Friday, October 24, 2008

ဒေါ်ဝင်းမြမြတို့ ပါတီ တိုင်းစည်းများ ထောင်ဒဏ်ချခံရ

မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ဝင်းမြမြအား မန္တလေး အိုးဘိုထောင်တွင်း တရားရုံးက ယနေ့တွင် ထောင်ဒဏ် ၁၂ နှစ် ပြစ်ဒဏ် ချမှတ်လိုက်သည်။

၂ဝဝ၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပွားစဉ် ဖမ်းဆီးခံခဲ့ရပြီး မန္တလေး အိုးဘိုထောင်တွင် ဖမ်းဆီးခံထားရသူ မန္တလေးတိုင်း အန်အယ်ဒီ စည်းရုံးရေးအဖွဲ့ဝင်နှင့် အမျိုးသမီးခေါင်းဆောင် ဒေါ်ဝင်းမြမြနှင့် အခြား တိုင်းစည်းဝင် ၅ ဦးအား အိုးဘိုထောင်တွင်း တရားရုံးက ယနေ့နံနက် ၁၁ နာရီခွဲခန့်တွင် ထောင်ဒဏ်များ ချမှတ်လိုက်ခြင်း ဖြစ်သည်။

"ဒီကနေ့ ၁၈ ကြိမ်မြောက်မှာ ပြစ်ဒဏ်ချတဲ့အခါ အရင်စစ်နေတဲ့ ဓမ္မာရုံမှာ ပြစ်ဒဏ်မချဘဲနဲ့ ထောင် သင်တန်းကျောင်းထဲက ဓမ္မာရုံထဲမှာ၊ ခပ်လှမ်းလှမ်းဝင်ရတာပေါ့၊ တော်တော်လေး သွားရပါသေးတယ်၊ အဲဒီ ဓမ္မာရုံမှာ ပြောင်းပြီးတော့ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားပြီးတော့မှ ပြစ်ဒဏ်ချပါတယ်" ဟု ဗဟိုတရားရုံးရှေ့နေ ဦးမြင့်သွင်က ပြောသည်။

အခြား တိုင်းစည်းဝင် ၅ ဦးဖြစ်သည့် မန္တလေးတိုင်း ဒု-ဥက္ကဋ္ဌ ဦးသန်းလွင်အား ထောင်ဒဏ် ၈ နှစ်၊ ဦးကံထွန်း (တိုင်း အတွင်းရေးမှူး)အား ၁၂ နှစ်၊ ကိုတင်ကိုကို (မိတ္ထီလာမြို့နယ်စည်း အဖွဲ့ဝင်) အား ၂ နှစ်၊ ကိုမင်းသူ (မိုးကုတ်)အား ၁၃ နှစ်နှင့် ကိုဝင်းရွှေ (ကျောက်ပန်းတောင်း) အား ၁၁ နှစ် ပြစ်ဒဏ်များ ချလိုက်သေးသည်။

သူတို့အား သာသနာတော် ညိုးနွမ်းစေမှု ပုဒ်မ ၂၉၅ နှင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု ပျက်ပြားစေမှု ပုဒ်မ ၅ဝ၅ (ခ) ၊ ကိုမင်းသူနှင့် ကိုဝင်းရွှေတို့အား ဥပဒေနှင့် မညီညွတ်သဖြင့် လူစုခွဲရာ၌ မလိုက်နာမှုတို့ဖြင့် တရားစွဲဆိုခဲ့သည်။

ဒေါ်ဝင်းမြမြသည် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့က ပါတီအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုဥက္ကဌ ဦးတင်ဦး ဦးဆောင်သည့် မြန်မာပြည်အထက်ပိုင်း စည်းရုံးရေးခရီးဆင်းစဉ် စစ်ကိုင်းတိုင်း ဒီပဲယင်းအရပ်၌ အစိုးရ ကျောထောက်နောက်ခံပြု လူစုလူဝေးကြီးက အကြမ်းဖက် တိုက်ခိုက်ရာ ကိုယ်ခန္ဓာအနှံ့ ဒဏ်ရာများ ရရှိခဲ့သည်။

သူသည် ပြည်ပမီဒီယာများ၏ ဆက်သွယ်မေးမြန်းချက်များကို ပွင့်လင်းရဲတင်းစွာ ဖြေဆိုခဲ့သူလည်း ဖြစ်သည်။

0 Comments:

blogger templates | Make Money Online