Wednesday, October 29, 2008

လွယ်ဟိန်းကုမ္ပဏီ စက်မှု(၁)၀န်ကြီးဌာနကို ကျပ်သန်း ၆၀၀၀ ကျော် မပေးနိုင် မြန်မာ့စားသောက်ကုန်လုပ်ငန်းပိုင်စက်ရုံများဝယ်သူမရှိ

စက်မှု (၁) ၀န်ကြီးဌာနနှင့် နှစ်ပေါင်းများစွာ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သူ လွယ်ဟိန်းကုမ္ပဏီပိုင်ရှင် စိုင်းစံထွန်းနှင့် စက်မှု (၁) ၀န်ကြီးဌာန မြန်မာ့စားသောက်ကုန်လုပ်ငန်းတို့ စာရင်းရှင်းကြရာ စိုင်းစံထွန်းဘက်မှ ပေးရန်ရှိငွေ ကျပ်သန်းပေါင်း ၆၀၀၀ ကျော် မပေးနိုင်ဖြစ်နေသည်ဟု စက်မှု (၁) ၀န်ကြီးရုံး သတင်းရပ်ကွက်က ပြောသည်။

သို့သော် စိုင်းစံထွန်းပိုင် Great Myanmar အချိုရည်စက်ရုံ၏ ရှယ်ယာအတော်များများမှာ စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းနှင့် ပတ်သက်နေသည့်အတွက် စိုင်းစံထွန်း ကျပ်သန်းပေါင်း ၆၀၀၀ ကျော် ပြန်မဆပ်လျင် စက်မှု (၁) ၀န်ကြီးဌာနမှ မည်သို့ အရေးယူမည်ကို ရန်ကုန်စီးပွားရေးလောကမှ စိတ်ဝင်တစား ဖြစ်နေကြသည်ဟု အရာရှိတဦးက ပြောသည်။

စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် နေပြည်တော်ဝန်ကြီးဌာနများကို အောက်တိုဘာ ၃၁ ရက်နောက်ဆုံးထားပြီး စာရင်းစစ်ပေးဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အမိန့်ပေးပြီး နောက်ပိုင်း စက်မှု (၁) ၀န်ကြီးဌာနကို စာရင်းပိတ်ရာမှ ယခုကဲ့သို့ ပုဂ္ဂလိက အပိုင်းမှ စာရင်းမရှင်းနိုင်သည့် အမှုများ ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်သည်။

ထိုအတောအတွင်း ရန်ကုန်မြို့မှာ အများဆုံးရှိပြီး မြန်မာ့စားသောက်ကုန်လုပ်ငန်း အောက်ရှိ အရှုံးပေါ်နေသည့် စက်ရုံအလုပ်ရုံများကို ပုဂ္ဂလိပိုင်လုပ်ဖို့ အကျိုးတူလုပ်ဖို့ကြေငြာထားရာ စက်ရုံများကို ၀ယ်မည့်သူ တဦးမျှမရှိဘဲ မြေ၀ယ်ချင်သူတွေသာ များနေသည်ဟု လုပ်ငန်းရှင်များက ပြောသည်။

၂၀၀၆ ခု ဒီဇင်ဘာလကုန်တွင် စက်မှု (၁) ၀န်ကြီးဌာနလက်အောက်ခံ စက်ရုံအားလုံးမှ ရောင်းမထွက်သည့် ကုန်ချောလက်ကျန်တန်ဘိုးမှာ ကျပ်ငွေသန်းပေါင်း ၉၀၀၀ ကျော်ရှိသည့်အတွက် ၂၀၀၅ ခုနှစ်ကုန်ချောလက်ကျန်တန်ဘိုးထက် ၁၂၅ ရာနှုန်း ပိုရှုံးခဲ့သည်။

“ စက်မှု (၁) ၀န်ကြီးဌာန မြန်မာ့စားသောက်ကုန် လုပ်ငန်းအောက်မှာ ပင်မစက်ရုံ(၂၂)ရုံနဲ့ စက်ရုံခွဲပေါင်း (၂၅)ရုံ၊ စုစုပေါင်း(၄၇)ရုံရှိတယ် ဒီရောင်းမဲ့ စက်ရုံအများစုကိုကြည့်ရင် စက်ပစ္စည်းတွေက ချို့ယွင်းနေတယ်၊ ထုတ်လုပ်တဲ့ စားကုန်ပစ္စည်းကလဲ ထိုင်းတို့ တရုတ်တို့က ကလာတဲ့ စားကုန်တွေနဲ့ မယှဉ်နိုင်အောင် အရည်အသွေးညံ့တယ် ဈေးကွက်လဲမရှိဆိုတော့ ဘယ်သူမှ မလိုချင်ဘူးပေါ့။ စက်မှု (၁) သကြားလုံးစက်ရုံဆိုလဲ ရှုံးနေတယ်၊ စက်မှု (၁) က ချောကလက်ကို ထုတ်တာ ထန်းလျက်နဲ့ ထုတ်ရမယ်လို့ ၀န်ကြီးက အမိန့်ပေးထားတော့ ဘယ်လိုလုပ်ပီး တရုတ် ထိုင်းကလာတဲ့ ချောကလက်တွေနဲ့ ယှဉ်လို့ရတော့မလဲ ဘယ်သူမှ မစားတော့ဘူး” ဟု စက်ရုံမှူးတဦးက ပြောသည်။

စက်မှု ၁ ထုတ် သကြားလုံး ဧရာမ ကြော်ငြာဆိုင်းဘုတ်ကြီးများကို ၀န်ကြီးဦးအောင်သောင်း၏ မြေးပုံတူများဖြင့် တချိန်က ကြော်ငြာခဲ့သည့်အတွက် ၀န်ထမ်းများ မကျေမနပ်ဖြစ်ခဲ့သည်။

0 Comments:

blogger templates | Make Money Online