Monday, November 3, 2008

ဒေါ်အောင်ဆန်းစုကြည်ခြံထဲက အမှိုက်ကို စည်ပင်သာယာလာသိမ်း ရန်ကုန်မှာနိုင်ငံရေးကောလာဟလထွက်

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းထဲမှ အမှိုက်များကို နိုဝင်ဘာ (၁) ရက် နေ့လယ်ပိုင်း၌ စည်ပင်သာယာဝန်ထမ်းများ လာရောက်ရှင်းလင်းနေသဖြင့် နိုင်ငံရေးအရ တစုံတရာ အကြောင်းရှိမည်ထင်ပြီး ရန်ကုန်မြို့တွင် ဝေဖန်ခန့်မှန်းနေကြသည်။

မျက်မြင်သက်သေများ၏ ပြောဆိုချက်အရ နိုဝင်ဘာ (၁) ရက် နေ့လယ်ပိုင်း၌ ဒေါ်အောင်ဆန်းစုကြည်၏ ခြံတခါးပွင့်နေသည့်အပြင် စည်ပင်သာယာဝန်ထမ်းများ ခြံထဲမှထွက်လာသည်ဟု သိရသည်။

မျက်မြင်သက်သေတဦးက “ကျနော်တို့ တက္ကသိုလ်ထဲမှာ ဘွဲ့ နှင်းသဘင်အခမ်းအနားကိုတက်ဖို့ အဲဒီတက္ကသိုလ်ရိပ်သာလမ်းကနေ ဖြတ်သွားတာပါ။ အဲဒီမှာ မြင်ခဲ့ရတာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံတံခါးကပွင့်နေပြီး စည်ပင် အမှိုက်သိမ်းကားက ခြံရှေ့မှာ ရပ်ထားတယ်။ နောက်စည်ပင်ဝန်ထမ်းတွေက ခြံထဲကနေထွက်လာတာကို တွေ့ရတယ်” ဟု ပြောသည်။

ထိုမြင်ကွင်းကြောင့် ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းလာနိုင်သည့်အတွက် အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်အိမ်ခြံကို ဆေးသုတ် ရှင်းလင်းပေနေသလား စသဖြင့် ရန်ကုန်မြို့တွင် ခန့်မှန်းဝေဖန်ပြောဆိုနေကြသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကို ခေတ်ပြိုင်မှ ဆက်သွယ်မေးမြန်းရာ ဦးဥာဏ်ဝင်းက “(ဆေးသုတ် အမှိုက်ရှင်းတာ) ဟုတ်ပါတယ်။ ဒါပေမယ့် အဲဒါ စည်ပင်ကမဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် သူကိုယ်တိုင် အစီအစဉ်နဲ့ လုပ်တာပါ။ တံခါးဆေးသုတ်တာ ကိုယ့်အစီအစဉ်နဲ့ ကိုယ်သုတ်တာ။ ကျနော်သိတာကတော့ ခြံထဲကမြက်ပုံကြီးကို စည်ပင်က လာယူတာဖြစ်ပါလိမ့်မယ်။ ဒေါ်စုရဲ့ အစီအစဉ်နဲ့ မြက်တွေကိုရှင်းတယ်။ ခြံထဲမှာ ရှင်းလိုက်တော့ မြက်ပုံကြီးဖြစ်နေတာပေါ့။ အဲဒါကို စည်ပင်က လာယူတာဖြစ်ပါလိမ့်မယ်။ ကျနော် အဲဒီလိုပဲ နားလည်ထားပါတယ်” ဟု ပြောသည်။

ယခင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ခြံထဲမှ အမှိုက်များကို စည်ပင်သာယာမှ လာရောက် သိမ်းဖူးသည့် သာဓကရှိကြောင်း၊ သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ခြံကိုရှင်းလင်းရာ၌ အခြားသူများ လာရောက်လုပ်ကိုင်ခြင်းကို လက်ခံလေ့မရှိကြောင်းလည်း ဦးဥာဏ်ဝင်းက ပြောသည်။

အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့ လမ်းပိုင်းကို မကြာခင်က ပြန်လည်ဖွင့်ပေးလိုက်သော်လည်း ဒေါ်အောင်ဆန်းစုကြည်နေအိမ်ဘေးတချက်ရှိ ယာဉ်တား မောင်းတန်များကိုမူ ဖြုတ်သိမ်းခြင်းမရှိသေးကြောင်း မျက်မြင်သက်သေများက ပြောသည်။

0 Comments:

blogger templates | Make Money Online