ်ကငွေချေးပြီး ပြန်မဆပ်တဲ့ နည်းပါပဲ။

အဆက်အသွယ်ကောင်းတဲ့ ဂွမ်စိ (Guanxi) ကသာ ဘဏ်မှာ ငွေချေးနိုင်ပါတယ်။ အဲဒီအခါမှာ ချေးငွေ (၅) ရာခိုင်နှုန်း ဘဏ်အမှုထမ်းကိုပေးရပြီး ပါတီကေဒါကို (၁၅) ရာခိုင်နှုန်းပေးရလို့ ငွေချေးသူဟာ (၈၀) ရာခိုင်နှုန်းသာ ရရှိတယ်။ ဒါပေမယ့် ပါတီနဲ့ ပြေလည်နေသမျှ ပြန်ဆပ်စရာ မလိုတော့ အမြတ်ချည်းပေါ့။ ခေတ်ပျက်သူဌေးကို အချိန် မရွေး ပါတီက ဖျက်ဆီးပစ်နိုင်တာမို့ လူလတ်တန်းစား အရင်းရှင် ပေါက်စလို့ မခေါ်နိုင်ပါဘူး။

မြန်မာပြည်က ခေတ်ပျက်သူဌေးကလည်း စစ်ဗိုလ်ကပ်ဖားနဲ့ ဘိန်းမှောင်ခို ဘ၀ကလာတာမို့ ဒီမိုကရေစီကို အထောက်အကူ မပြုပါဘူး။အကြွေးမဆပ်နိုင်တဲ့လုပ်ငန်းကို ငွေထုတ်ချေးထားတဲ့ ဘဏ်တွေ ချွတ်ခြုံကျရင်တော့ ကွန်မြူနစ် ပါတီ ဒုက္ခရောက်သွားနိုင်တယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ ၀င်ငွေက ချေးငွေထက် အဆမတန် များပြားနေတာမို့ ပြဿနာမဖြစ်နိုင်သေးပါဘူး။

ပါတီရဲ့ ညွှန်ကြားချက်အတိုင်း ငွေ ထုတ်ချေးလို့ ပြဿနာဖြစ်တဲ့ ဘဏ်အချို့ကို ဗဟိုဘဏ်ကြီးက ၀င်ကယ်ထားပါတယ်။ ပြည်သူ လူထုအနေနဲ့ ဒီဘဏ်တွေမှာပဲ ငွေစုကြရပါတယ်။ ဒီစုငွေတွေကို ပြန်ထုတ်လို့ မရဘူးဆိုရင် ပြည်သူ့အုံကြွမှုနဲ့ ရင်ဆိုင်ရပါလိမ့်မယ်တဲ့။ တရုတ်တွေဟာ လွတ်လပ်မှုကို အဆုံးခံနိုင်ပေမယ့် ငွေကိုတော့ အဆုံးခံမှာ မဟုတ်ဘူးလို့ မော်ယူရှီက ဆိုပါတယ်။

ဒီအဖြစ်မျိုး မရောက်အောင် တရုတ်ကွန်မြူနစ်ပါတီက ကြိုးစားနေပုံရပါတယ်။အဂတိလိုက်စားမှုနဲ့ အာဏာအလွဲသုံးစားလုပ်မှု ကင်းရှင်းအောင် မိမိကိုယ်မိမိ ထိန်းချုပ်ရမယ်လို့ ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မရှင်က ဆိုပေမယ့် လုပ်ပိုင်ခွင့်မျိုးစုံရတဲ့ ပါတီဝင်ဟာ အလွဲ သုံးစား လုပ်ချင်စိတ် ပိုများပါတယ်။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ စီးပွားရေးနဲ့ အလုပ်အကိုင်ရရှိရေး စတာတွေကို လက်ကိုင်ထားတဲ့ အရာထမ်းအဖို့ လာဘ်မစားဖို့ မလွယ်ပါဘူး။

၂၀၀၄ ခုနှစ်မှာ အဂတိလိုက်စားမှုပေါင်း (၁၆၀,၀၀၀) ကျော် ရှိတဲ့အနက် (၆,၀၀၀) ကျော်သာ အပြစ်ဒဏ်ခံရပါ တယ်။ ပါတီဝင် (၅၀,၀၀၀) ကို စစ်ဆေးပြီး (၉၀၀) ကိုသာ အပြစ်ပေးပါတယ်။ ပါတီဝင် သန်း (၆၀) ကျော်မှာ (၉၀၀) သာ လာဘ်စားတယ်ဆိုတဲ့ သဘောဖြစ်နေပါတယ်။ တရုတ်ကေဒါနဲ့ ဗမာစစ် ဗိုလ်ဟာ အတူတူပါပဲ။လာဘ်ပေးလာဘ်ယူမှုကို တိုက်ဖျက်နေတဲ့ ပါတီဝင်တွေကပဲ လာဘ်စားနေတာကို နိုင်ငံခြား ကုမ္ပဏီတွေက သိပါတယ်။

တရုတ်ပြည်မှာ စီးပွားရေးလုပ်ရင် ပါတီဝင်ကို လာဘ်မထိုးလို့ မဖြစ်ပါဘူး။ အနောက်တိုင်း ကုမ္ပဏီတွေကလည်း လာဘ်ပေးလာဘ်ယူမှုဟာ တရုတ်ဓလေ့ ထုံးစံလိုဖြစ်နေပြီလို့ ဆိုကြပါတယ်။ လုပ်ရိုးလုပ်စဉ် ဗျူရိုကရေစီ ယန္တရားအတိုင်း လိုက်လုပ်နေရင် အလွန်ကြန့်ကြာတာမို့ နောက်ဖေးပေါက်က ၀င်ပြီး လာဘ်ထိုးရတာလို့ ဆင်ခြေပေးကြပါတယ်။ကွန်မြူနစ်ပါတီတွင်းမှာ ပြုပြင်ရေးလုပ်ပြီး ဒီမိုကရေစီအသွင် ကူးပြောင်းဖို့ဆိုတာဟာ စိတ်ကူးယဉ် အဆင့်က တက်နိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ပါတီဟာ ကိုယ့်သေတွင်း ကိုယ်တူးမှာ မဟုတ် ပါဘူး။ အခွင့်ထူးခံစားနေရတဲ့ ပါတီကေဒါနဲ့ စစ်ဗိုလ်တွေဟာ သူတို့အကျိုးစီးပွားကို ထိခိုက်မယ့် ပြောင်းလဲမှုမျိုးကို လက်ခံမှာ မဟုတ်ပါဘူး။ ဒီလိုတိုင်းပြည်မျိုးမှာ အဂတိလိုက်စားတဲ့ ဓလေ့ ရှင်သန်ကြီးထွားတယ်လို့ ဂိုင်းဆားမန်က သုံးသပ်ပါတယ်။ ဗမာစစ်တပ်နဲ့ တရုတ်ကွန်မြူနစ်ပါတီဟာ အခွင့်ထူးခံ လူနည်းစုကိုဖန်တီးပြီး အမြဲတမ်း အာဏာရအောင် ကြိုးစားနေပါတယ်။ ဒါကြောင့် အဖိနှိပ်ခံလူများစုကို အားကောင်းလာအောင် လုပ်နိုင်မှသာ “မုသားနိုင်ငံတော်” နိဂုံးချုပ်ပြီး ဒီမိုကရေစီ ထွန်းကားနိုင်မယ်လို့ “ဂိုင်းဆားမန်” နိဂုံးချုပ်ထားပါတယ်။


0 Comments:

blogger templates | Make Money Online