Monday, November 10, 2008

တရားမ၀င် မြန်မာကလေးငယ်များ ထိုင်းကျောင်းနေခွင့်ရှိဟု ထိုင်းပညာရေး အရာရှိပြော

ထိုင်းနိုင်ငံအတွင်း တရားမဝင် နေထိုင်သည့် မြန်မာကလေးငယ်များအား ထိုင်းကျောင်းများတွင် ထိုင်းကလေးငယ်များနည်းတူ ပညာ သင်ကြားခွင့် ပေးထားသဖြင့် ပညာသင်ကြားကြရန် ထိုင်း ပညာရေးဝန်ကြီးဌာန အရာရှိတဦးက ယမန်နေ့က မဲဆောက်မြို့တွင် ပြောကြားသည်။

ယမန်နေ့က မဲဆောက်မြို့တွင် ရောက်ရှိနေသည့် ပုပ်ရဟန်းမင်းကြီး၏ ကိုယ်စားလှယ်အဖွဲ့ ထိုင်း မြန်မာနယ်စပ် မဲဆောက်ဒေသအတွင်းရှိ ရွှေ့ပြောင်း မြန်မာကလေးငယ်များ၏ စာသင်ကျောင်းအချို့ကို လာ ရောက်လေ့လာသည့် ခရီးစဉ်တွင် အဆိုပါအဖွဲ့နှင့် လိုက်ပါလာသည့် ထိုင်းပညာရေးဝန်ကြီးဌာန အခြေခံ ပညာဌာန ဒုတိယညွှန်ကြားရေးမှူး နိုင်စုံဖုံစယ်စီလီ က ပြောကြားခြင်းဖြစ်သည်။



၎င်းက “၂၀၀၅ခုနှစ်၊ ဇူလိုင်လ ၅ရက်နေ့က ထိုင်းအစိုးရက တရားဝင် ကြေညာထားပြီးဖြစ်တယ်။ တရားမ ဝင်ရောက်ရှိနေတဲ့ ကလေးငယ်တွေအားလုံး ထိုင်းကျောင်းတွေမှာ ပညာသင်ယူနိုင်တယ်။ ထိုင်းကလေးတွေ လိုပဲ အခွင့်ရေးတွေရမယ်။ ထိုင်းနိုင်ငံအတွင်း မှတ်ပုံတင် သန်းကောင်းစာရင်းမရှိတဲ့ ဘယ်ကလေးတွေပဲဖြစ် ဖြစ် ပညာသင်ကြားခွင့်ရှိတယ်။ အာဏာပိုင်တွေ ဘက်ကလည်း ယာယီနေထိုင်ခွင့် ကဒ်ပြားတွေ ထုတ်ပေး တယ်။ အဆင့်မြင့် ပညာရပ်တွေကို ဘွဲ့ရတဲ့အထိ သင်ကြားခွင့်ရမယ်။ ဒီအခြေအနေတွေကို သိစေချင်တယ်။ ဒီကိစ္စကို သေသေချာချာသိတဲ့လူတွေနည်းတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ နီးစပ်ရာ ထိုင်းအစိုးရကျောင်း တွေမှာ ပညာသင်ယူဖို့ တိုက်တွန်းပါတယ်”ဟု ပြောကြားသည်။

ထိုင်းနိုင်ငံတွင်းရှိ တရားမ၀င် ရွှေ့ပြောင်းကလေးများ ထိုင်း ၁၂ တန်းထိ ထိုင်းကျောင်းနေခွင့်ရှိသည့်ကိစ္စကို ၂၀၀၄ ခုနှစ် ဇူလိုင်လတွင် ထိုင်းအစိုးရအဖွဲ့မှ အတည်ပြုခဲ့သည်။ ၂၀၀၃ ခုနှစ်စာရင်းအရ ထိုင်းကျောင်းများ၌ စာရင်းသွင်းထားသည့် တရားမ၀င် မြန်မာရွှေ့ပြောင်းကလေးပေါင်း ထိုင်းနိုင်ငံ ပြည်နယ် ၁၁ ခုတွင် ၉၂၇၀ ရှိပြီး တပ်ပြည်နယ်၌ ၁၆၆၁ ရှိသည်ဟု ကမ္ဘာ့ဘဏ်အစီရင်ခံစာ၌ ဖော်ပြထားသည်။ ထိုင်းပညာရေးဝန်ကြီးဌာနမှ မူအရ မြန်မာရွှေ့ပြောင်းကလေးများ ထိုင်းကျောင်းတက်ခွင့်ပေးထားသော်လည်း လက်တွေ့မှာ အခက်အခဲရှိကြောင်း မဲဆောက်အခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပညာရေးကော်မတီ BMWECအဖွဲ့၏ ဥက္ကဌ ဆရာမနော်ဖောရေ က ပြောသည်။

“ထိုင်းပညာရေး ဝန်ကြီးဌာနက ချမှတ်ထားတဲ့ မူဝါဒက စာ အုပ်ကြီးအတိုင်းပဲ ရှိနေတယ်။ ချမှတ်ထားတဲ့ မူဝါဒက မှန်ပေမယ့် လက်တွေ့မှာတော့ ရွှေ့ပြောင်းမြန်မာက လေးငယ်တွေရဲ့ ထိုင်းကျောင်းတွေမှာ ပညာသင်ကြားရမယ့် အနေအထားတွေဟာ အတော့ကို အခက်အခဲ ရှိ ပါတယ်။ ထိုင်းကျောင်းတက်ဖို့ မွေးစာရင်းရှိရမယ်။ ကျောင်းတက်တာကအစ ကိုယ့်ဟာကို အကုန်အကျခံရ တယ်။ လက်တွေ့မှာ ထိုင်းကလေးတွေကအစ ပေးနေရတာပဲ။ ကျမတို့ ဆာသူးလေ အထက်တန်းကျောင်းက နေ ကျောင်းသားရှစ်ယောက်ကို ထိုင်းကျောင်းကို ပို့ထားတာရှိတယ်။ အထက်တန်းကျောင်းသားတယောက် အနေနဲ့ ကျောင်းဝတ်စုံ၊ စားစရိတ်နဲ့ အခြားလိုအပ်ချက်တွေ အကုန်ပေးရတယ်။ ကျောင်းသားတယောက်ကို တလကို အနည်းဆုံး ဘတ်(၂၀၀၀)လောက် ကုန်တယ်။ တခါတလေ ကျောင်းကလေ့လာရေးခရီးသွားရင် တ ခေါက်ကို ဘတ်(၅)ထောင်လောက် ကုန်တယ်။ မူလတန်းကျောင်းသားကျတော့ သူလည်း တလကို တစ် ထောင်နီးပါး ကုန်တာပဲ။ ဒါကြောင့် ကလေးတွေကို ထိုင်းကျောင်း မပို့နိုင်ကြတာဖြစ်တယ်။ လက်ရှိထိုင်း ကျောင်းတွေမှာ သားသမီးတွေကို ပို့နိုင်တဲ့လူတွေဟာ မိဘတွေ လုပ်ငန်းကိုင်ငန်း အခြေအနေကောင်းပြီး ငွေရေး ကြေးရေး ပြေလည်တဲ့ လူတွေလောက်ပဲ သားသမီးတွေကို ဘွဲ့ရတဲ့အထိ ကျောင်းထားပေးနိုင်တယ်။ ဒါက အနည်းစုပါ။ အများစုက မိဘတွေက လုပ်ငန်းအတည်တကျမရှိပဲ ကောက်စိုက်၊ ပျိုးနုတ်၊ ပဲစိုက် နေ့စားလိုက်ပြီး တနေ့ (၈၀-၁၀၀)လောက်ပဲ ရကြတာ ထိုင်းကျောင်းထားဖို့ ဘယ်လိုမှ အခြေအနေမပေးဘူး။ အခြေနေမှန်က ဒီလိုရှိတာကို အားလုံးကို သိစေချင်ပါတယ်”ဟု ခေတ်ပြိုင်သို့ ပြောသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပညာရေးကော်မတီနှင့် တာ့ခ်ခရိုင် ပညာရေးဌာန၏ မှတ်တမ်းများအရ ဒေသတွင်းရှိ ထိုင်းကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသည့် ရွှေ့ပြောင်းမြန်မာကလေးငယ် (၁) ထောင်ခန့်ရှိသည်ဟု သိရှိရသည်။

ရွှေ့ပြောင်းမြန်မာ အလုပ်သမတဦးဖြစ်သူ မရီရီက “ထိုင်းကျောင်းမှာ ထားဖို့ဆိုတာကတော့ ကျမတို့လို အ လုပ်အကိုင် အတည်တကျမရှိတဲ့လူတွေအတွက် ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စပါ။ ကိုယ့်ကလေးတွေကိုလည်း သေစာရှင်စာလေး တခုခုတော့ တတ်စေချင်တယ်။ အဲ့ဒါကြောင့် ဒီရွှေ့ပြောင်းအလုပ်သမားကျောင်းတွေကိုပဲ အားကိုးနေရတာပါ။ ဒီကျောင်းတွေမှ မရှိရင် ကျမတို့ကလေးတွေ ဘာစာမှသင်ရမှာမဟုတ်ဘူး”ဟု ခေတ်ပြိုင် သို့ ပြောသည်။

မဲဆောက်မြို့ရှိ All Saint မြန်မာ ရွှေ့ပြောင်းကျောင်းတွင် ပညာသင်ကြားနေသည့် ပဉ္စမတန်းကျောင်းသား မောင်နိုင်ဦးက “သားတို့မောင်နှမ လေးယောက်လုံး ဒီကျောင်းမှာပဲနေတယ်။ သားအဖေက ပန်းရံလုပ်တယ်။ အမေက ပန်းရောင်းတယ်။ ဒီရွှေ့ပြောင်းကျောင်းမှာ ဆယ်တန်းအောင်တဲ့အထိ နေပြီးလို့ရှိရင် အခြားကျောင်း ဆက်မတတ်တော့ဘူး။ ဒီကျောင်းမှာပဲ သား ကျောင်းဆရာ ပြန်လုပ်မယ်။ သားတို့လို ဘဝတူက လေးတွေကို စာပြန်သင်ပေးမယ်”ဟု ပြောသည်။

အီတလီမှ လာရောက်သည့် ပုပ်ရဟန်းမင်းကြီး၏ ကိုယ်စားလှယ်နှင့်အဖွဲ့ကို ရွှေ့ပြောင်းမြန်မာကလေးငယ် များက မြန်မာ့ရိုးရာ အဆို၊ အကများဖြင့် ယမန်နေ့က All Saint ကျောင်းတွင် ကြိုဆိုဖျော်ဖြေခဲ့ကြသည်။ ဖျော်ဖြေပွဲအပြီးတွင် ပုပ်ရဟန်းမင်းကြီး၏ ကိုယ်စားလှယ် ကာဒီနယ် မာလ်တီးနိုက “ဗာတီကန်ကောင်စီက နိုင်ငံမဲ့နဲ့ ဒုက္ခသည်တွေရဲ့ အရေးကို ဆောင်ရွက်နေသူ တဦးဖြစ်တဲ့အတွက် ကက်သလစ်အသင်းတော်အနေ နဲ့ ဘယ်လောက်အကူအညီ ပေးနေသလဲဆိုတာကို လာရောက်ကြည့်ရှုလေ့လာတာ ဖြစ်တယ်။ ထိုင်းအစိုးရ ကလည်း ဒီအပေါ်မှာ အကူအညီပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်”ဟု ဒေသခံသတင်းထောက်များ အား ပြောကြားသည်။

ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင်ရှိ မဲဆောက်၊ မယ်လမတ်၊ ဖို့ဖတ် သုံးမြို့နယ်တွင် ရွှေ့ပြောင်းမြန်မာအလုပ်သ မားကျောင်း (၅၈)ကျောင်းရှိပြီး ၂၀၀၈-၀၉ပညာသင်နှစ်အတွင်း ဒေသအတွင်းရောက် မြန်မာကလေးငယ် (၁)သောင်းခန့် ပညာသင်ကြားလျက်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားခွင့်မရရှိသူ ကလေး ငယ်များ ဒေသတွင်း (၂)သောင်းခန့်ရှိသည်ဟု BMWEC၏ စစ်တမ်းများအရ သိရှိရသည်။


0 Comments:

blogger templates | Make Money Online