Wednesday, October 29, 2008

ထိုင်းဘဏ်များရှိ စုဆောင်းငွေအားလုံး ၂၀၁၁ ခုထိ ခိုင်မာနေကြောင်း ထိုင်းအစိုးရ အာမခံ

ကမ္ဘာတ၀ှမ်း ကြုံတွေ့နေရသည့် ငွေကြေးစီးပွားကပ်ကြီးကို ကာကွယ်သည့်အနေဖြင့် ထိုင်းဘဏ်များမှာထားရှိသည့် စုဆောင်းငွေကို ၂၀၁၁ ခုနှစ်ထိ ရာနှုန်းပြည့် သက်တမ်းတိုးပြီး အာမခံပေးရန် ထိုင်းအစိုးရ၀န်ကြီးအဖွဲ့ ယမန်နေ့က အတည်ပြုလိုက်ပြီ ဖြစ်သည်။

ထိုင်းဘဏ်များရှိ စုဆောင်းငွေကို စိုးရိမ်ပြီး အမြောက်အများတပြိုင်ထည်း ပြန်ထုတ်ကြမှာ တားဆီးသည့်သဘောဖြင့် ထိုင်းဘဏ်များရှိ စုဆောင်းငွေကို ၂၀၁၁ ခုနှစ်ထိ ထိုင်းအစိုးရက၀င်ပြီး အာမခံပေးလိုက်ခြင်းဖြစ်သည်။

၂၀၀၈ ခု သြဂုတ်လမှစတင်ခဲ့သည့် ထိုင်းဘဏ်များရှိ စုဆောင်းငွေကို အစိုးရက အာမခံပေးရေး စီမံကိန်းသည် မူလက ၂၀၀၉ တွင် သက်တမ်းကုန်ဖို့ လျာထားခဲ့ရာမှ ၂၀၁၁ ခု သြဂုတ်လ ၁၀ ရက်ထိ ထိုင်းအစိုးရက သက်တမ်းတိုးပေးခဲ့ခြင်း ဖြစ်သည်။ ထိုင်းဘဏ်များရှိ စုဆောင်းငွေကို ထိုင်းအစိုးရက၀င်ပြီး အာမခံပေးသော်လည်း အများအပြား အရှုံးပေါ်နေသည့် ထိုင်းစတော့ဈေးကွက်ကိုမူ အာမခံဖို့ အစီအစဉ်မရှိသေးဟု ထိုင်း ဘဏ္ဍာရေးဝန်ကြီး ဆူချတ်က ပြောသည်။

ကမ္ဘာတ၀ှမ်း ကြုံတွေ့နေရသည့် ငွေကြေးစီးပွားကပ်ကြီးကြောင့် လောလောဆယ် ထိုင်းဘဏ်များ ငွေကြေးပြဿနာကြုံတွေ့ရခြင်း မရှိသေးသော်လည်း လာမည့် ၂ နှစ်မှ ၃ နှစ်အတွင်း ထိုင်းဘဏ်များအပေါ် ငွေကြေးစီးပွားကပ်၏ ဂယက်ရိုက်ခတ်မှုများ ရှိလာနိုင်သည်ဟု ဆူချတ်က ပြောသည်။

0 Comments:

blogger templates | Make Money Online