Wednesday, November 12, 2008

ဘင်္ဂလားပင်လယ်အတွင်းရှိ ကမ်းလွန် သဘောဝဓာတ်ငွေ့ လုပ်ကွက် (၇) ခုကို မြန်မာတို့ ကျူးကျော်

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒက်နှစ်နိုင်ငံအကြား သူပိုင်ကိုယ်ပိုင် အငြင်းပွားနေသည့် ရေပိုင်နက်အတွင်းမှ ဘင်္ဂလားဒက်ပိုင် သဘာဝဓာတ်ငွေ့လုပ်ကွက် (၇) ခုကို မြန်မာဘက်က ကျူးကျော်ထားခြင်းဖြစ်ကြောင်း ယူကေ အခြေစိုက် စွမ်းအင်ဆိုင်ရာ သုတေသနနှင့် အကြံပေးအဖွဲ့ဖြစ်သည့် Wood Mackenzie က ပြောသည်။

အငြင်းပွားရေပိုင်နက်အတွင်း၌ မြန်မာက အဆိုပါလုပ်ကွက်များထဲမှ တခုကိုသာ စတင်စမ်းသပ်ရှာဖွေခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့မှ ကျွမ်းကျင်သူများက ပြောသည်။

အဆိုပါ ဘင်္ဂလားဒက်ပိုင်ကမ်းလွန်လုပ်ကွက်များအတွင်း မြန်မာတို့ကကျူးကျော်ဝင်ရောက်ပြီး သဘာဝဓာတ်ငွေ့ရှာဖွေ တူးဖော်ရေးအတွက် တရုတ်၊ အိန္ဒိယနှင့် တောင်ကိုရီးယားကုမ္ပဏီများကို လွန်ခဲ့သည့်နှစ်များကပင် ရောင်းခဲ့ပြီးဖြစ်ကြောင်း တာဝန်ရှိသူများက ပြီးခဲ့သည့် တနင်္လာနေ့က ပြောသည်။

အငြင်းပွားနေသည့် ကမ်းလွန်လုပ်ကွက်များကို လုပ်ဆောင်ခွင့်ရရှိသူများမှာ China National Petroleum Corporation (CNPC), Indian Oil and Natural Gas Corporation Ltd (ONGC), South Korean Daewoo International နှင့် UK အခြေစိုက် နာမည်ကြီး ကုမ္ပဏီတခုတို့ဖြစ်သည်။

“ဘင်္ဂလားဒက်ပိုင်တဲ့ ကမ်းလွန် လုပ်ကွက် (၇) ခုကို မြန်မာတို့က နိုင်ငံတကာရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေးကုမ္ပဏီ တွေကို တခုလုံး ဒါမှမဟုတ် အစိတ်အပိုင်းအနေနဲ့ လိုင်စင်တွေ ပေးခဲ့ပြီးဖြစ်ပါတယ်” ဟု ယူကေအခြေစိုက် Wood Mackenzie အဖွဲ့က ပြောသည်။

ဘင်္ဂလားဒက်ပိုင် ကမ်းလွန် လုပ်ကွက်အမှတ် ဒီအက်စ် (၀၈-၁၃) လုပ်ကွက် တစိတ်တပိုင်းပါဝင်နေသည့် မြန်မာတို့၏ ကမ်းလွန် လုပ်ကွက်အမှတ် အေဒီ (၇) ကို South Korean Daewoo International က ဟိုက်ဒြိုကာဗွန် စတင်စမ်းသပ်ရှာဖွေရာမှ နှစ်နိုင်ငံ အကြား အငြင်းပွားတင်းမာမှုများ စတင်ခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလားဒက်ပိုင် ကမ်းလွန် လုပ်ကွက်အမှတ် ဒီအက်စ် (၀၈-၁၈) တခုလုံး ပါဝင်ပြီး၊ အမှတ် ဒီအက်စ် (၀၈-၁၇) နှင့် ဒီအက်စ် (၀၈-၁၃) တို့၏ တစိတ်တပိုင်းပါဝင်သော မြန်မာပိုင် လုပ်ကွက်အမှတ် အေဒီ (၈) ကို တရုတ်ကုမ္ပဏီဖြစ်သော CNPR က တူးဖော်ခွင့် ရရှိထားခြင်းဖြစ်ကြောင်း Wood Mackenzie က ပြောသည်။

အိန္ဒိယကုမ္ပဏီ ONGC က မြန်မာစစ်အစိုးရထံမှ တူးဖော်ခွင့်လိုင်စင် ရရှိထားသည့် မြန်မာပိုင် အေဒီ (၉) ကမ်းလွန်လုပ်ကွက်အထဲ တွင် ဘင်္ဂလားဒက်ပိုင် ကမ်းလွန်လုပ်ကွက် အမှတ် ဒီအက်စ် (၀၈-၂၂)၊ ဒီအက်စ် (၀၈-၂၃)၊ ဒီအက်စ် (၀၈-၂၇)၊ ဒီအက်စ် (၀၈-၂၈) တို့ပါဝင်နေခြင်းဖြစ်ကြောင်း သိရသည်။

“လက်ရှိဖြစ်ပွားနေတဲ့ အဲဒီလုပ်ကွက်တွေကို တရားဝင် ဘယ်သူပိုင်တယ်ဆိုတာ မရှင်းသေးပေမယ့် သူပိုင်ငါပိုင် အငြင်းမပွားသေး တဲ့ နေရာတွေရှိနေပါသေးတယ်။ ဒါပေမယ့် မကြာခင် ဖြစ်လာမှာပါ” ဟု Wood Mackenzie က မှတ်ချက်ပေးသည်။

မြန်မာနှင့် ဘင်္ဂလားဒက်တို့သည် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လုပ်ကိုင်မှုများရှိနေ၍ အိမ်နီးချင်းကောင်းများ ဖြစ်သော ကြောင့် မြန်မာစစ်အစိုးရက ၎င်းတို့အနေဖြင့် ဘင်္ဂလားဒက် ရေပိုင်နက်ကို မည်သည့်အခါမျှ ကျူးကျော်မည်မဟုတ်ကြောင်း ပြီးခဲ့သည့် ၂၀၀၆ ခုက ပြောခဲ့သည်။

ယခုနှစ် ဖေဖော်ဝါရီလအတွင်း၌ ဘင်္ဂလားဒက်နိုင်ငံက ဘင်္ဂလားပင်လယ်အော်အတွင်းရှိ ၎င်းတို့ပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက် (၂၈) ခုကို ရောင်းချရန် အဆိုတင်ခဲ့စဉ်က ၀ယ်ယူမည့်သူများကို စာများရေးသား၍ မြန်မာစစ်အစိုးရက ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြောင်း Petrobangla ကုမ္ပဏီ အကြီးတန်းတာဝန်ရှိသူတဦးက ပြောသည်။

မြန်မာစစ်အစိုးရသည် Irish Tullow Oil နှင့် Chinese Longwoods Resources Ltd တို့ကဲ့သို့သော ၀ယ်ယူလိုသူ ကုမ္ပဏီများထံ ဘင်္ဂလားဒက်ထံမှ ၀ယ်ယူခြင်းမပြုရန် စာများထုတ်ပြန်ရေးပို့ခဲ့ကြောင်း ၎င်းအကြီးတန်းအရာရှိက ပြောသည်။

ထို့အပြင် ၂၀၀၈ ခု ဖေဖော်ဝါရီ (၂၇) ရက်နေ့ကလည်း ထိုသို့ ရေနံနှင့် သဘာဝဓာတ်ငွေ့များရောင်းချရန် စီစဉ်ခြင်းကို ကန့်ကွက် ကြောင်း မြန်မာစစ်အစိုးရက ဘင်္ဂလားဒက် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ စာရေးကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

0 Comments:

blogger templates | Make Money Online