Friday, November 14, 2008

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တပ်မှူးများ ပိုင်ဆိုင်မှုကို အမေရိကန်ထိန်းချုပ် UWSA ကို မူးယစ်ဆေးအဖွဲ့အဖြစ် အမေရိကန်သတ်မှတ်

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးဌာန (OFAC) က မြန်မာစစ်အစိုးရနှင့် အပစ်ရပ်ထားသော ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ) အပါအ၀င် ၎င်းအဖွဲ့မှ ထိပ်တန်းတပ်မှူး များနှင့် စီးပွားရေးအရ၊ ငွေကြေးအရ အဆက်အစပ်ရှိသော လူပုဂ္ဂိုလ် (၂၆) ဦးနှင့် ကုမ္ပဏီ (၁၇) ခု၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ် မည်ဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ပိုင်ဆိုင်မှုထိန်းချုပ်မည့် စာရင်းအတွင်း၌ ဝေရှောက်ခန်၊ ၎င်း၏ညီများဖြစ်သော ဝေရှောက်လုံ၊ ဝေရှောက်ယင်နှင့် ယူဒဗလျူအက်စ်အေ စစ်ဦးစီးချုပ် ပေါက်ယိုချန်၊ ဟော်ချွင်းထင်၊ ဆစ်ကော်နန်တို့ကို Kingpin Act ခေါ် နိုင်ငံခြားသားမူးယစ်ဆေး ရာဇာများဆိုင်ရာ ဥပဒေအရ စာရင်းအတွင်း ထည့်သွင်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ဖော်ပြသည်။

သို့သော် ထုတ်ပြန်ချက်အတွင်း၌ ယူဒဗလျူအက်စ်အေ တပ်မှူးများ၏အမည်များသာဖော်ပြထားပြီး အရေးယူမည့်အခြားကုမ္ပဏီ များနှင့် လူပုဂ္ဂိုလ်များ၏ အမည်များကိုမူ အသေးစိတ်ဖော်ပြထားခြင်းမရှိပေ။

OFAC မှ လက်ထောက်ညွှန်မှူးဖြစ်သူ Barbara C. Hammerle က “၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ဟာ အရှေ့တောင် အာရှမှာ အကြီးဆုံးနဲ့ သြဇာအရှိဆုံး မူးယစ်ဆေး အဖွဲ့အစည်းတခုဖြစ်ပါတယ်။ နိုင်ငံခြားကို စိတ်ကြွဆေးအပါအ၀င် တခြားမူးယစ် ဆေးတွေ အဓိကထုတ်လုပ်တင်ပို့နေတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။ အဲဒါကြောင့် OFAC က ၀တပ်မှူးတွေနဲ့ သူတို့အဖွဲ့ရဲ့ ဘဏ္ဍာရေး ဆိုင်ရာပိုင်ဆိုင်မှုတွေကို အဓိကထား ထိန်းချုပ်ဖို့ သတ်မှတ်တာပါ။ တခြားနိုင်ငံတွေအနေနဲ့ အမေရိကန်နည်းတူ လုပ်ဆောင်ဖို့ကို လည်း တိုက်တွန်းပါတယ်” ဟု ပြောသည်။

ဝေရှောက်ခန်အား ပြီးခဲ့သည့် ၂၀၀၀ ပြည့်နှစ် ဇွန်လ (၁) ရက်တွင် မူးယစ်ဆေး အဓိကရောင်းဝယ်သူ နိုင်ငံခြားသားတဦးအဖြစ် Kingpin Act အရ အမေရိကန်အစိုးရက စတင်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ၂၀၀၃ ခု မေလ (၂၉) တွင် ထပ်မံအတည်ပြု သတ်မှတ်ခဲ့သည်။ ထို့အပြင် ၂၀၀၅ ခု နှစ်ဆန်းပိုင်းတွင် နယူးယော့ခ်ပြည်နယ် အရှေ့ပိုင်းခရိုင် ပြည်ထောင်စုတရားရုံးက ဝေရှောက်ခန်အား ၎င်း၏ ညီများဖြစ်သည့် ဝေရှောက်လုံ၊ ဝေရှောက်ယင်တို့နှင့်အတူ မူးယစ်မှုရာဇ၀တ်သားများအဖြစ် ဖမ်းဆီးရန် အမှုဖွင့်ထားပြီးလည်းဖြစ်သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဝေရှောက်ခန်အား ဖမ်းမိရန် သတင်းပေးနိုင်သူကို ဆုငွေ ဒေါ်လာ (၂) သန်းပေးမည်ဟု ထုတ်ပြန်ထားသည်။

ယူဒဗလျူအက်စ်အေ စစ်ဦးစီးချုပ် ပေါက်ယိုချန်ကိုလည်း ၂၀၀၅ ခုနှစ်ကတည်းက ဝေရှောက်ခန်နှင့်အတူ မူးယစ်ရာဇာတဦး အဖြစ် အမေရိကန်က သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

၂၀၀၅ ခုမေလအတွင်း၌ ဟော်ချွင်းထင်နှင့် ယနေ့ ဘဏ္ဍာရေးထိန်းချုပ်မှုစာရင်းတွင် ပါဝင်သည့် ဟုန်ပန်းကုမ္ပဏီ မန်နေဂျာတဦး ဖြစ်သည့် ဆစ်ကော်နန် တို့နှစ်ဦးအား မူးယစ်ဆေးလုပ်ငန်းမှငွေမဲများကို ခ၀ါချနေသူများအဖြစ် နယူးယော့ခ်ပြည်နယ် အရှေ့ပိုင်းခရိုင် ပြည်ထောင်စုတရားရုံးက စွပ်စွဲခဲ့သည်။ ၂၀၀၇ ခု အောက်တိုဘာလအတွင်း၌ ဟောင်ကောင်အာဏာပိုင်များက ဟော်ချွင်းထင်ကို ဖမ်းဆီးမိခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။

မြန်မာနိုင်ငံရှိ မူးယစ်ရာဇာများအပေါ် ယခုကဲ့သို့ ဘဏ္ဍာရေးထိန်းချုပ်မှုများပြုလုပ်ခြင်းသည် Kingpin Act ဥပဒေအရ နိုင်ငံတကာ မူးယစ်ရာဇာများ၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်းမှ တစိတ်တပိုင်းဖြစ်သည်။ OFAC က ၂၀၀၀ ပြည့်နှစ် ဇွန်မှစ၍ အဆိုပါ ဥပဒေအရ နိုင်ငံတကာရှိ မူးယစ်ရာဇာ (၇၅) ဦးနှင့် ဆက်စပ်နေသော စီးပွားရေးလုပ်ငန်းနှင့် လူပုဂ္ဂိုလ် (၄၀၀) ကျော်ကို ထိန်းချုပ်ခဲ့ပြီးဖြစ်သည်။

0 Comments:

blogger templates | Make Money Online