Friday, October 31, 2008

ဒေါ်စု လွတ်လာမည်အထင်ဖြင့် ပါတီလူငယ်များ ရုံးချုပ်ကို သွားကြ

အထိန်းသိမ်းခံ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမည် အထင်ဖြင့် NLD လူငယ် ၃၀ နီးပါးက ယနေ့တွင် ရန်ကုန်ရှိ NLD ဗဟိုရုံးချုပ်သို့ သွားရောက်ခဲ့ကြသည်။

ယခုရက်ပိုင်းအတွင်း ပြန်လည် လွတ်မြောက်လာနိုင်သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် - NLD ပါတီဝင်များအကြား အပြန်အလှန် တယ်လီဖုန်း သတင်းစကားများ ပေါ်ထွက်လာပြီးနောက် ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ ပါတီရုံးချုပ်သို့ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့မှ ပါတီဝင်လူငယ်များသည် ယခုလို သွားရောက်ခဲ့ကြခြင်း ဖြစ်သည်။

"ရန်ကုန်တိုင်းအတွင်း မြို့နယ်တွေဆီက ပါတီအဖွဲ့ဝင် လူငယ် ၃၀ နီးပါး ရုံးကို လာမေးကြတယ်။ ရုံးက ပြောလိုက်တာကတော့ အဲဒီကိစ္စက မဟုတ်ပါဘူးလို့ တာဝန်ရှိသူတွေက ပြန်ဖြေခဲ့တယ်" ဟု ယနေ့တွင် ရုံးချုပ်သို့ ကိုယ်တိုင်သွားရောက်ခဲ့သူ တောင်ဒဂုံမြို့နယ်မှ NLD ရပ်ကျေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။

အဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကလည်း "ကျနော်တို့ ဘာမှ မကြားသေးပါဘူး။ ပါတီဝင်တွေက မေးမြန်းတာတွေ ရှိပါတယ်" ဟု ပြောသည်။

သို့သော်လည်း သူက တစုံတရာ မှတ်ချက်ပေးခြင်း မရှိပါ။

ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ကျခံနေရသည့် ကမာရွတ်မြို့နယ် တက္ကသိုလ်လမ်း နေအိမ်ရှေ့တွင် သံဆူးကြိုးများကို အာဏာပိုင်များက ပြီးခဲ့သည့် တနင်္ဂနွေနေ့မှ စတင်ကာ ဖယ်ရှားခဲ့သည်။

အတားအဆီးများ ဖယ်ရှားပြီး နောက်ရက် တနင်္လာနေ့မှ စတင်ကာ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာတော့မည် ဟူသော ကောလာဟလများမှာ ပါတီ ၀င်လူငယ်များ အကြားတွင် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

''လွတ်မယ်ဆိုတာက တနင်္လာနေ့ကတည်းက ထွက်နေတာဗျ။ ဘယ်ကနေ ဘယ်လို စတယ်တော့ မပြောနိုင်ဘူး။ ဒီနေ့ကျတော့ ဒီနေ့ပဲ လွတ်တော့မလိုလို ဖုန်းတွေ ပြောနေရင်းကနေ သွားလာကြတယ် ထင်တာပဲ'' ဟု တောင်ဒဂုံမြို့နယ်မှ NLD ရပ်ကျေးတာဝန်ခံက ပြောသည်။

0 Comments:

blogger templates | Make Money Online