Tuesday, November 11, 2008

ဘေလာ့ဂ္ဂါ နေဘုန်းလတ် နှစ် ၂၀ ထောင်ဒဏ် ချခံရ

ဘလော့ဂ်ဂါ လူငယ်တဦးဖြစ်သူ ကိုနေဘုန်းလတ်အား ရန်ကုန် အင်းစိန် အကျဉ်းထောင်အတွင်း တရားရုံးက ယနေ့တွင် ထောင်ဒဏ် နှစ် ၂၀ ကျော် ပြစ်ဒဏ် ချမှတ်လိုက်သည်။

ကိုနေဘုန်းလတ်အား ယခုနှစ် ဇန်န၀ါရီလ ၂၉ ရက်နေ့တွင် ဖမ်းဆီးပြီးနောက် ရန်ကုန် အင်းစိန်ထောင်တွင် ချုပ်နှောင်ထားကာ ၉ လကျော်အကြာ ယနေ့တွင် နိုင်ငံတော် လုံခြုံရေးကို ထိခိုက်ပျက်ပြားစေရန် လှုံ့ဆော်မှု - ပုဒ်မ ၅၀၅ (ခ) အပါအ၀င် ပုဒ်မ ၃ ခုဖြင့် အင်းစိန်ထောင်တွင်း တရားရုံးက စီရင်ချက် ချလိုက်ခြင်း ဖြစ်သည်။

"ဒီနေ့ စီရင်ချက် ချတာပေါ့နော် ၅၀၅ (ခ) က ၂ နှစ် ၊ ဗီဒီယို အက်ဥပဒေ ပုဒ်မ ၃၂ (ခ) ၊ ၃၆ က ၃ နှစ်နဲ့ ၆ လ ၊ အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မ ၃၃ (က)၊ ၃၈ ပုဒ်မက ၁၅ နှစ် စီရင်ချက်ချလိုက်တယ်" ဟု ကိုနေဘုန်းလတ်၏ မိခင် ဒေါ်အေးအေးသန်းက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး ''မနေ့တုန်းက သားကို မှာထားလိုက်တယ်လေ။ 'တရားသူကြီးနဲ့ မှာလိုက်ပါ။ အမေတို့ အပြင်မှာ ရှိတယ်။ တရားသူကြီးကို ကျနော် ဘယ်လောက်ကျတယ် ဆိုတာ ပြောပေးပါလို့' ။ ကျမ မနေ့ကတည်းက မှာခဲ့တော့၊ ဒီနေ့ တရားသူကြီး ထွက်လာတော့ မေးလိုက်တာပေါ့နော်။ ကားကိုတားပြီး မေးလိုက်တာပေါ့နော်။ အာဏာပိုင်တွေဘက်က တရားသူကြီး ရှေ့နေ အမျိုးသမီး ပြောပြချက်အရ သိရတာပါ'' ဟု ပြောသည်။

ဗဟိုတရားရုံးချုပ်ရှေ့နေ ဦးအောင်သိန်းက ကိုနေဘုန်းလတ်အမှုအား လိုက်လံ ဆောင်ရွက်ခဲ့သော်လည်း သူ့ကို တရားရုံးအား မထီမဲ့မြင်ပြုမှု - ပုဒ်မ ၃ ဖြင့် စွဲချက်တင်ကာ ယခုလ ၇ ရက်နေ့က ထောင်ဒဏ် ၄ လ မျက်ကွယ်စီရင်ချက် ချပြီးနောက် ၃ ရက်အကြာတွင် ကိုနေဘုန်းလတ်အား ယခုလို ထောင်ဒဏ်ချခြင်းလည်း ဖြစ်သည်။

ကိုနေဘုန်းလတ်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင် လူငယ်တဦးဖြစ်ကာ ပန်းပဲတန်းမြို့နယ်တွင် the Explorer ၊ သင်္ကန်းကျွန်းမြို့နယ်တွင် Heaven နှင့် အခြား နေရာတခုတွင် အင်တာနက်ဆိုင်များ ဖွင့်လှစ်ထားကာ မြန်မာလူငယ်များကြားတွင် ရေပန်းစားသည့် နာမည်ကြီး ဘလော့ဂ်ဂါတဦး ဖြစ်သည်။

သားဖြစ်သူအား မည်သည့် အငြိုးအတေးများဖြင့် အာဏာပိုင်များက ပြစ်ဒဏ်ချမှတ်သည်ကို မိခင်တဦးအနေနှင့် စဉ်းစား၍ မရနိုင်ကြောင်း ဒေါ်အေးအေးသန်းက ပြောသည်။

သူက "ရှင်းရှင်းပြောတာ၊ မြန်မာနိုင်ငံမှာဆို ဘလော့ဂ်ဂါဆိုရင် သူ အရင်ဦးဆုံး အဖမ်းခံရတာ။ သူတယောက်တည်းပဲ ရှိတယ်လေ။ အဲဒီတော့ သူတို့ (အာဏာပိုင်) စိတ်ထဲမှာ ဒါကို ကြီးကြီးကျယ်ကျယ် တွေးပြီးတော့ ချလိုက်တာလဲတော့ ကျမလည်း စဉ်းစားလို့ မရဘူး" ဟု ပြောသည်။

အလားတူပင် ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ရန်ကုန်ရှိ အချစ်ဂျာနယ်တွင် ကဗျာစာကြောင်း ထိပ်စီးစကားလုံးများဖြင့် "အာဏာရူးကြီး မှူးကြီးသန်းရွှေ" ဟု အဓိပ္ပာယ်ထွက်သော "ဖေဖော်ဝါရီဆယ့်လေး" ကဗျာ ရေးသားခဲ့သောကြောင့် ဖမ်းဆီးခံရသူ ကဗျာဆရာစောဝေလည်း ယနေ့တွင် အင်းစိန် ထောင်တွင်း တရားရုံးက နိုင်ငံတော် လုံခြုံရေးကို ထိခိုက်ပျက်ပြားစေရန် လှုံ့ဆော်မှုဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်သည်။

ဆရာ စောဝေ၏ ဇနီးက "သူ့မှာ ကျန်းမာရေး မကောင်းတော့ ကျမက အဲဒါတခုပါပဲ၊ စိတ်ညစ်တာ။ အပြင်မှာ ဆေးကုချင်တယ်။ သူ့ရဲ့ ခါးကိုက်တာ၊ ခါးနာတာတွေဆိုတာက ဓာတ်မှန်တွေဘာတွေ ရိုက်ကြည့်လို့ ရတာမှ မဟုတ်တာ။ အဲဒါ အပြင်မှာ ကုချင်တာ။ အထဲမှာ ရောက်နေတာ ဘာမှ လုပ်လို့မရဘူးပေါ့။ အမြဲတမ်း တဘက်ကြီးနဲ့။ ဒီမနက် ရုံးထုတ်တာဆိုလို့ရှိရင် ကြာကြာထိုင်လို့ မရဘူး။ ခါးနာလို့ ခဏခဏ မတ်တပ်ရပ်ပြီး စကားပြောနေရတယ်'' ဟု ပြောသည်။

အမှုအား လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဦးစိုးမောင်က ''ချလိုက်တဲ့ အမိန့်အပေါ်မှာ အဆင့်ဆင့် တက်သွားမှာပေါ့။ အယူခံတက်မယ်။ နောက် ပြင်ဆင်မှု။ ဒီဟာနဲ့ပတ်သက်လို့ တရားစီရင်ရေး လမ်းကြောင်းအရ အခွင့်အရေးရသမျှ အဆုံးထိ ဆောင်ရွက်သွားမယ်လို့ ရည်ရွယ်ထားပါတယ်။ သူ ညွှန်ကြားထားတဲ့အတွက် ပြင်ဆင်နေတယ်'' ဟု ပြောသည်။

0 Comments:

blogger templates | Make Money Online