မြန်မာ-ဘင်္ဂလားဒက် နယ်စပ် စစ်ရေးတင်းမာမှုများဖြစ်ပြီး မကြာခင် မြန်မာနိုင်ငံမှ နယ်စပ်ဖြတ်ပြီး ဘင်္ဂလားဒက်သို့ပို့နေသည့် ကုန်များရောင်းမထွက်ဘဲ ဖြစ်နေသည်ဟု ရန်ကုန် ကုန်သည်အသိုင်းအ၀န်းက ပြောသည်။
မြန်မာနိုင်ငံထွက်ကုန်များဖြစ်သည့် ဆန်၊ ငါးပုစွန်နှင့် မတ်ပဲများကို ဘင်္ဂလားဒက်က အ၀ယ်အများဆုံးဖြစ်ရာ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်သွားသည့်အတွက် မြန်မာနိုင်ငံတွင်း ဆန်၊ ငါးပုစွန်နှင့် မတ်ပဲ ဈေးကွက်များ ကမောက်ကမဖြစ်ကုန်သည်ဟု ဘုရင့်နောင်ကုန်သည်ကြီးများက ပြောသည်။
အထူးသဖြင့် ဘင်္ဂလားဒက်သို့ (၂၅) ရာနှုန်း အကျိုးပါသည့် ဆန်အများဆုံးတင်ပို့နေပြီး စစ်ခေါင်းဆောင်များနှင့် နီးစပ်သော ကုမ္ပဏီများဖြစ်သည့် ထူးနှင့် ဧရာရွှေဝါကုမ္ပဏီကြီးများ အထိနာကြသည်ဟု ဆန်ကုန်သည်တဦးက ပြောသည်။
မြန်မာနိုင်ငံတွင်း စီးပွားရေးထိုင်းလာသည့်အလျောက် မတ်ပဲကြိုပွိုင့်ရောင်းဝယ်လောကတွင် သိန်း (၄-၅) ထောင် ရှုံးပြီး မလျော်နိုင်သဖြင့် ထွက်ပြေးသူ များလာသည်ဟု ပဲကုန်သည်တဦး က ပြောသည်။
“ဟိုတုန်းကတော့ ပဲကြိုပွိုင့်လောကမှာ ဒိုင်လျော်ရတာများပါတယ်။ ထင်ရှားတဲ့ ဒိုင်တွေကတော့ အဟုတ်တို့၊ ဘောကျော်ဝင်းတို့လို လက်ကြီးတွေပေါ့။ ခုထိုးသားလျော်တဲ့အလှည့်ကျတော့ ထွက်ပြေးကုန်တာပေါ့။ ဟိုတုန်းက ၀န်ကြီး ဗိုလ်ချုပ်ညွန့်တင်ယောက်ဖ မျိုးဟိန်းထွက်ပြေးရတာ ပဲကြိုပွိုင့်အရောင်းအ၀ယ်ရှုံးပြီး မလျော်နိုင်တော့ ပြေးရတာပေါ့။ ခုလည်း နယ်စပ်အရောင်းအ၀ယ်တွေပိတ်၊ စီးပွားကျနဲ့ တန်တရာ သိန်း (၃၀၀) လောက်ကွာတော့ တန်ထောင်နဲ့ချီဝယ်သူတွေ ကွဲကုန်တာပဲ” ဟု ကုန်သည်တဦးက ပြောသည်။
မြန်မာ-ဘင်္ဂလားဒက် နယ်စပ်ကုန်သွယ်ရေးသည် နှစ်စဉ် ဒေါ်လာသန်း (၆၀) ၀န်းကျင် အရောင်းအ၀ယ်ပမာဏရှိသည်။ ထိုပမာဏကို ဒေါ်လာသန်း (၁၀၀) ထိ တိုးတက်ရန် လျာထားသော်လည်း နယ်စပ်စစ်ရေးတင်းမာမှု၊ ရေပိုင်နက်အငြင်းပွားမှုကြောင့် မြန်မာကုန်စည်များ ရောင်းမထွက်သည့်အတွက် မြန်မာ-ဘင်္ဂလားဒက် နယ်စပ်ကုန်သွယ်ရေး တိုးတက်ရန် လမ်းမမြင်ဟု ကုန်သည်များက ပြောသည်။
Wednesday, November 12, 2008
မြန်မာ-ဘင်္ဂလားဒက် နယ်စပ်တင်းမာမှုကြောင့် မြန်မာကုန်များ ရောင်းမထွက်
Posted by Sanghaalliance at 10:43 PM
Subscribe to:
Post Comments (Atom)
0 Comments:
Post a Comment